မောင်တောဒေသခံ ၁၃ ဦးကို ဖမ်းဆီးရန် စစ်ကောင်စီ ကြိုးပမ်းနေ

အဆိုပါဒေသခံများမှာ AA ကို ဥပဒေနှင့်တရားရေးဆိုင်ရာ သင်တန်းပေးခြင်း၊ စားနပ်ရိက္ခာထောက်ပံ့ခြင်းနှင့် ဒေသမတည်ငြိမ်အောင် လုပ်ဆောင်နေသူများဖြစ်သဖြင့် ၎င်းတို့အားတွေ့ရှိပါက အကြောင်းကြားပေးရန် စစ်ကောင်စီက ဓာတ်ပုံများနှင့်တတွ စာကပ်ကြေညာထားသည်။ 

By Admin 22 Nov 2023

မောင်တောဒေသခံများအား စစ်ကောင်စီက ဖမ်းဆီးရန် ကြေညာထားသည်ကို ယနေ့ နိုဝင်ဘာလ ၂၂ ရက်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
မောင်တောဒေသခံများအား စစ်ကောင်စီက ဖမ်းဆီးရန် ကြေညာထားသည်ကို ယနေ့ နိုဝင်ဘာလ ၂၂ ရက်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

DMG ၊ နိုဝင်ဘာ ၂၂

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ ရခိုင်ပြည်၊ မောင်တောမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ တရားလွှတ်တော်ရှေ့နေ အပါအဝင် ဒေသခံ ၁၃ ဦးကို ဖမ်းဆီးရန် စစ်ကောင်စီက ကြိုးပမ်းနေကြောင်း သိရသည်။ 

အဆိုပါဒေသခံများမှာ AA ကို ဥပဒေနှင့်တရားရေးဆိုင်ရာ သင်တန်းပေးခြင်း၊ စားနပ်ရိက္ခာထောက်ပံ့ခြင်းနှင့် ဒေသမတည်ငြိမ်အောင် လုပ်ဆောင်နေသူများဖြစ်သဖြင့် ၎င်းတို့အားတွေ့ရှိပါက အကြောင်းကြားပေးရန် စစ်ကောင်စီက ဓာတ်ပုံများနှင့်တတွ စာကပ်ကြေညာထားသည်။ 

စစ်ကောင်စီက စာကပ်ကြေညာထားသည်ကို မောင်တောမြို့ အမှတ် (၂) နှင့် အမှတ် (၄) ရက်ကွက်ရှိ လူစည်ကားသောနေရာများတွင် ယနေ့နံနက်ပိုင်းက တွေ့ရကြောင်း မောင်တောမြို့ခံများက ပြောဆိုသည်။ 

“အဓိက လူသွားလူလာများတဲ့ နေရာတွေက ဓာတ်တိုင်တွေမှာ ကပ်ထားတာ။ အဲဒီစာမှာတော့ သူတို့က AA ကို စားနပ်ရိက္ခာထောက်ပံ့တယ်။ တာဝန်ထမ်းဆောင်နေသူဆိုပြီး ပါတယ်။ သူတို့က အခုရှောင်နေရတယ်လို့ သိရတယ်” ဟု မောင်တောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။  

စစ်ကောင်စီက ဖမ်းဆီးရန်ကြိုးပမ်းနေသည့် မောင်တောဒေသခံများနှင့် အဆက်အသွယ်ရရှိရန် DMG က ကြိုးစားနေဆဲ ဖြစ်သည်။ 

ဖမ်းဆီးရန် ကြေညာခံထားရသူများမှာ ဝေသာလီရပ်ကွက်အုပ်ချုပ်မှူး ဦးစံထွန်းအောင်၊ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေး ကိုကျော်မင်းလှိုင်၊ တရားလွှတ်တော်ရှေ့နေ ဦးခင်ဝင်း၊ နဝရတ်ရွှေဆိုင်ပိုင်ရှင် ဦးထွန်းအေးသိန်း၊ ဝင်းစတိုးဆိုင်ပိုင်ရှင် ဦးမောင်ဝင်းသိန်း၊ ဦးစောသီဟအောင်၊ ကိုကျော်မိုးဌေး၊ ကိုချစ်ထူးခိုင်၊ ဦးညီညီ(ခ) ထွန်းလင်းကျော်၊ ဦးစောထွန်းဝေ၊ ဦးစိန်လှဖြူ ၊ မောင်မောင်ထွန်းနှင့် ဇနီးဖြစ်သူ မဝင်းချေတို့ဖြစ်သည်။ 

ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ယခုရက်ပိုင်း မောင်တောမြို့တွင် စစ်ကောင်စီက နေအိမ်များကို ညအချိန် ဝင်ရောက်စစ်ဆေးကာ ဒေသခံများအား ဖမ်းဆီးမှုများရှိနေ၍ လုံခြုံမှုမရှိဖြစ်နေကြောင်း မြို့ခံများက ပြောသည်။ 

“ညအချိန်မတော် ကားတွေနဲ့ မြို့ပတ်တာတွေရှိတယ်။ ဒီဟာတွေက စစ်ကောင်စီဟာ ဒေသခံတွေကြောက်လန့်အောင် တမင်တကာ လုပ်ဆောင်နေတာဖြစ်တယ်” ဟု မောင်တောမြို့မှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ 

နိုဝင်ဘာလ ၂၀ ရက်တွင် မောင်တောမြို့မှ ရပ်ကွက်အချို့ကို စစ်ကောင်စီက ဝင်ရောက်စစ်ဆေးပြီး အမျိုးသမီး တစ်ဦးကို ဖမ်းဆီးသွားခဲ့ကာ နိုဝင်ဘာ ၂၁ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီက ဒေသခံများ၏ နေအိမ်များကို ညအချိန် ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းမှာ အကြောက်တရားလွှမ်းမိုးအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးသမားများက ဝေဖန်ကြသည်။ 

ရခိုင်ပြည်တွင် နိုဝင်ဘာလ ၁၃ ရက်နေ့မှစပြီး စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားလာပြီးနောက် စစ်ကောင်စီက ဒေသခံများအား လိုက်လံဖမ်းဆီးခြင်းများ ဆက်တိုက်လုပ်ဆောင်နေသည်။ လက်ရှိတွင် စစ်တွေ၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်တို့မှ ဒေသခံ ၅၀ ဦးထက်မနည်းကို ဖမ်းဆီးထားကြောင်း DMG က လတ်တလော စုံစမ်းချက်အရ သိရသည်။ 

#D002 #DMG 

ဗီဒီယိုများ