- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မိုခါမုန်တိုင်း ၁ နှစ်ပြည့်အချိန်ထိ ရခိုင်ပြည်သူများ နာလန်မထူနိုင်သေး
မိုခါတိုက်ခတ်မှု အချိန်တစ်နှစ် ကြာမြင့်လာပြီးဖြစ်သော်လည်း ရခိုင်ပြည်များမှာ မုန်တိုင်းဒဏ်ကို အလူးအလဲခံစားနေရဆဲဖြစ်ပြီး ယနေ့အချိန်ထိ ပြန်လည်ထူထောင်ရေး အဆင်မပြေသေးသူ အများအပြားရှိနေသေးသည်။
14 May 2024
DMG ၊ မေ ၁၄
အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်က ရခိုင်ပြည်ကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ယနေ့ ၂၀၂၄၊ မေလ ၁၄ ရက်တွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
အချိန်တစ်နှစ် ကြာမြင့်လာပြီးဖြစ်သော်လည်း ရခိုင်ပြည်များမှာ မုန်တိုင်းဒဏ်ကို အလူးအလဲခံစားနေရဆဲဖြစ်ပြီး ယနေ့အချိန်ထိ ပြန်လည်ထူထောင်ရေး အဆင်မပြေသေးသူ အများအပြားရှိနေသေးသည်။
ပေါက်တောမြို့နယ်မှ ဒေသခံတစ်ဦးက “မိုခါတိုက်တာ ဒီနေ့ဆိုရင် ၁ နှစ် ပြည့်သွားပြီ။ ဒါပေမယ့် ကျနော့်မှာ အိမ်မဆောက်နိုင်သေးဘူး။ အခုအချိန်ထိ ယာယီတဲထိုးပြီးနေနေရတယ်။ ဘာဖြစ်ဆို ကုန်ဈေးနှုန်းက မကျဘူး။ နောက်ပြီးတော့ အခုက တိုက်ပွဲဒဏ်ကို ခံနေရတယ်” ဟု ပြောသည်။
မိုခါ ဆိုင်ကလုန်း မုန်တိုင်းသည် စစ်တွေမြို့ကို ဗဟိုပြုပြီး ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲမြို့နယ်များကို ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံး များပြားခဲ့သည်။
စစ်ကောင်စီစာရင်းအရ မိုခါကြောင့် ရခိုင်ပြည်အတွင်းရှိ ရပ်ကွက်/ကျေးရွာ မြို့နယ် ၁၇ မြို့နယ်မှ လူနေအိမ် ၁၈၂,၅၉၈ လုံး၊ ရုံး ၃၀၀ လုံး၊ စာသင်ကျောင်း ၁,၃၅၂ လုံး၊ ဆေးရုံ၊ ဆေးခန်း ၂၂၀ လုံး၊ ဘာသာရေးအဆောက်အအုံ ၁,၇၀၁ လုံး၊ အခြား ပျက်စီးမှု ၁,၀၁၄ ခုရှိပြီး လူ ၁၄၅ ဦး သေဆုံးခဲ့သည်။
မုန်တိုင်းအလွန်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေ ၁၅ နှင့် ဇူလိုင် ၁၀ ရက်တို့တွင် စစ်တွေမြို့သို့ ရောက်ရှိလာပြီး ထိခိုက်ပျက်စီးမှုများကို လာရောက်ကြည့်ရှုကာ လိုအပ်သည်များကို မှာကြားခဲ့သည်။
သို့သော် မြေပြင်တွင် စစ်ကောင်စီထောက်ပံ့သည့် စားနပ်ရိက္ခာများနှင့် လူ့အသုံးအဆောင်ပစ္စည်းများကို ရရှိသည့် မုန်တိုင်းသင့်ပြည်သူများမှာ အရည်အသွေးညံ့ဖျင်းသည့် သွပ်ချပ်များ၊ စား၍မရသည့် ဆန်များ၊ တာပေါ်လင်စ အပိုင်းအစများ၊ စားဆီနှင့် ခေါက်ဆွဲခြောက် အနည်းငယ်တို့ကိုသာ ရရှိကြခြင်းဖြစ်ပြီး လုံလောက်မှု မရှိကြပေ။
“စစ်ကောင်စီက ထောက်ပံ့တာဆိုလို့ ကျနော်တို့ရတာက အပေါက်အပြဲပါတဲ့ သွပ်ပြား ၁၀ ကျော်ပဲရတယ်။ ဒါကြောင့် ဘယ်လိုမှ အဆင်မပြေဘူး။ ကိုယ်ထူကိုယ်ထအနေနဲ့ တာပေါ်လင်စတွေနဲ့ ယာယီတဲထိုးပြီး အခုအချိန်ထိ နေနေရတယ်။ စစ်ကောင်စီက ကူညီပေးတယ်ဆိုတာက ဟန်ပြသဘောပဲ” ဟု ရသေ့တောင်မြို့နယ်က ဒေသခံတစ်ဦးက ပြောသည်။
မိုခါဒဏ်သင့် ရခိုင်ပြည်တွင် မုန်တိုင်အလွန် ၆ လအကြာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တကျော့ပြန်တိုက်ပွဲပြန်ဖြစ်ပွားပြီး စစ်ရေးဒဏ်ကိုခံနေရသဖြင့် စားဝတ်နေရေး ပိုမိုခက်ခဲနေကြောင်း ပြောဆိုကြသည်။