ရခိုင်တွင် စစ်ကောင်စီ၏ မြို့ပေါ်စခန်းအထိ AA ထိုးစစ်ဆင်နေ 

၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲ ရခိုင်တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်(AA)သည် စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲလျက်ရှိပြီး စစ်ကောင်စီ၏ မြို့ပေါ်စခန်းများကိုပါ တိုက်ခိုက်သိမ်းပိုက်မှုများ ရှိလာနေသည်။

By Admin 31 Dec 2023

မြောက်ဦးခရိုင်ရဲစခန်းမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့်အတူတွေ့ရသော AA တပ်ဖွဲ့ဝင်များ။
မြောက်ဦးခရိုင်ရဲစခန်းမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့်အတူတွေ့ရသော AA တပ်ဖွဲ့ဝင်များ။

လက်ရှိတွင် AA သည် ရခိုင်နှင့် ပလက်ဝဒေသအတွင်း စစ်ကောင်စီ၏ စစ်စခန်း၊ ရဲစခန်း၊ စစ်ဘက်ရဲဘက်ပူးပေါင်းစခန်း စုစုပေါင်း ၁၄၀ ကျော်ကို သိမ်းပိုက်ရရှိထားသည်။ 

လတ်တလောတွင်လည်း မြောက်ဦးမြို့ပေါ်ရှိ မြောက်ဦးခရိုင်ရဲစခန်းကို ၂၆ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ထားသည်။ ယင်းအပြင် စစ်တွေ - ရန်ကုန် ကားလမ်းမဘေးရှိ စစ်ဘက်၊ ရဲဘက် အင်အား ၇၀ ခန့်ရှိသည့် မြောက်ဦးမြို့နယ် မြောင်းဘွေရဲစခန်းကိုလည်း နှစ်ရက်ကြာ ထိုးစစ်ဆင်ပြီးနောက် ဒီဇင်ဘာ ၃၀ ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်။

“စစ်ကောင်စီရဲ့တပ်စခန်းတွေက မြို့ကိုပဲအခြေခံပြီး တည်ဆောက်ထားတာ။ နယ်ဖက်တွေမှာက စစ်ကောင်စီအုပ်ချုပ်ရေး လုံးဝမရှိတော့ဘဲ ULA ဘက်က ဝင်ရောက်လာတာကြောင့် စစ်ကောင်စီဘက်က နောက်ဆုတ်ရင်း အခုဆိုရင် မြို့ပေါ်မှာပိတ်ဆို့ခံထားရတဲ့ အခြေအနေတွေ ဖြစ်လာတယ်။ အဲ့ဒါကြောင့် မြို့ပေါ်တိုက်ပွဲတွေ ဖြစ်လာတာ” ဟု ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

ရခိုင်ပြည်အတွင်း ပေါက်တော၊ မြောက်ဦးနှင့် ရမ်းဗြဲမြို့တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေပြီး ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ကျောက်ဖြူ၊ အမ်း၊ မြေပုံ စသည့် မြို့အနီးများ၌လည်း နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်။    

“မြို့ပေါ်မှာတော့ လူတွေမရှိကြတော့ဘူး။ စစ်ကောင်စီဖက်ကတော့ လက်နက်ကြီးတွေ နေ့တိုင်းပစ်နေတယ်” ဟု ရမ်းဗြဲမြို့မှ ဒေသခံတစ်ဦးက ပြောသည်။  

ပေါက်တောမြို့၌လည်း နိုဝင်ဘာ ၁၆ ရက်တွင် မြို့မရဲစခန်းကို AA က သိမ်းပိုက်ပြီးနောက် မြို့ပေါ်တိုက်ပွဲ ဖြစ်ပွားနေသည်မှာ နှစ်လနီးပါး ကြာမြင့်လာပြီဖြစ်သည်။ 

တိုက်ပွဲဖြစ်ပွားနေသော မြို့များနှင့် အနီးအနားကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်။ 

ကျောက်တော်မြို့တွင်လည်း မြို့ပေါ်တိုက်ပွဲများ ဖြစ်လာမည်ကိုစိုးရိမ်ကာ ထောင်နှင့်ချီသောဒေသခံများမှာ ယခုရက်ပိုင်းအတွင်း မြို့ကိုစွန့်ခွာပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်။  

ပြည်နယ်စစ်ကောင်စီ ရုံးစိုက်ရာ စစ်တွေမြို့နယ်အတွင်း၌လည်း AA က ကျေးလက်ဒေသရှိ စစ်ကောင်စီ လုံခြုံရေးစခန်းများကို သိမ်းပိုက်ထားပြီးနောက် စစ်တွေမြို့ပေါ်လုံခြုံရေးကို တင်းကျပ်ထားသည်။

ရခိုင်တွင် နိုဝင်ဘာ ၁၃ ရက်မှစ၍ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တတိယအကြိမ် တကျော့ပြန် တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်လနီးပါးကြာမြင့်လာပြီဖြစ်ကာ တိုက်ပွဲဧရိယာမှာလည်း ရခိုင်တပြည်လုံးနီးပါးထိ ကျယ်ပြန့်လျက်ရှိသည်။ 

ဗီဒီယိုများ