စစ်ကောင်စီ ခြိမ်းခြောက်မှုကြောင့် ကျောက်ဖြူက အဝတောင်ရွာလုံးကျွတ် ထွက်ပြေးနေရ 

စစ်ကောင်စီသည် အဝတောင်ရွာစာသင်ကျောင်းကို နိုဝင်ဘာ ၂၃ ရက်တွင် သေနတ်ဖြင့်လှမ်းပစ်ခဲ့ပြီး နောက်တစ်နေ့တွင်လည်း အင်အား ၆၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သားများ ရွာသို့ရောက်ရှိလာကာ ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။  

By Admin 28 Nov 2023

ဓာတ်ပုံ - Google Earth
ဓာတ်ပုံ - Google Earth

DMG ၊ နိုဝင်ဘာ ၂၈ 

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ အဝတောင်ကျေးရွာသားများကို စစ်ကောင်စီက ခြိမ်းခြောက်နေသဖြင့် ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သိရသည်။

စစ်ကောင်စီသည် အဝတောင်ရွာစာသင်ကျောင်းကို နိုဝင်ဘာ ၂၃ ရက်တွင် သေနတ်ဖြင့်လှမ်းပစ်ခဲ့ပြီး နောက်တစ်နေ့တွင်လည်း အင်အား ၆၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သားများ ရွာသို့ရောက်ရှိလာကာ ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။  

“ဆရာမတွေနေတဲ့အဆောင်ရှေ့ကို ကျည်ဆံသုံးတောင့်ကျတယ်။ အဲဒီနေ့ကတည်းက ရွာကလူတွေက မနေရဲတော့ဘူး။ နောက်တစ်နေ့ကျတော့ ရွာကလူတွေကိုစုပြီး ခြိမ်းခြောက်ခဲ့တယ်။ ‘ဒီရွာအနီးအနားမှာ သူတို့လူတွေ တစ်ခုခုဖြစ်ခဲ့ရင် ရွာကိုလာပြီးမီးရှို့မယ်’ ဆိုပြီးပြောတော့ လူတွေ မနေရဲကြတော့ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရွာသားတစ်ဦးက ပြောသည်။

အဝတောင်ရွာနှင့် ၁ မိုင်ခန့်ကွာဝေးသည့် တောင်မော်ကြီး စစ်ကောင်စီရေတပ်စခန်းမှလည်း ယခုရက်ပိုင်းအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များ နေ့စဉ်ပစ်ခတ်နေသဖြင့် ဒေသခံများမှာ အထိတ်တလန့် ဖြစ်နေကြသည်။ 

ရွာခံအမျိုးသမီးတစ်ဦးက “သူတို့ရှိတဲ့စခန်းတွေကနေ ဘယ်ကိုပစ်လို့ပစ်မှန်းမသိ သေနတ်သံတွေကို ကြားရတယ်။ ဒရုန်းဆိုတဲ့ ကင်းထောက် လေယာဉ်တွေကလည်း ရွာကိုပတ်ပြီး ပျံနေတာတွေရှိတော့ လူတွေအကုန်လုံးက ကြောက်ပြီးထွက်ပြေးနေရတာ” ဟု ပြောသည်။ 

အဝတောင်ကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်နှင့် လူဦးရေ ၅၀၀ ကျော် နေထိုင်ကြသည်။ လတ်တလောတွင် ရွာသားများမှာ အခြားကျေးရွာများရှိ နီးစပ်ရာ ဆွေမျိုးနေအိမ်များတွင် ခိုလှုံနေကြပြီး သက်ကြီးရွယ်အိုတချို့သာ ကျေးရွာအတွင်း ကျန်ရစ်ခဲ့ကြောင်း သိရသည်။

“သူတို့(စစ်ကောင်စီ)က ရွာအနီးအနားမှာ ကင်းပုန်းချထားတာတွေရှိတော့ လယ်သမားတွေက မသွားရဲကြတော့ဘူး။ စပါးတွေ ရိတ်ချိန်တန်နေပေမယ့် တစ်ခုခုဖြစ်မှာစိုးလို့ ဘယ်သူမှမသွားရဲဘူးလေ” ဟု ရွာခံလယ်သမားတစ်ဦးက ပြောသည်။

အဝတောင်ရွာသားများကို ရွာအတွင်းမနေရဲအောင် ခြိမ်းခြောက်နေခြင်းမှာ ရခိုင်စစ်ပွဲပြင်းထန်နေမှုကြောင့် အဝတောင်ကျေးရွာအနီးရှိ တောင်မော်ကြီးရေတပ်စခန်း လုံခြုံရေးအတွက်ဖြစ်နိုင်သည်ဟု ရွာသားများက ခန့်မှန်းပြောဆိုသည်။

စစ်ကောင်စီတပ်သားများ၏ ခြိမ်းခြောက်မှုကြောင့် အဝတောင်ကျေးရွာသားများ ထွက်ပြေးနေရမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ထံ DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။ 

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဓလေ့ထုံးတမ်းဥပဒေတွင် မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမဆို အရပ်သားများကို ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ တိုက်ခိုက်ခြင်းနှင့် အရပ်သားများ၏ ရိက္ခာဖုံလုံရေးကို ပျက်စီးအောင်ရည်ရွယ်ခြင်း၊ ဖြတ်တောက်ပိတ်ဆို့ခြင်းများ မပြုလုပ်ရန် တားမြစ်ထားပြီး ကျူးလွန်သူများကို စစ်ရာဇဝတ်မှုအရ အရေးယူနိုင်ကြောင်း ပြဌာန်းထားသည်။

#D005 #DMG

ဗီဒီယိုများ