နှစ်လကျော်ကြာတဲ့အထိ “မိုခါ” ရဲ့ ဒဏ်ရာတွေ ရှိနေဆဲ
“လုပ်ငန်းတွေကို ပြောမနေနဲ့ အိုးတစ်လုံးတောင် မကျန်ခဲ့ဘူး” လို့ ဒေါ်သန်းသန်းက မျက်ရည်စက်လက်နှင့် ပြောပြသည်။
08 Aug 2023
DMG ၊ မေကြီးသျှင် ရေးသည်။
ချွေးနဲ့စာနဲ့ တည်ဆောက်ခဲ့ရတဲ့ ဒေါ်အနုမတို့မိသားစုရဲ့ နေအိမ်သစ်ဟာ သုံးရက်အကြာမှာ မုန်တိုင်းဒဏ်ကြောင့် ဒီရေနဲ့အတူ မျောပါသွားခဲ့ပါတယ်။
“ကျမမှာ အဲဒီအိမ်ဟာ ဆောက်လုပ်လို့ ပြီးစီးတုန်းပဲရှိသေးတယ်၊ အိမ်က အလုံးလိုက် ဒီရေနဲ့ပါသွားတယ်” လို့ ရခိုင်ပြည် မြောက်ဘက်ပိုင်းက သဲခုံကျေးရွာကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ “မိုခါ” မုန်တိုင်းအကြောင်းကို သူက ပြောပြပါတယ်။
ဒေါ်အနုမဟာ နေအိမ်သစ်ဆောက်လုပ်ဖို့ ကံမကောင်းတဲ့ လကို ရွေးချယ်မိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် မေလပါ။
ဓနိမိုး၊ ဝါးထရံကာ နေအိမ်လေးကို ချွေးနဲ့စာနဲ့ဆောက်လုပ်ခဲ့ပြီး သုံးရက်အကြာ မေလ ၁၄ ရက်နေ့မှာ “မိုခါ” မုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် ဒေါ်အနုမရဲ့ နေအိမ်သစ်ဟာ ဒီရေနဲ့အတူ မျောပါသွားပါတော့တယ်။
“မိုခါ” မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်အတွင်းမှာ လူဦးရေ ၁၅ သိန်းကျော် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ခဲ့ရပါတယ်။
ဒေါ်အနုမတို့ နေထိုင်ရာ သဲခုံကျေးရွာဟာ ဘင်္ဂလားပင်လယ်ဝနဲ့ ကုလားတန်မြစ်ဝတို့ ဆုံဆည်းရာ နေရာမှာ တည်ရှိနေတာပါ။ ဒါကြောင့်ပဲ မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံရတဲ့အထဲမှာ ပါဝင်ခဲ့ပါတယ်။
အသက် ၅၅ နှစ်အရွယ် မုဆိုးမတစ်ဦးဖြစ်တဲ့ ဒေါ်အနုမဟာ သူများတွေဆီမှာ ငါးအခြောက်လှန်းတာ၊ ငါးတွေကို သယ်ပေးတာတွေကို ကြုံသလိုလုပ်ပါတယ်။ သူမဟာ ခန္ဓာကိုယ် မသန်စွမ်းဖြစ်နေတဲ့ သားနှစ်ယောက်နဲ့အတူ သဲခုံကျေးရွာမှာ နေထိုင်နေတာပါ။
သူများတွေဆီမှာ အငှားလုပ်ကိုင်ပြီး ရရှိလာတဲ့ ငွေကျပ် ၆၀၀၀ ထဲက တချို့ကို သားနှစ်ယောက်နဲ့အတူ စားသောက်ကာ တချို့ကိုတော့ နေအိမ်သစ်ဆောက်လုပ်ဖို့ စုဆောင်းထားခဲ့တယ်လို့ ဒေါ်အနုမက ပြောပြပါတယ်။
အစီအစဉ်ကောင်းတွေ ကြိုတင်ချထားခဲ့ပေမယ့် သဘာဝတရားရဲ့ ရက်စက်မှုကြောင့် အိုးမဲ့၊ အိမ်မဲ့ဘဝသို့ ရုတ်ချည်းရောက်ရှိသွားခဲ့တဲ့အပေါ် ဒေါ်အနုမတစ်ယောက် ယုံကြုံးမရ ဖြစ်နေပါတယ်။
သဲခုံကျေးရွာမှာနေထိုင်တဲ့ ဒေါ်သန်းသန်းတို့ မိသားစုမှာလည်း ဆယ်နှစ်ကျော်ကြာ စုဆောင်းထားခဲ့တဲ့ နေအိမ်နဲ့ ငါးဖမ်းလုပ်ငန်းတွေဟာ “မိုခါ” မုန်တိုင်းကြောင့် ဆုံးရှုံးသွားခဲ့ရပါတယ်။
“လုပ်ငန်းတွေကို ပြောမနေနဲ့ အိုးတစ်လုံးတောင် မကျန်ခဲ့ဘူး” လို့ ဒေါ်သန်းသန်းက မျက်ရည်စက်လက်နှင့် ပြောပြသည်။
ဒေါ်သန်းသန်းတို့မှာ ငါးဖမ်းပိုက်၊ ငါးဖမ်းလှေနှင့် သစ်၊ဝါးအရောင်းဆိုင် အပါအဝင် နေအိမ်ကိုလည်း ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
အိုးအိမ်မဲ့သွားကြတဲ့ ဒေါ်သန်းသန်းတို့ မိသားစုအပါအဝင် သဲခုံကျေးရွာက ဒေသခံတွေဟာ ကယ်ဆယ်ရေး ရရှိလာတဲ့ တာပေါ်လင်စတွေနဲ့ တဲအိမ်တွေဆောက်လုပ်ပြီး လတ်တလော အဆင်ပြေသလို နေထိုင်နေကြပါတယ်။ စားသောက်ရေးကိုလည်း အလှူရှင်တွေရဲ့ ကူညီပံ့ပိုးမှုကို အားထားနေကြရဆဲ ဖြစ်ပါတယ်။
“နှစ်နဲ့ချီ သူများဆီမှာ အငှားလုပ်ပြီး ဝယ်စုထားတာတွေ အခုပြန်စုဖို့ မလွယ်တော့ဘူး” လို့ မုန်တိုင်းကြောင့် ငါးဖမ်းလှေတွေ၊ ငါးဖမ်းပိုက်တွေ ပျက်စီးသွားခဲ့တဲ့ ရေလုပ်သားတွေရဲ့ အခက်အခဲကို သဲခုံကျေးရွာက ရေလုပ်သား ကိုလှစိန်ထွန်းက ပြောပြပါတယ်။
သဲခုံကျေးရွာဟာ တံငါသည်တွေ စုဝေးနေထိုင်ရာကနေ ကျေးရွာအဖြစ် တည်ရှိလာခဲ့တာဖြစ်ပြီး ရွာသားတွေဟာ ပိုက်ကြီး၊ သုံးလုံးကွင်း၊ သုံးထပ်ပိုက်၊ ဝိုင်းပိုက်၊ ကျောက်ကပ်၊ အာထောက်၊ ဆွဲပိုက်၊ ငါးတံပိုက် စတဲ့ ငါးဖမ်းပိုက်အမျိုးမျိုးနဲ့ ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းပြုကြတာ ဖြစ်ပါတယ်။
ယခင်က ကိုယ်ပိုင် စက်လှေနဲ့ ငါးဖမ်းပိုက်တွေကို ပိုင်ဆိုင်ခဲ့ကြတဲ့ သဲခုံကျေးရွာသားတွေဟာ မုန်တိုင်းကြောင့် ယခုအခါ အလုပ်လက်မဲ့ဘဝကို ရောက်ရှိနေကြရပါတယ်။ သူများဆီမှာ အငှားလုပ်ကိုင်ပြီး သားနှစ်ဦးကို ကျွေးမွေးစောင့်ရှောက်နေရတဲ့ ဒေါ်အနုမအတွက်လည်း အခုချိန်မှာ အလုပ်အကိုင်ရရှိဖို့ ပိုပြီးခက်ခဲနေပါတယ်။
“အရင်က အလုပ်ပိုင်ရှင်တွေတောင် အလုပ်လက်မဲ့ ဖြစ်သွားတာ။ ကျမအတွက် အလုပ်ရှိဖို့က ပိုတောင်ဆိုးတယ်” လို့ ဒေါ်အနုမက ရင်ဖွင့်ပါတယ်။
နောက်ထပ် သဘာဝဘေးအန္တရာယ် ကျရောက်လို့ရှိရင် ကြံ့ကြံ့ခံနိုင်မယ့် မြေနေရာ အခိုင်အမာတစ်ခု ရရှိဖို့ကိုလည်း သဲခုံကျေးရွာသားတွေက လိုလားနေကြပါတယ်။
“ကိုယ့်ရွာကိုပဲ ကိုယ်ချစ်တယ်။ ဒါပေမယ့် ဒီရွာမှာနေလို့ အဆင်မပြေတော့ဘူး။ အခုလည်း ရွာသားတွေက ဘယ်လိုနေထိုင်စားသောက်မလဲ၊ လေတိုက်ရင် ဘယ်ကိုထပ်ပြေးရမလဲ ဒါကိုပဲ တွေးနေကြတာ” လို့ သဲခုံရွာက မခင်ခင်သိန်းက ပြောပါတယ်။
သဲခုံကျေးရွာသားတွေ သဘာဝဘေးအန္တရာယ်ကနေ လွတ်မြောက်နိုင်ဖို့ ဂြင်းချောင်းကျေးရွာအနီးက ကွင်းပြင်ကြီး တစ်ခုဆီ ပြောင်းရွှေ့ပေးဖို့ စီစဉ်နေတယ်လို့ ဂြင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဦးဆန်းမြင့်က ပြောပါတယ်။
“ရွာသားတွေက ဒီမှာဆက်နေလို့ မရတော့ဘူး။ အဲဒါကြောင့် ရွာပြောင်းပေးဖို့ မြို့နယ်ရုံးမှာ တင်ပြထားတာရှိတယ်။ လောလောဆယ်တော့ သူတို့ဘက်က ဘာမှအကြောင်းပြန်လာတာ မရှိသေးဘူး” လို့ ဦးဦးဆန်းမြင့်က ဆိုပါတယ်။
မုန်တိုင်းအလွန် နှစ်လကျော်ကြာတဲ့အထိ သဲခုံကျေးရွာက ဒေသခံတွေမှာ မယ်မယ်ရရ နေစရာ အိမ်မရှိကြသေးပါဘူး။
သဲခုံကျေးရွာက ဒေသခံတွေဟာ မုန်တိုင်းအပြီးမှာ သောင်ပြင်အဖြစ်ကျန်ခဲ့တဲ့ နေရာမှာ ယာယီ တဲအိမ်တွေဆောက်လုပ်ပြီး လတ်တလော နေထိုင်နေကြပါတယ်။ ဒေါ်အနုမတို့ မိသားစုမှာလည်း ကျောချစရာနေရာ မရှိတာကြောင့် ရွာသားတွေဝိုင်းကူပြီး ယာယီတဲတစ်ဆောင်ကို သောင်ပြင်ပေါ်မှာ ဆောက်လုပ်ပေးထားပါတယ်။