ဘဝခါးပေမယ့် သံမဏိစိတ်ဓာတ်ပိုင်ရှင် ဒေါ်ခိုင်စံဖြူ

အဖွားဒေါ်ခိုင်စံဖြူဟာ အမှိုက်ကောက်ပြီး ဝင်ငွေရှာလာတာဟာ အခုဆိုရင် (၂) နှစ်ကျော်အထိ ရှိလာပြီဖြစ်ပါတယ်။  ပလက်စတစ်ဘူးခွံတွေ ကောက်နေကျနေရာကတော့ စစ်တွေမြို့ လောကာန္ဒာအရှေ့ဘက် မုဒ်ဝအနီးတဝိုက်မှာရှိတဲ့ အမှိုက်ပုံဖြစ်ပါတယ်။

By မင်းထွန်း 01 Jul 2021

DMG ၊ ဇူလိုင် ၁

(Feature/ဆောင်းပါး)

စစ်တွေမြို့ လောကာန္ဒာစေတီ အရှေ့ဘက်မုဒ်ဝနားမှာရှိတဲ့ အမှိုက်ပုံနားမှာ အသက် ၈၀ ကျော်အရွယ် အဘွားဒေါ်ခိုင်စံဖြူကို နေ့တိုင်းလိုလိုတွေ့မြင်ရပါတယ်။ အဘွားအိုဟာ အမှိုက်ပုံရဲ့ မလှမ်းမကမ်းကနေ ညနေပိုင်း အချိန်အထိ ထိုင်စောင့်ပြီး အမှိုက်ပစ်သူတွေမရှိသလောက်ဖြစ်သွားတဲ့အချိန်မှ အိမ်ကိုပြန်လေ့ ရှိပါတယ်။

မိုးထဲလေထဲမှာတောင် ထီးကလေးဆောင်းကာ ငုတ်တုတ်ကလေးထိုင်စောင့်ပြီး နံစော်နေတဲ့ အမှိုက်ပုံထဲကနေ ရေသန့်ဘူးခွံ၊ ပုလင်းခွံ၊ အချိုရည်ဘူးခွံတွေကို ကောက်ယူနေရတဲ့ အရွယ်ရည်ချက်ကတော့ လေးစားစရာ ကောင်းပါတယ်။

အသက်အရွယ်အားဖြင့် ကြီးရင့်နေပြီဖြစ်ပေမယ့် အခုလို ပလက်စတစ်ဘူးခွံတွေကောက်နေတာဟာ သူကိုယ်တိုင် ကောက်လို့ရတဲ့ ငွေတွေနဲ့ အလှူဒါနပြုလုပ်ဖို့ ဝင်ငွေရှာနေတာဖြစ်တယ်လို့ အဘွား ဒေါ်ခိုင်စံဖြူက ပြောပါတယ်။

“ကိုယ်လည်း ဘယ်နေ့သေမယ်မသိဘူး။ အဲဒီစိတ်ကို ထားတယ်။ ဆင်းရဲရဲ ပင်ပန်းပန်း မညည်းညူးဘူး။ ဘာဖြစ်လို့လဲဆိုရင် ကိုယ်ကျန်းမာနေရင် တစ်ပြားဖြစ်ဖြစ် လှူနိုင်ရင်လှူမယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မိသားစုစားဝတ်နေရေးကို တနည်းတဖုံ အထောက်ကူပြု စေချင်တဲ့အတွက် ပလက်စတစ် ဘူးခွံတွေကောက်ပြီး တစ်ဖက်တလမ်းကနေ ဝင်ငွေရှာနေတာလို့လည်း ပြောပါတယ်။

အဖွားဒေါ်ခိုင်စံဖြူဟာ အခုအချိန်မှာတော့ အသက်က ၈၄ နှစ်ရှိနေပြီဖြစ်ပါတယ်။ စစ်တွေမြို့ စက်ရုံစု အကွက် (၁၁) မှာ နေထိုင်သူ့ရဲ့ ချွေးမဖြစ်သူနဲ့အတူ နေထိုင်နေပါတယ်။ အဖွားဒေါ်ခိုင်ဇံဖြူမှာ မိသားစုဝင် ၇ ဦးရှိခဲ့ပေမယ့် အသက် ၅၀ ကျော်လောက်မှာ သူမရဲ့ ခင်ပွန်းသည်အပါအဝင် သားသမီးအကုန်လုံး ကွယ်လွန်သွားကြတဲ့အတွက်  သေဆုံးသွားတဲ့ သားအငယ်ဆုံးရဲ့ ဇနီး၊ သမီးတွေနဲ့အတူတကွ နေထိုင်လာခဲ့တာဟာ အခုအချိန်ထိဖြစ်ပါတယ်။

အရင်တုန်းကတော့ အဖွားဒေါ်ခိုင်စံဖြူဟာ ချွေးမဖြစ်သူကလည်း လက်လုပ်လက်စား အလုပ်ကို လုပ်ကိုင်နေရသူဖြစ်တဲ့အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေစေဖို့ ဈေးမှာငါးတွေရောင်းတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အသက်အရွယ်ကြီးလာမှုနဲ့အတူ  တခြားအလုပ်တွေလုပ်ဖို့လည်း အဆင်မပြေသလို ငါးတွေ ရောင်းတဲ့အလုပ်ကို လုပ်လိုတဲ့ဆန္ဒမရှိတော့တဲ့အတွက်  အမှိုက်ပုံတွေကနေ ပလစ်စတစ်ဘူးခွံတွေ ကောက်နေတာဖြစ်လို့ ပြောပါတယ်။

ဒေါ်ခိုင်စံဖြူတစ်ယောက် အသက်အရွယ်ကြီးပြီဖြစ်တဲ့ အခုလိုမျိုး ဘူးခွံတွေကောက်နေတာကို ချွေးမဖြစ်သူနဲ့မြေးတွေက တားကြပေမယ့်လည်း တားလို့မရတဲ့အတွက် လွှတ်ပေးထားတာဖြစ်တယ်လို့ ချွေးမဖြစ်သူ ဒေါ်မီမီကျော်က ပြောပါတယ်။

“ တားရင် ဘာကို စားရမှာလဲတဲ့။ နင်တယောက်တည်း လုပ်လို့ရမှာလားတဲ့။ ပြီးရင် သူ့မှာက လစဉ်ကျောင်းကို ဆန်တွေလှူတယ်။ အဲတာကို မလှူရမှာသူက စိုးရိမ်တယ်” လို့ သူက ပြောပါတယ်။

ချွေးမဖြစ်တဲ့ ဒေါ်မီမီကျော်ဟာလည်း မြို့ထဲလျှောက်လည်ကာ မုန့်အကြော်တွေရောင်းပြီး စားဝတ်နေရေး အတွက် ရုန်းကန်ဖြေရှင်းနေသူဖြစ်ပါတယ်။ ဒါပေမယ့် အကြော်တွေရောင်းလို့ အဆင်မပြေတာတွေကို မြင်တဲ့ အဘွားအိုဟာ ပလစ်တစ်ဘူးခွံတွေရောင်းလို့ရတဲ့ငွေနဲ့ ဆန်တွေဝယ်ပေးတယ်လို့ ဒေါ်မီမီကျော်က ပြောပါတယ်။

အဖွားဒေါ်ခိုင်စံဖြူဟာ အမှိုက်ကောက်ပြီး ဝင်ငွေရှာလာတာဟာ အခုဆိုရင် (၂) နှစ်ကျော်အထိ ရှိလာပြီဖြစ်ပါတယ်။  ပလက်စတစ်ဘူးခွံတွေ ကောက်နေကျနေရာကတော့ စစ်တွေမြို့ လောကာန္ဒာအရှေ့ဘက် မုဒ်ဝအနီးတဝိုက်မှာရှိတဲ့ အမှိုက်ပုံဖြစ်ပါတယ်။

အဲဒီနေရာကို အဘွားအိုနေတဲ့ အိမ်ကနေ ဘေးတွဲဆိုင်ကယ်နဲ့သွားမယ်ဆိုရင် ၃ မိနစ်လောက်သာ သွားရပါတယ်။ အဘွားအိုဟာ သူနေတဲ့ အိမ်ကနေ နေ့တိုင်း နေ့လည် ၂ နာရီအချိန်ကနေ ထွက်ခွာပြီး အမှိုက်ပုံကနေ ပလစ်စတစ်ဘူးခွံတွေ သွားကောက်နေတာဖြစ်ပါတယ်။ သွားတဲ့အခါမှာလည်း ခြေကျင် လျှောက်ပြီး သွားတယ်လို့ ပြောပါတယ်။

ဒေါ်ခိုင်စံဖြူလို စစ်တွေမြို့ပေါ်မှာ အမှိုက်ပုံတွေကနေ ပလက်စတစ်ဘူးခွံတွေကောက်ပြီး ဝင်ငွေရှာနေ သူတွေအများအပြားရှိပါတယ်။ တခြားသူတွေဟာ အပြိုင်အဆိုင် နေရာစုံအောင် လိုက်ကောက်နေကြပေမယ့် ဒေါ်ခိုင်စံဖြူကတော့ အသက်အရွယ်အရ အဲဒီအမှိုက်ပုံ တစ်ခုတည်းမှာပဲ စောင့်ဆိုင်းကောက်ယူနေတာ ဖြစ်ပါတယ်။

“ နေ့လည် ၂ နာရီလောက်ဆိုရင် အဲနားကိုသွားပြီး အမှိုက်ပစ်လာတာတွေကို စောင့်နေတယ်။ တခြား နေရာတွေတော့ မသွားဘူး။ အဲဒီက ရနိုင်တဲ့အထိစောင့်တယ်” ဟု အသက် ၈၄ နှစ်အရွယ် အဘွားက သူ့ရဲ့ တစ်နေ့တာဝင်ငွေရှာပုံကို ရှင်းပြပါတယ်။

အဲဒီအမှိုက်ပုံမှာလည်း အဘွားအိုတစ်ဦးတည်းသာ ကောက်ယူနေတာမဟုတ်ဘဲ တခြား သူတွေလည်း လာရောက်ကောက်ယူတာတွေ ရှိနေပါသေးတယ်။ အခုလို အမှိုက်ကောက်ပြီးဝင်ငွေရှာဖွေသူတွေ များပြားလာတာဟာ ရခိုင်ပြည်ရဲ့ ဆင်းရဲမွဲတေမှုကြောင့်ဖြစ်သလို တစ်ဖက်မှာလည်း တချို့ ကျေးလက်ဒေသက လူတွေဟာ စစ်တွေမြို့ပေါ်သို့တက်ပြီး အမှိုက်ကောက်တဲ့ အလုပ်တွေကို လုပ်နေကြတာတွေလည်းရှိနေပါတယ်။

ဒေါ်ခိုင်စံဖြူဟာ အဲဒီလို ပလက်စတစ်ဘူးခွံတွေကို ကောက်ယူပြီးနောက် အိမ်ပြန်တဲ့အခါမှာလည်း ပစ္စည်းတွေ လေးလံရင် ဆိုက်ကားငှားစီးပြီးပြန်ပါတယ်။ တခါတလေ ခြေကျင်လျှောက်ပြီး ပြန်တယ်လို့လည်း ပြောပါတယ်။ ဘူးခွံတွေကောက်ပြီး ပြန်တဲ့အချိန်ဟာ ညနေ ၅ နာရီအချိန်ခန့်ဖြစ်ပြီး အမှိုက်လာပစ်တဲ့သူတွေ မရှိနိုင်တော့တဲ့ အချိန်မှာလည်း  အိမ်ပြန်ဖြစ်တယ်လို့ ပြောပါတယ်။

“ အမှိုက်ပစ်လာတဲ့သူတွေကလည်း မျက်နှာတွေသိလာကြတဲ့အတွက် သူတို့မှာ ဘူးခွံတွေပါရင် အဘွားကို ပေးကြတယ်။ အိမ်ကို ဝန်လေးတွေထမ်းပြီးတော့ မပြန်ဘူး။ အထုပ်ကလေး တထုပ်တည်းဆိုရင်တော့ အဝေးကြီးမဟုတ်တဲ့အတွက် လမ်းလျှောက်ပြီးပြန်တယ်” လို့ ဒေါ်ခိုင်စံဖြူက ပြောပြပါတယ်။

ဒေါ်ခိုင်စံဖြူလို အသက်အရွယ်ကြီးရင့်သူတစ်ယောက်အတွက် တစ်နေ့တာ အမှိုက်ကောက်လို့ရတဲ့ ဝင်ငွေဟာ ပုံမှန်မရှိပေမယ့် တစ်နေ့ တစ်ထောင်၊ ထောင်ငါးရာလောက် ရတယ်လို့ ပြောပါတယ်။ အဲဒီလို ဘူးခွံတွေကောက်နေတဲ့အချိန်မှာလည်း အမှိုက်လာပိုက်ကြတဲ့သူတွေက အဘွားကို ပိုက်ဆံ ငါးရာ၊ တစ်ထောင်ဆိုသလို ကြုံရင် အလှူဒါနအဖြစ် ပေးကြတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။

“ တခြား (အမှိုက်ကောက်တဲ့) လူတွေ မရှိဘဲ ကိုယ့်တယောက်တည်းကောက်ရရင်တော့ တစ်ရက်မှာ ၁၅၀၀ လောက်ရတယ်။ တစ်ခါတလေ လူတွေဆီက အလှူကြတာတွေရှိရင် တစ်နေ့မှာ ၃၀၀၀ လောက်ရတယ်” လို့ ပြောပါတယ်။

အဲဒီလို ရတဲ့ငွေတွေထဲကို အဘွားအိုဟာ မိသားစုစားဝတ်နေရေးအတွက် အကုန်လုံးသုံးစွဲတာမလုပ်ဘဲ သူမရဲ့ ကြီးမားတဲ့ ရည်မှန်းချက်ဖြစ်တဲ့ အလှူဒါနပြုဖို့အတွက်လည်း စုဆောင်းပါသေးတယ်။ စုလို့ရတဲ့ ငွေတွေကိုလည်း တစ်လမှာ တစ်ခါဆိုသလို ဘုန်းတော်ကြီးကျောင်းတွေကိုသွားပြီး အာရုံဆွမ်းအတွက်လှူတာတွေ၊ ဆန်လှူတာတွေ အဲဒီလိုလှူဒါန်းမှုတွေ သွားလုပ်နေတာဖြစ်ပါတယ်။

“ ပိုက်ဆံတစ်ထောင်ရရင် လှူဖို့အတွက် နှစ်ရာလောက်ဖြစ်ဖြစ် သီးသီးခြားခြား ရအောင်ပေါင်းတယ်။ လှူဖို့ အတွက် အဲဒီလိုစုထားတယ်။ လှူနေရရင် ပျော်တယ်” လို့ သူကဆိုပါတယ်။

တချို့သော သက်ကြီးပိုင်အဖိုးအဖွားတွေဟာ မိသားစုဝင်တွေ အဆင်မပြေကြရင် လမ်းတွေထွက်ပြီး အလှူခံတာတွေ၊ တောင်းရမ်းကြတာတွေရှိကြပေမယ့် အဖွားဒေါ်ခိုင်စံဖြူကတော့ မိမိခွန်အားရှိသလောက် ဝင်ငွေကိုရအောင်ရှာမယ်လို့ ဆုံးဖြတ်ထားတာလည်းဖြစ်ပါတယ်။

အခုလို ပလက်စတစ်ဘူးခွံတွေ ကောက်ပြီး ငွေရှာတဲ့အလုပ်ကိုလည်း လုပ်နိုင်တဲ့အချိန် အတိုင်းအတာတစ်ခုအထိ လုပ်သွားမယ်လို့ ဆုံးဖြတ်ထားပြီး လက်ရှိမှာလည်း မိုးရွာ/နေပူမရှောင် ထီးကလေးဆောင်းပြီး ပင်ပန်းစွာနဲ့ အမှိုက်တွေကောက်နေတာဟာ မြင်ရတဲ့သူတွေကို ဂရုနာသက်စေပါတယ်။

ဒါပေမယ့် အဘွားအို ဒေါ်ခိုင်စံဖြူအတွက်တော့ အခုလိုပင်ပန်းဆင်းရဲစွာ လုပ်ကိုင်နေရတာနဲ့ပတ်သတ်ပြီး “ ဒါတွေကိုတော့ ကိုယ့်အကြောင်းတရားနဲ့ ကိုယ်ပဲလို့ဖြေသိမ့်တယ်။ ကိုယ့် အကြောင်းက ဒီလိုပဲပါလာတယ်။ ဒီအချိန်၊ ဒီအရွယ်မှာ ဒီလိုဖြစ်ဖို့ပါလာတာကို တရားနဲ့ပဲ ဖြေသိမ့်တယ်” လို့ ပြောပါတယ်။

အခုလိုမျိုး အလုပ်ဟာ ဒေါ်ခိုင်စံဖြူတို့လို သက်ကြီးရွယ်အိုတွေအနေနဲ့ လုပ်ကိုင်ဖို့မသင့်ပေမယ့်လည်း ဘဝကိုအရှုံးမပေးလိုတဲ့ အဖွားဒေါ်ခိုင်စံဖြူကတော့ ဇွန်လရဲ့ မိုးရေဖွဲ့ဖွဲ့ထဲမှာ ထီးကလေးတစ်ချောင်း ဆောင်းပြီး ငုတ်တုတ်ထိုင်းရင်း အမှိုက်လာပစ်ကြမဲ့သူတွေကိုမျှော်ကြည့်ကာ သူရဲ့နောက်ဆုံးနေဝင်ချိန်ထိ တောင်မပြိုလဲတဲ့ သံမဏိစိတ်ဓာတ်နဲ့ အဝေးတစ်နေရာကို ငေးကြည့်နေလေရဲ့။

#မင်းထွန်း ရေးသားသည်