- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ရာရောက်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အပြုအမူများ
ရခိုင်ပြည်နယ် အရေးအခင်းကို စတင်ဖန်တီးခဲ့သည့် လက်သည်တရားခံ ဘင်္ဂါလီအကြမ်းဖက် သောင်းကျန်းသူများ၊ ရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူလူနည်းစုအပေါ် ARSA အကြမ်းဖက်အဖွဲ့၏ ရက်စက်စွာ အကြမ်းဖက်တိုက်ခိုက်ခဲ့မှုများအား မျက်ကွယ်ပြုထားခဲ့သည်မှာ အိုအိုင်စီအဖွဲ့၏ မရိုးသားသောစိတ်အခြေခံကို ဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။ ကုလသမဂ္ဂသည်လည်းကောင်း၊ အိုအိုင်စီနိုင်ငံ များသည်လည်းကောင်း လက်ရှိဖြစ်ပေါ်နေသော မောင်တောနယ်စပ်ပြဿနာ ဖြေရှင်းရေးအတွက် ချဉ်းကပ်ဆောင်ရွက်ရာတွင် အပြုသဘော ချဉ်းကပ်ဆောင်ရွက်မှုများ မရှိသည်ကို ၎င်းတို့၏ ထုတ်ဖော်ကြေညာချက်များက သိသာထင်ရှားစွာ ဖော်ပြနေပေသည်။
06 Jul 2018
DMG / DNJ
ကျွန်းသားငမန်း ရေးသားသည်။
မြန်မာနိုင်ငံအားစွန့်ခွာ၍ တစ်ဖက်နိုင်ငံသို့ သွားရောက်ခိုလှုံနေကြသော ဘင်္ဂါလီများအား ပြန်လည်လက်ခံရေးအတွက် ကုလသမဂ္ဂဦးဆောင်သည့် နိုင်ငံတကာအဖွဲ့အစည်းများက ဖိအားပေးဆောင်ရွက်လာမှုမှာ ဇာတ်ရှိန်မြင့်သည်ထက် မြင့်တက်လာနေသည်ကို တွေ့ရသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ အရေးကိစ္စရပ်များကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်သည့် အပြုအမူများ၊ အပြောအဆိုများဖြင့် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားခဲ့သည်များ ရှိလာခဲ့သည်။ မကြာသေးမီက ရောက်ရှိလာခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ၏ ဧပြီ ၃၀ ရက်မှ မေလ ၁ ရက်နေ့အထိ ခရီးစဉ်၌ ၎င်းတို့၏ အပြုအမူများ၊ ပြောဆိုဆောင်ရွက်ခဲ့မှုများသည် နိုင်ငံနှင့်လူမျိုးကိုချစ်သော ပြည်သူများအဖို့ မည်သည့်နည်းနှင့်မျှ လက်ခံနိုင်စရာမရှိသော အပြုအမူများ၊ ရိုင်းပြစော်ကားမှုများပင် ဖြစ်သည်။
မြန်မာပြည်သူများ၊ အထူးသဖြင့် ဒေသခံ ရခိုင်တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက အမျိုးသားရေးအမြင်ဖြင့် လက်ခံခြင်းမရှိခဲ့သော ကိုဖီအာနန်ကော်မရှင်နှင့် ၎င်း၏အစီရင်ခံစာအား လမ်းပြမြေပုံအဖြစ်လက်ခံကာ မြန်မာနိုင်ငံအစိုးရ၏ ဆောင်ရွက်နေမှုများမှာလည်း အနာဂတ်အတွက် စိုးရိမ်စရာ အခြေအနေများကို တစ်စပြီးတစ်စ မြင် တွေ့လာနေရသည်။
အထူးသဖြင့် NV ကဒ်ထုတ်ပေးခြင်းနှင့်အတူ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများကို အဆောတလျင် လုပ်ဆောင်မည့် ကိစ္စရပ်များမှာလည်း တိုင်းပြည်နှင့်လူမျိုးကိုချစ်သော နိုင်ငံသားများအဖို့ ဘဝင်မကျစရာနှင့် စိုးရိမ်ရင်လေးဖွယ် ကိစ္စများဖြစ်သည်။ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံလိုက်ရသော ဘင်္ဂါလီလူမျိုး ဦးကိုနီ၏ ရည်မှန်းချက်ဖြစ်သည့် လွှတ်တော်အတွင်း မူဆလင်ဘာသာဝင်များ၏ အမတ်နေရာကြီးစိုးရေး မဟာဗျူဟာစီမံချက်မှာ ၂၀၂၀ ခုနှစ်တွင် အကောင်အထည် ဖော်လာနိုင်မည့် လမ်းစလည်းဖြစ်နေရာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ပြီးစလွယ် လုပ်ဆောင်သွားမည်ကိုလည်း စိုးရိမ်မကင်း ဖြစ်နေကြရသည်။ ရခိုင်ပြည်သူများ ကန့်ကွက်နေသည့်ကြားမှ ဘူးသီးတောင်မြို့နယ်တွင် သမီးဖြစ်သူ က နိုင်ငံသားဖြစ်ခွင့် အရင်ရသွားပြီး နောက်မှသာ မိဘနှစ်ယောက်က နိုင်ငံသားဖြစ်ခွင့်ရသွားသော ဖြစ်စဉ်လိုမျိုး ဖြစ်လာမည်ကို မည်သည့်ပုဂ္ဂိုလ်ကမှလည်း လိုလားလက်ခံနိုင်မည် မဟုတ်ပေ။ ဘင်္ဂါလီများနှင့် ငြိမ်းချမ်းစွာ အတူနေထိုင်ခဲ့ကြပြီး ဘင်္ဂါလီများ၏ အကြောင်းကို နောကျေအောင်သိထားကြသော ရခိုင်လူမျိုးများအနေဖြင့် နိုင်ငံသားရသင့်သောဘင်္ဂါလီများ နိုင်ငံသားအဖြစ် ခံယူခွင့်ရသည်ကို လက်မခံ ငြင်းပယ်ခြင်း မရှိကြပေ။ ရသင့်သူများ ရပါစေ။ သို့ရာတွင် မရသင့်သူများအား နိုင်ငံသားအဖြစ် ပေးမည်ကိုတော့ လိုလားခြင်းမရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ကြပြီးလည်း ဖြစ်သည်။
ပြဿနာ၏ အဓိကလက်သည်ဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်ပင် အိမ်နီးချင်းကောင်းနိုင်ငံတို့၏ မိတ်ဝတ်မပျက် ဆက်ဆံရေးသဘောထားများကို မပြဘဲ မြန်မာနိုင်ငံအပေါ် ရန်လိုသောသဘောထားနှင့် အပြုအမူများကို ပြသလျက်ရှိသည်။ မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂနှင့် အိုအိုင်စီနိုင်ငံများ၏ တဖက်သတ်အမြင်များ ဖြစ်ပေါ်စေရန် ဆောင်ရွက်ပြောဆိုနေပြီး၊ ၎င်းတို့၏အင်အားကိုယူကာ မြန်မာနိုင်ငံနှင့် ပြောဆိုရာတွင် ရှေ့တွင်တစ်မျိုး၊ ကွယ်ရာတွင်တစ်မျိုး ပြောဆိုနေသည်ကိုလည်း တွေ့မြင်နေရသည်။ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာထွက်သွားသူများအား မိမိဆန္ဒအလျောက် ဘေးကင်းစွာနှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံ ညှိနှိုင်းသဘောတူညီချက်ဖြင့် စနစ်တကျ ပြန်လည်လက်ခံနိုင်ရန် ဆောင်ရွက်နေသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ ပူးပေါင်းဆောင်ရွက်ခြင်း မရှိသည်ကို တွေ့မြင်နေရသည်။ လာရောက်လိုသူများအတွက် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ဆောင်ရွက်ထားသည့် တရားဝင်ပုံစံများကို ဖြည့်စွက်ပေးခြင်း မရှိသည်မှာလည်း မြန်မာနိုင်ငံအပေါ် အလေးအထား ဂရုမစိုက်သည်မှာ ပေါ်လွင်လျက်ရှိသည်။
ထို့အတူ မြန်မာနိုင်ငံမှ ပြန်လည်လက်ခံပါမည်ဟု အကြောင်းပြန် ကြားထားသူများကိုလည်း တရားဝင်လမ်းကြောင်းမှ ပြန်လည်လွဲှပြောင်းပေးခြင်း မရှိသေးသည်မှာ မြန်မာနိုင်ငံဖက်မှ သဘောရိုးဖြင့် ဆောင်ရွက်နေသည်များကို လျစ်လျူရှု၊ အလေးမထားသော အပြုအမူများပင် ဖြစ်နေသည်။ နှစ်နှစ်ငံ နယ်စပ်သဘောတူညီချက်အရ အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်မျဉ်းမှ ပေ ၁၅၀ အကွာတွင် လူများနေထိုင်ခြင်းနှင့် အဆောက်အအုံများ ဆောက်လုပ်ခြင်းကို တားမြစ်ထားသော်လည်း တစ်ဖက်နယ်စပ် ကန့်သတ်ဧရိယာအတွင်း ကတုတ်ကျင်းများနှင့် နေအိမ်အချို့ ဆောက်လုပ်နေခြင်းမှာလည်း ဘင်္ဂ လားဒေ့ရှ်နိုင်ငံ၏ မရိုးသားမှုကို ထင်ဟပ်ပြသနေခြင်းပင် ဖြစ်သည်။ ထို့အပြင် မြန်မာဖက်ရှိ အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်မျဉ်းအတွင်း နယ်စပ်ခြံစည်းရိုးနှင့် ကပ်လျက်နေရာတွင် မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာထွက်သွားသူများအား အဆောက်အအုံများ ဆောက်လုပ်နိုင်ရန် ဘင်္ဂလားဒေ့ရှ်မှ အကူအညီပေးကာ နေထိုင်ခွင့်ပေးထားပြီး ကုလသမဂ္ဂအဖွဲ့အစည်းများ၏ စားနပ်ရိက္ခာ ထောက်ပံ့ပေးနေခြင်းမှာလည်း နှစ်နိုင်ငံသဘော တူညီချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေခြင်းပင် ဖြစ်သည်။
ဤလုပ်ရပ်များကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်း တရားမဝင် ကျူးကျော်ဝင်ရောက် နေထိုင်ခဲ့ကြပြီး၊ မြန်မာ့ရေကိုသောက် မြန်မာနိုင်ငံမှ စားရေရိက္ခာများကို စားသောက်ကာ မြန်မာ့မြေတွင် နေထိုင်ကြီးပြင်း လာကြသူများဖြစ်ပါလျက် အရိပ်နေနေ၊ အခက်ချိုးချိုး လုပ်ကိုင်သွားကြသူများအား ခိုလှုံခွင့်ပေးကာ မြန်မာနိုင်ငံအား တရားဝင်ကျူးကျော်ရန် ကြံစည်နေသည်မှာ တစ်နေ့ထက်တစ်နေ့ ပေါ်လွင်ထင်ရှားလျက် ရှိသည်။ မြန်မာနိုင်ငံမှ အပြုသဘော ချဉ်းကပ်ဆောင်ရွက်နေမှုများအားလည်း လျစ်လျူရှုကာ မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသွားသူများကို အကြောင်းပြု၍ နိုင်ငံရေးအမြတ်ထုတ်ရန်နှင့် စီးပွားရေးအမြတ်ထုတ်ရန် ကြိုးစားနေသည်မှာလည်း အထင်အရှားပင်ဖြစ်သည်။ တစ်ဖက်တွင် မြန်မာနိုင်ငံအား R2P ဖြင့် ခြိမ်းခြောက်၍ နိုင်ငံတကာဖိအားပေးမှုများဖြင့် ခြိမ်းခြောက်မှုများ ရှိလာနေသည်ကိုလည်း တွေ့ရသည်။
မည်သို့ဆိုစေ မြန်မာနိုင်ငံအနေဖြင့်မူ မြန်မာနိုင်ငံမှ မိမိသဘောဖြင့် နေရပ်စွန့်ခွာသွားကြသူ ဘင်္ဂါလီများအား မိမိတို့၏ဆန္ဒအလျောက် ဘေးကင်းစွာနှင့် သိက္ခာရှိစွာ နေရပ်ပြန်လာနိုင်ရေးအတွက် နှစ်နိုင်ငံညှိနှိုင်းသဘော တူညီချက်ဖြင့် စနစ်တကျ ပြန်လည်လက်ခံ၍ ပြန်လည်နေရာချထားရေး လုပ်ငန်းများကို ဆောင်ရွက်ထားလျက် ရှိသည်။ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် အပြည့်အ၀ ပူးပေါင်းခြင်းမရှိဘဲ နှစ်နိုင်ငံစားပွဲဝိုင်းတွင် ဆွေးနွေးစဉ်က လက်ခံထားသည်များကို မျက်ကွယ်ပြုကာ OIC လို အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် တစ်မျိုးပြောကာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဖိအားပေးအရေးယူပေးရန်ကိုသာ ဦးစားပေး တောင်းခံနေသည်များကို တွေ့ရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ မေလ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ကျင်းပခဲ့သည့် (၄၅)ကြိမ်မြောက် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အရေးအခင်းများနှင့် ပတ်သက်၍ လူ့အခွင့်အရေးချိုးဖောက်သည်ဟူသော စွတ်စွဲပြစ်တင်သည့် အသုံးအနှုန်းများဖြင့် တာဝန်မဲ့စွာ ဖော်ပြခဲ့ကြောင်း သိရသည်။
သို့ရာတွင် ရခိုင်ပြည်နယ် အရေးအခင်းကို စတင်ဖန်တီးခဲ့သည့် လက်သည်တရားခံ ဘင်္ဂါလီအကြမ်းဖက် သောင်းကျန်းသူများ၊ ရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူလူနည်းစုအပေါ် ARSA အကြမ်းဖက်အဖွဲ့၏ ရက်စက်စွာ အကြမ်းဖက်တိုက်ခိုက်ခဲ့မှုများအား မျက်ကွယ်ပြုထားခဲ့သည်မှာ အိုအိုင်စီအဖွဲ့၏ မရိုးသားသောစိတ်အခြေခံကို ဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။ ကုလသမဂ္ဂသည်လည်းကောင်း၊ အိုအိုင်စီနိုင်ငံ များသည်လည်းကောင်း လက်ရှိဖြစ်ပေါ်နေသော မောင်တောနယ်စပ်ပြဿနာ ဖြေရှင်းရေးအတွက် ချဉ်းကပ်ဆောင်ရွက်ရာတွင် အပြုသဘော ချဉ်းကပ်ဆောင်ရွက်မှုများ မရှိသည်ကို ၎င်းတို့၏ ထုတ်ဖော်ကြေညာချက်များက သိသာထင်ရှားစွာ ဖော်ပြနေပေသည်။
ယခုလည်း နယ်စပ်ဒေသမှလာသည့် သတင်းများအရ မိမိသဘောအလျောက် နေရပ်စွန့်ခွာပြီး တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူများအနက် အချို့သည်မြန်မာနိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာနေခြင်းများ ရှိနေကြောင်း သတင်းရရှိနေသည်။ ARSA အကြမ်းဖက်သမားများ၏ ဝါဒဖြန့်ချိရေး သတင်းထုတ်ပြန်မှုများကလည်း လတ်တလောတွင် အသံတိတ်နေသည်။ ဘယ်လိုလုပ် ကြံဇာတ်လမ်းများ ဖန်တီးလာကြဦးမည် မသိပေ။ မည်သို့ဆိုစေ၊ အချုပ်အခြာပိုင် နိုင်ငံတစ်နိုင်ငံအနေဖြင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်သွားရန် လိုအပ်ပေလိမ့်မည်။ အထူးသဖြင့် နယ်စပ်ဒေသအတွင်း အစဉ်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်လာနေသည့် အခြေအနေများကို လုံခြုံရေးသတိဖြင့် စောင့်ကြည့်ဆောင်ရွက်သွားကြရန် လိုအပ်ပေလိမ့်မည်။
(၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင်ထွက်ရှိသော Development News Journal ၏ အမှတ် (၈၈) တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။)