ကြောက်မက်ဖွယ်လူသတ်သမား၏ ရက်စက်မှုကို ခံနေရသူများ
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် လွန်ခဲ့သည့် ၂၀၁၈ ခု၊ နှစ်ကုန်ပိုင်းမှစတင်ကာ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ပလက်ဝ၊ အမ်း စသည့်မြို့နယ်များတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ပြင်းထန်ခဲ့သောတိုက်ပွဲများသည် ၂၀၂၀ ခု၊ နိုဝင်ဘာလ ပထမအပတ်တွင် နားလည်မှုသဘောဖြင့် ရပ်တန့်ခဲ့သည်။ လက်ရှိတွင် မောင်တောမြို့နယ်အတွင်း တိုက်ပွဲအနည်းငယ် ဖြစ်ပွားရုံမှလွဲ၍ တခြားမြို့နယ်များတွင် ငြိမ်သက်နေဆဲဖြစ်သည်။
22 Feb 2022
DMG ၊ ဖေဖေါ်ဝါရီ ၂၂
(ဆောင်းပါး)
တောင်တန်းပေါ်က ပေါက်ကွဲသံသုံးကြိမ်ကြားလိုက်ရသောကြောင့် ဒေါ်အောင်စိန်ခိုင်တစ်ယောက် စိုးရိမ်စိတ်များဝင်လာသည်။ သူ၏လင်ယောက်ျားသည် ရွာအနီးတောတောင်သို့ ထင်းခုတ်ရန်သွားရောက်နေစဉ် ထိုသို့ပေါက်ကွဲသံများ ဆက်တိုက်ကြားရနေသောကြောင့် ပူပန်သောကရောက်နေရခြင်းဖြစ်သည်။
“အဲလိုပေါက်ကွဲသံတွေကြားတော့ အိမ်မှာထင်းတွေခုတ်နေတုန်း လက်ထဲကိုင်ထားတဲ့ဓား ပြုတ်ကျသွားတယ်။ နေမကောင်း၊ထိုင်မကောင်းသလိုတွေ့တယ်”ဟု အသက် ၆၇ နှစ်အရွယ် ဒေါ်အောင်စိန်ခိုင်က ဝမ်းနည်းစိတ်များဖြင့် ပြောပြသည်။
မင်းပြားမြို့နယ်၊ သလူးချောင်းရွာတွင်နေထိုင်သည့် အသက် ၅၅ နှစ်အရွယ် ဦးမောင်သန်းထွန်းသည် ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ရွာအနီးရှိ မင်းဖူးတောင်တန်းပေါ်သို့ ထင်းခုတ်ရန် တစ်ယောက်တည်း သွားခဲ့သည်။ ၎င်းတို့လင်မယားနှစ်ဦးသည် ထင်းခုတ်ရောင်းချပြီး လုပ်ကိုင်စားသောက်နေရသူများဖြစ်သည်။ ယခင်နေ့ရက်များက လင်မယားနှစ်ဦးအတူတူ ထင်းခုတ်ရန်သွားကြသော်လည်း ယင်းနေ့တွင်မူ တစ်ယောက်တည်းသာ တောင်ပေါ်သို့ တက်ခဲ့သည်။
ဦးမောင်သန်းထွန်းတစ်ယောက် ယင်းသို့တောင်ပေါ်တက်နေစဉ်တွင် ပေါက်ကွဲသံကြားရသဖြင့် သူ့ဇနီးအပါအဝင် တစ်ရွာလုံးက စိုးရိမ်နေကြသည်။ အခြားတစ်ဖက်တွင်လည်း ယင်းနေရာများတွင် လက်နက်ကြီးကျည်များနှင့်မြေမြုပ်မိုင်းများသည် အပူရှိန်ကြောင့် မကြာခဏပေါက်ကွဲတတ်သေးသည်။ ထို့ကြောင့် အပူရှိန်ကြောင့်ပေါက်ကွဲမှုဖြစ်နိုင်သည်ဟု အကောင်းဘက်က တွေးသူများလည်းရှိကြသည်။
သို့ရာတွင် ညနေပိုင်းရောက်လာသည်အထိ တောင်ပေါ်သို့တက်သွားသည့် ဦးမောင်သန်းထွန်းတစ်ယောက် ရွာထဲသို့ ရောက်မလာသေးပေ။ လင်ဖြစ်သူ မရောက်လာသေးသောကြောင့် ဇနီးဖြစ်သူလည်း ပရိဒေဝမီး တောက်လောင်နေသည်။ ရူးမတတ်အောင် ခံစားနေရသည်ဟုဆိုသည်။
“ဆိုတော့ တစ်ရွာလုံးကိုပတ်ပြီး မေးရတာပေါ့။ တစ်ခြားရွာတွေကိုလည်း သွားပြီးစုံစမ်းတယ်။ ဒါပေမယ့် ဘာမှမထူးပါဘူး”ဟု ဒေါ် အောင်စိန်ခိုင်က စိတ်ပျက်အားငယ်စွာဖြင့်ပြောသည်။
နောက်တစ်ရက်အကြာတွင် တောတောင်များသို့ တောနင်းရှာဖွေကြသော်လည်း မတွေ့ပေ။ ရွာသားများလည်း စိတ်မလျှော့သေးဘဲ ဆက်လက်ရှာဖွေကြရာ သုံးရက်အကြာမှ သေဆုံးနေသည့်ရုပ်အလောင်းကို ရှာတွေ့ခဲ့သည်။ ထိုနေရာတွင် လွန်ခဲ့သည့် ၂၀၁၉ ၊၂၀၂၀ ခုနှစ်များတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့သည့် နေရာဖြစ်သည်။
“ကျနော်တို့ အလောင်းကိုရှာတွေ့တော့ နဂိုရုပ်ပြောင်းသွားပြီ။ ခြေတစ်ဖက်ဘာမှမရတော့ဘူး။ ဘယ်ဖက်လက်လည်း ပြတ်ထွက်သွားတယ်”ဟု ဦးမောင်သန်းထွန်း၏ တူဖြစ်သူ ကိုဦးလှသန်းကပြောသည်။
သူ့အလောင်းကို ယင်းနေရာတွင်ပင် မြေမြုပ်ခဲ့ကြသည်။ ဇနီးဖြစ်သူမှာ အသက်အရွယ်ကြီးရင့်ပြီဖြစ်သဖြင့် ဝေးလွန်သောကြောင့် ထိုနေရာသို့မသွားရောက်နိုင်ခဲ့သကဲ့သို့ စိုးရိမ်ပူပန်စိတ်၊ ဝမ်းနည်းအားငယ်စိတ်တို့ပါ ရှိလာသောကြောင့် လင်ယောက်ျားမြေချသည့်နေရာသို့ပင် မသွားရောက်နိုင်တော့ပေ။
ထမင်းဝရေးအတွက် အသက်စွန့်ရ
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် လွန်ခဲ့သည့် ၂၀၁၈ ခု၊ နှစ်ကုန်ပိုင်းမှစတင်ကာ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ပလက်ဝ၊ အမ်း စသည့်မြို့နယ်များတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ပြင်းထန်ခဲ့သောတိုက်ပွဲများသည် ၂၀၂၀ ခု၊ နိုဝင်ဘာလ ပထမအပတ်တွင် နားလည်မှုသဘောဖြင့် ရပ်တန့်ခဲ့သည်။ လက်ရှိတွင် မောင်တောမြို့နယ်အတွင်း တိုက်ပွဲအနည်းငယ် ဖြစ်ပွားရုံမှလွဲ၍ တခြားမြို့နယ်များတွင် ငြိမ်သက်နေဆဲဖြစ်သည်။
ထိုသို့ တိုက်ပွဲငြိမ်သက်နေသောကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များမှာ မိမိနေရပ်များသို့ ပြန်သွားကြသည်။တိုက်ပွဲအများစုမှာ ရွာအနီးရှိ တောတောင်များတွင်သာ ဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။ ရွာသားများမှာလည်း ယခင်ကပင် တောတောင်ကိုမှီခိုပြီး ဟင်းရှာ၊ထင်းခုတ်ဖြင့် အသက်ရှင်ရပ်တည်နေရသူများဖြစ်ကြသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် မြေမြုပ်မိုင်းများနှင့် မပေါက်ကွဲဘဲကျန်ရှိနေသည့် လက်နက်ကြီးကျည်များလည်း တောတောင်တစ်လျှောက် နေရာယူထားကြသည်။ တောတောင်များတွင် ထိုသို့ အန္တရာယ်ကြီးမားသည့် လက်နက်များရှိသည်ကိုလည်း ရွာသူ၊ရွာသားများက သိကြသည်။ သို့ရာတွင် တောတောင်ကို မှီခိုအားထားနေရသည့် ဒေသခံများအဖို့ တောတောင်သို့မသွားလျှင် အငတ်ဆင်းရဲဒဏ်နှင့်ကြုံတွေ့ရမည်။
သလူချောင်းကျေးရွာမှဒေသခံများမှာလည်း တောတောင်များတွင် သာမန်အခြေအနေတွင် မမြင်နိုင်သည့် မြေမြုပ်မိုင်းများနှင့် အလွန်အန္တရာယ်ရှိသည့် လက်နက်များရှိသည်ကို သိကြသည်။ ကနဦးတွင် တိုက်ပွဲဖြစ်ပွား ခဲ့သည့်နေရာများ၊ တပ်စခန်းချခဲ့သည့်နေရာများကို ရှောင်ကြဉ်ပြီး အခြားတောတောင်များသို့သွားရောက်ကာ ဟင်းရှာ၊ ထင်းခုတ်ကြသည်။
နောက်ပိုင်းတွင် အဆိုပါနေရာများတွင် ထင်း၊ဟင်းစသည်တို့ရှားပါးလာမှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများနှင့် တပ်စခန်းချခဲ့သည့်နေရာများသို့သွားရောက်ကာ လုပ်ကိုင်စားသောက်ရသည့် အခြေအနေဖြစ်လာသည်။ သေဆုံးသွားသည့် ဦးမောင်သန်းထွန်းလည်း မြေမြုပ်မိုင်း (၇)လုံးခန့်ကို ကျော်လွှားနိုင်ခဲ့သည့်အခြေအနေရှိခဲ့ပြီး ယင်းနောက်တွင်မှ တခြားမိုင်းပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံး သွားရခြင်းဖြစ်သည်။
“ကျနော်တို့ ကြောက်လန့်တကြားနဲ့ သူ့ကိုရှာဖို့သွားတဲ့အချိန် မိုင်း ၇ လုံး၊ ၈ လုံးလောက်ကိုကျော်ပြီးသွားခဲ့ရတယ်။ ဆိုတော့ သူကနောက်တစ်လုံးမှာမှ မိုင်းပေါက်ကွဲလို့သေသွားတယ်လို့ပြောလို့ရတယ်။ အဲဒီမိုင်းတွေက နည်းနည်းပေါ်နေတော့ ရှောင်သွားလို့ရတော့ရတယ်”ဟု ကိုဦးလှသန်းကဆိုသည်။
ဘဝအသက်ရှင်ရပ်တည်နိုင်ရေးအတွက် မိုင်းများကိုဖြတ်ကျော်ပြီး လုပ်ကိုင်စားသောက်နေရသဖြင့် အန္တရာယ်ရှိမှန်းသိသော်လည်း “မသွားရင် ဘယ်လိုစားသောက်နေထိုင်ကြမှာလဲ”ဟု သလူချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှကညဉ်းတွားသည်။
“တောတောင်ကို မဝင်လို့လည်းမဖြစ်ဘူး။ ဝင်ရင်လည်း ဒုက္ခတွေနဲ့ကြုံရတာရှိတယ်။ကျီးလန့်စာ စားနေရသလို ဖြစ်နေတယ်”ဟု ၎င်းကဆက်ပြောသည်။
သလူချောင်းဒေသခံများကဲ့သို့ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာမှ ဒေသခံများမှာလည်း တောတောင်ကိုအမှီသဟဲပြုပြီး ဟင်းရှာ၊ထင်းခုတ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နေကြရသည်။ ယင်းကျေးရွာအနီးရှိ တောင်တန်းများတွင်လည်း ယခင်နှစ်များက စစ်ရေးပြင်းထန်ခဲ့ကြသည်။ သို့သော် စားဝတ်နေရေးအဆင်ပြေရေးကိုသာ ဦးစားပေးနေရသည့်ဒေသခံများအဖို့ တောတောင်ကို မဖြစ်မနေ သွားလာလှုပ်ရှားနေရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အသက် ၁၈ နှစ်အရွယ် ကိုစိုးလင်းထွန်းအပါအဝင် လူငယ် ၇ ဦးသည် ရွာအနီးရှိ တောတောင်သို့သွားရောက်ပြီး ထင်းခုတ်ကြစဉ် စစ်ကျန်လက်နက်ပေါက်ကွဲပြီး စိုးလင်းထွန်းနှင့် တခြားလူငယ်နှစ်ဦး ဒဏ်ရာအသီးသီးရရှိခဲ့သည်။
ဝမ်းဗိုက်တွင် ပြင်းထန်ဒဏ်ရာရရှိသွားသည့် ကိုစိုးလင်းထွန်းတို့မိသားစုသည် ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေရသူများဖြစ်သည်။ ဆင်းရဲကျပ်တည်းနေသည့်အချိန်တွင် မျှော်လင့်မထားသည့် အဖြစ်ဆိုးနှင့်ကြုံတွေ့ရသည့်အခါ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်သွားရသည်။ ဆေးဝါးကုသရန်လည်း ငွေကြေးအခက်အခဲ ဖြစ်ပေါ်နေသည်။
“သူတို့မိသားစုက တစ်နေ့လုပ်မှ တစ်နေ့စားရတာပါ။ ဒဏ်ရာနည်းနည်းပြင်းထန်တော့ သူတို့မှာ ဆေးကုသဖို့ အခက်အခဲရှိတယ်”ဟု ကျောင်းတောင်ဒေသခံတစ်ဦးက ပြောသည်။
မိုင်းရှင်းလင်းရေး လုပ်ပေးပါ
တိုက်ပွဲရပ်တန့်သွားပြီးနောက် ၂၀၂၁ ခု၊ ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်က ရခိုင်ပြည်နယ်ရှိ ကားလမ်းမများ၊ ရန်ကုန်-စစ်တွေ ကားလမ်းမများ၊ ပုဏ္ဏားကျွန်း-ဘူးသီးတောင်ကားလမ်းမ၊ အငူမော်-မောင်တော ကားလမ်း စသည့်နေရာအချို့တွင်သာ မိုင်းရှင်းလင်းရေးပြုလုပ်ခဲ့သည်။ သို့သော်လည်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် တောတောင်များတွင် မိုင်းရှင်းလင်းရေးများပြုလုပ်ခဲ့ခြင်းမရှိဟု ဒေသခံများနှင့် အရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။
“အဓိကတော့ အများပြည်သူသွားလာတဲ့လမ်း၊ နောက်ပြီးတော့ ပြည်ထောင်စုလမ်းမကြီးတွေကို အဓိက ရှင်းလင်းတာကိုပဲတွေ့ရတယ်။ တိုက်ပွဲရှောင်တွေနေထိုင်ခဲ့တဲ့ ကျေးရွာတွေကို အထူးသဖြင့် ကားလမ်းမနဲ့ ဝေးကွာတဲ့နေရာတွေကို မိုင်းရှင်းလင်းတွေကိုမတွေ့ခဲ့ရဘူး”ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)သည် တိုက်ပွဲဖြစ်ပွားစဉ်ကာလက စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ခြင်းနှင့် စစ်ဘေးရှောင်များ အချက်အလက်ကိုပြုစုခဲ့သည့် စစ်တွေမြို့အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။
“မိုင်းရှင်းလင်းရေးလုပ်တဲ့နေရာမှာ ပြည်ထောင်စုလမ်းမတွေကို ရှင်းလင်းတဲ့အပြင် စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးကိစ္စကို ထည့်သွင်းစဉ်းစားပြီး စစ်ဘေးရှောင်တွေနေထိုင်ခဲ့တဲ့ ရပ်ရွာတွေကို၊ ရပ်ရွာအနီးတွေကို အဓိက မိုင်းရှင်းလင်းရေးလုပ်ရမယ်”ဟု ကိုဇော်ဇော်ထွန်းက အကြံပြုသည်။
လူဦးရေ ၇၀၀ ကျော်နေထိုင်သည့် သလူချောင်းကျေးရွာအနီးတွင်လည်း မပေါက်ကွဲသေးသော ကျည်များကို တွေ့ရတတ်သကဲ့သို့ တောတောင်များတွင် လက်နက်ကြီးကျည်များ၊ မြေမြုပ်မိုင်းများကိုလည်း တွေ့ရတတ်သည်။ မြန်မာစစ်တပ်က မိုင်းရှင်းလင်းရေးပြုလုပ်စဉ် ၎င်းကျေးရွာပတ်ဝန်းကျင်ဒေသများသို့ လာရောက်ရှင်းလင်းခဲ့ခြင်းမရှိခဲ့ဟု အုပ်ချုပ်ရေးမှူး ဦးမောင်လှကပြောသည်။
“မိုင်းရှင်းလင်းရေးတွေ မလုပ်ခဲ့ဘူး။ အမြန်ဆုံးမိုင်းရှင်းလင်းရေးလုပ်ပေးစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ရွာသူ၊ရွာသားတွေဟာ တောတောင်ကိုမှီခိုပြီး လုပ်စားနေရတာပါ”ဟု ၎င်းကဆိုသည်။
တိုက်ပွဲရပ်တန့်နေသည့်ကာလတွင် စစ်ကောင်စီအနေဖြင့် မိုင်းရှင်းလင်းရေးများကို ဦးစားပေး လုပ်ဆောင်ရမည်ဟု ဒေသခံများကယူဆကြသည်။ မိုင်းရှင်းလင်းရေးသာမလုပ်ဆောင်ပါက နေရပ်ကိုစွန့်ခွာပြီး စစ်ဘေးရှောင်ဘဝရောက်နေကြသူများ၏ အိမ်ပြန်ချိန်ခရီးလည်း နှောင့်နှေးကြန့်ကြာမည်ဖြစ်သည်။ ထို့ပြင် တောတောင်ကိုမှီခိုပြီး လုပ်ကိုင်စားသောက်နေကြရသည့် ဒေသခံများအတွက်လည်း အသက်အန္တရာယ် စိုးရိမ်ရသကဲ့သို့ အစားအသောက်ဆင်းရဲသည့်ဒဏ်ကိုလည်း ခံစားရမည်ဖြစ်သည်။
“အဓိကတော့ မိုင်းရှင်းလင်းပေးစေချင်ပါတယ်။ ကလေးသူငယ်တွေကလည်းများတယ်။ နောက်ရက်နည်းနည်းကျရင် စာမေးပွဲတွေစစ်ပြီးလို့ မိဘနောက်ကဘုမသိ၊ဘမသိလိုက်ရင် ပေါက်ကွဲမှုတွေ ဖြစ်နိုင်တယ်”ဟု သလူချောင်းကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခု၊ နှစ်ကုန်ပိုင်းမှစတင်ကာ လက်ရှိအချိန်ထိ မိုင်းများနှင့် စစ်ကျန်လက်နက်များ ပေါက်ကွဲမှုများကြောင့် ဒေသခံ ၅၅ ဦးသေဆုံးကာ ၁၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရသိရသည်။
ကမ်းလက်တစ်စုံကို မျှော်လင့်ခြင်း
မိုင်းရှင်းလင်းရေးများ မည်သည့်အချိန်တွင် ပြန်လည်ပြုလုပ်မည်ဆိုသည်ကို ဒေသခံများမသိရှိကြသေးပေ။ သို့သော် မိုင်းကြောင့် ဒေသခံများအသက်ဆုံးရှုံးရသူ၊ ထိခိုက်ဒဏ်ရာရရှိသူ ရာနှင့်ချီရှိနေကြသည်။ ဦးမောင်သန်းထွန်း၏ ဇနီးဖြစ်သူမှာ တောတောင်များသို့သွားရောက်ပြီး ဟင်းရှာ၊ထင်းခုတ်ပြီး လုပ်ကိုင်ကျွေးမွေးနေသည့် လင်ယောကျ်ားမရှိတော့သောကြောင့် စားဝတ်နေရေးခက်ခဲသည့်အခြေအနေသို့ ရောက်ရှိနေသည်။
လင်ယောကျ်ားသေဆုံးသွားသောကြောင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်နေသော ဒေါ်အောင်စိန်ခိုင်က “အခု ကွမ်းစားဖို့တောင် ပိုက်ဆံမရှိတော့ဘူး။ ကိုယ်ကလည်း ဘာမှမလုပ်ချင်တော့ဘူး။ သူ့ကိုပဲလွမ်းနေရတာ”ဟု ဖွင့်ဟသည်။
ဒေါ်အောင်စိန်ခိုင်တွင် သားနှစ်ယောက်ရှိပြီး လက်ရှိတွင် အိမ်ထောင်ကျသွားပြီဖြစ်သဖြင့် ကိုယ့်အိမ် ကိုယ့်ယာဖြင့် နေထိုင်ကြသည်။ ထို့ကြောင့် ၎င်းမှာ လက်ရှိတွင်တစ်ယောက်တည်း အထီးကျန်စွာဖြင့် နေထိုင်နေရသည်။ လင်ယောကျ်ားလည်းဆုံးသွားပြီဖြစ်ရာ ခက်ခဲကြမ်းတမ်းစွာ ဘဝရှင်သန်ရေး ရပ်တည်နေရသဖြင့် အကူအညီများကို မျှော်လင့်နေမိရှာသည်။
မိုင်းပေါက်ကွဲမှုကြောင့် သေဆုံး၊ဒဏ်ရာရရှိသူအများစုမှာ တောတောင်များတွင် ဟင်းရှာ၊ထင်းခုတ်ဖြင့် လုပ်ကိုင်စားသောက်နေကြသည့် ဆင်းရဲသူ၊ဆင်းရဲသားများပင်ဖြစ်သည်။ ၎င်းတို့တွင် အလုပ်လုပ်ကိုင် ပေးနေသူတစ်ဦးဦး သေဆုံးသွားခြင်း၊ ဒဏ်ရာရရှိသွားခြင်းနှင့်ကြုံတွေ့ရလျှင် ကျန်ရစ်သူမိသားစုများ၏ စားဝတ်နေရေးမှာ ခက်ခဲကြမ်းတမ်းသွားကြရသည်။ ဒေါ်အောင်စိန်ခိုင်ကဲ့သို့ပင် တခြားမိုင်းကြောင့် သေဆုံးသွားသူများ၏ မိသားစုဝင်များမှာလည်း အခက်အခဲအကျပ်အတည်းများကို ရင်ဆိုင်ရင်း ဒေသခံအရပ်ဖက်အဖွဲ့အစည်းများ၊ INGO/NGO များ၊ အာဏာပိုင်များ၏ ကူညီဖေးမမှုများကို တောင့်တကြသည်။
“အခု သူ(ဒေါ်အောင်စိန်ခိုင်)က လုပ်ဖို့လည်းမသိ၊ ကိုင်ဖို့လည်းမတတ်တော့ဘူး။ ရူးသလို၊နှမ်းသလိုလို ဖြစ်နေတယ်။ သူ့အခြေအနေက အရင်စိတ်နဲ့ အခုစိတ်ကတခြားစီ။ နောက်ဆို ညဉ့်မအိပ်၊ ညမအိပ်ဖြစ်လာရင် နှလုံးရောဂါတွေတောင်ဖြစ်နိုင်တယ်”ဟု ဆွေမျိုးတော်စပ်သူ ကိုဦးလှသန်းကပြောသည်။
တောတောင်များတွင် မိုင်းများမည်မျှရှိနေစေကာမူ စားဝတ်နေရေးအတွက် ဟင်းရှာ၊ထင်းခုတ်အလုပ်ကိုသာ မိမိကိုယ်တိုင် တစ်ယောက်တည်းဆက်လက်လုပ်ကိုင်ရမည်ဆိုသည့် ဆုံးဖြတ်ချက်သည် ဒေါ်အောင်စိန်ခိုင် နှလုံးသားထဲတွင် နေရာယူထားသည်။ အကယ်၍ မိုင်းများရှိနေသောကြောင့် မသွားရောက်နိုင်လျှင် “ထမင်းငတ်မှာပေါ့”ဟု သူကဆိုသည်။
“တခြားအလုပ်တွေလည်းမရှိဘူး။ ထင်းခွေရမှာပေါ့။ မိုင်းတွေကိုတော့ စိုးရိမ်ပေမယ့် အငတ်မခံနိုင်ဘူး”ဟု ဒေါ်အောင်စိန်ခိုင်က ကြေကွဲဆို့နင့်စွာပြောဆိုသည်။
နေမျိုးလင်း ရေးသားသည်။