ရခိုင်စစ်ပွဲပြင်းထန်နေပြီး နေ့စားအလုပ်သမားများ စားဝတ်နေရေးအခက်ကြုံ

“လမ်းပိတ်ထားတော့ ကားတွေလည်း မရောက်တော့ဘူး။ ကုန်ထမ်းအလုပ်သမားတွေက အဲဒီအလုပ်ကို မှီခိုပြီး စားသောက်နေကြတာဆိုတော့ အဆင်မပြေဖြစ်ပြီပေါ့” ဟု တောင်ကုတ်မြို့နယ်၊ မှိုဟင်းတောကျေးရွာမှ ကုန်ထမ်းသမားတစ်ဦးက ပြောသည်။ 

By Admin 22 Nov 2023

မြေပုံမြို့ဆိပ်ကမ်းက ကုန်တင်ကုန်ချအလုပ်သမားများကို ၂၀၂၁ ခုနှစ်က တွေ့ရစဉ်။
မြေပုံမြို့ဆိပ်ကမ်းက ကုန်တင်ကုန်ချအလုပ်သမားများကို ၂၀၂၁ ခုနှစ်က တွေ့ရစဉ်။

DMG ၊ နိုဝင်ဘာ ၂၂

ရခိုင်ပြည်တွင် ယခုလ ၁၃ ရက်မှစပြီး တဖြည်းဖြည်းပြင်းထန်လာသော တိုက်ပွဲများကြောင့် စီးပွားရေးလုပ်ငန်းများ၊ လုပ်ငန်းခွင်များ ရပ်တန့်နေ၍ နေ့စားအလုပ်သမားများမှာ စားဝတ်နေရေးအကျပ်အတည်း ဖြစ်နေကြသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့သည် ရခိုင်မြောက်ပိုင်းရှိ မြို့နယ်များတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများမှာ အလုပ်အကိုင်များကို စွန့်ခွာထွက်ပြေးနေရသည်။ 

ထို့ကြောင့် လမ်းတံတား၊ အဆောက်အအုံများ ဆောက်လုပ်ခြင်းကို ရပ်နားထားရသဖြင့် နေ့စားအလုပ်သမားများမှာ စားဝတ်နေရေးအတွက် အဆင်မပြေဖြစ်နေကြသည်။ 

စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ပန်းရံအလုပ်သမားတစ်ဦးက  “ခေတ်မကောင်းတော့ အလုပ်လည်း မလုပ်ရတော့ဘူး။ ကျနော်တို့က သူများက အငှားလိုလို့ခေါ်မှ သွားလုပ်ရတာလေ။ ဒီလိုသာ ရေရှည်ဖြစ်လာရင် လက်လုပ်လက်စား သမားတွေ အဆင်မပြေဘူး။ “ငါ့ဝမ်းပူဆာ မနေသာ” ဆိုသလို ခိုးဆိုးလုယက်လာကြမှာကိုလည်း စိုးရိမ်ရတယ်” ဟု ပြောသည်။ 

လက်ရှိတွင် အခြေခံလက်လုပ်လက်စားများမှာ ၎င်းတို့ ချွေတာစုဆောင်းထားသည့် ရွှေတိုရွှေများကို ပေါင်နှံရောင်းချကာ ဝမ်းရေးဖြေရှင်းနေကြရသည်။ 

ယခင်က ပန်းရံ၊ ကုန်ထမ်း စသည့် နေ့စားလုပ်သားများ၏ တစ်နေ့တာဝင်ငွေမှာ ကျပ် ၁၅,၀၀၀ ခန့်ရှိပြီး ယခုအခါ ဝင်ငွေမရှိသည့်အတွက် ငတ်ပြတ်မည့်အခြေအနေဖြင့် ကြုံနေရကြောင်း ပြောကြသည်။ 

တိုက်ပွဲဖြစ်သည်နှင့်တပြိုင်နက် စစ်ကောင်စီက ရခိုင်ဒေသကို ကုန်းလမ်း၊ ရေလမ်း ဖြတ်တောက်လိုက်ခြင်းကြောင့် အခြေခံလူတန်းစားများအတွက် ပိုပြီးကျပ်တည်းစေသည်။ 

“လမ်းပိတ်ထားတော့ ကားတွေလည်း မရောက်တော့ဘူး။ ကုန်ထမ်းအလုပ်သမားတွေက အဲဒီအလုပ်ကို မှီခိုပြီး စားသောက်နေကြတာဆိုတော့ အဆင်မပြေဖြစ်ပြီပေါ့” ဟု တောင်ကုတ်မြို့နယ်၊ မှိုဟင်းတောကျေးရွာမှ ကုန်ထမ်းသမားတစ်ဦးက ပြောသည်။ 

စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထား၍ စားသောက်ကုန်များ တင်ဆောင်လာသည့် ကုန်တင်ကားရာချီမှာ တောင်ကုတ်၊ အမ်း၊ ဂွ၊ သံတွဲ မြို့နယ်များတွင် ပိတ်မိနေသဖြင့် ရခိုင်တွင် စားနပ်ရိက္ခာလည်း ပြတ်လပ်လာနေပြီ ဖြစ်သည်။ 

ယင်းအပြင် ပြည်တွင်းကုန်ဈေးနှုန်းမှာလည်း တဟုန်ထိုးမြင့်တက်နေသဖြင့် အခြေခံလက်လုပ်လက်စားများမှာ ပို၍အထိနာနေကြသည်။ 

“ဆီတစ်ဆယ်သား ထည့်ချက်ရမယ့်နေရာမှာ ငါးကျပ်သားတောင် မထည့်နိုင်တော့ဘူး။ အကုန်လုံးကို ချွေတာနေရတယ်။ စစ်ပွဲတွေဖြစ်နေတော့ အရင်လို ဝင်ငွေမရှိတော့ဘူး” ဟု ကျောက်တော်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ရခိုင်တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်ဥတစ်လုံးကို ငွေကျပ် ၈၀၀ ခန့်၊ စားသုံးဆီ ၁ လီတာကို ငွေကျပ် ၇,၀၀၀ ဝန်းကျင်၊ ငရုပ်သီးအစိမ်း တစ်ပိဿကို ငွေကျပ် ၃၀,၀၀၀၊ ကြက်သွန်နီ တစ်ပိဿကို ငွေကျပ် ၆,၀၀၀ ဝန်းကျင်၊ ပေါ်ဆန်းမွှေးဆန် ၁ အိတ်ကို ငွေကျပ် ၁၄၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။ 

#D004 #DMG

ဗီဒီယိုများ