- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
စစ်ရေးကာလ စားဝတ်နေရေးကျပ်တည်းမှု အမျိုးသမီးများအပေါ် သက်ရောက်မှုမြင့်မားနေ
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်မှုအပြင် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးရှားပါးမှုများကို ကြုံတွေ့နေရသည်။ ထိုအကျိုးဆက်များသည် မီးဖိုချောင်နှင့် ဝင်ငွေစီမံခန့်ခွဲသူ အမျိုးသမီးများအပေါ် သက်ရောက်မှု မြင့်မားနေသည်။
05 Dec 2024

DMG ၊ ဒီဇင်ဘာ ၅
မြန်မာနိုင်ငံတဝန်း ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ပြည်သူများမှာ လူမှုဘဝအခက်အခဲများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ဖြတ်သန်းနေကြရသည်။ ထိုအထဲတွင် ကုန်ဈေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှုအပြင် ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာခက်ခဲမှုများမှာ အမျိုးသမီးများအပေါ် အကျိုးသက်ရောက်မှု မြင့်မားနေကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar)မှ ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။
“ပြည်သူအများ ရင်ဆိုင်နေရတဲ့ ဒီအခြေအနေတွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေက အမျိုးသမီးတွေအပေါ်ကိုလည်း သက်ရောက်ဖိစီးနေပါတယ်။ အိမ်မှုကိစ္စနဲ့ စားဝတ်နေရေးအတွက် ရုန်းကန်ရင်ဆိုင်ရတာ၊ လုပ်ခလစာ အနှိမ်ခံရတာတွေကစလို့ အိမ်တွင်းအကြမ်းဖက်ခံရတာတွေအဆုံး ဆတိုးဒဏ်ရာတွေကို အမျိုးသမီးတွေ ခါးစည်းခံနေကြရပါတယ်” ဟု ISP-Myanmar က ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်မှုအပြင် ဒေသခံများမှာ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးရှားပါးမှုများကို ကြုံတွေ့နေရသည်။ ထိုအကျိုးဆက်များသည် မီးဖိုချောင်နှင့် ဝင်ငွေစီမံခန့်ခွဲသူ အမျိုးသမီးများအပေါ် သက်ရောက်မှု မြင့်မားနေခြင်း ဖြစ်သည်။
ရခိုင်ဒေသခံ ဒေါ်အေးအေးက “ကုန်ဈေးနှုန်းမြင့်လာပေမယ့် ဝင်ငွေတိုးမယ့်ကိစ္စမရှိဘူး။ အိမ်အသုံးစရိတ်က တစ်ရက်ထက်တစ်ရက် တိုးလာတာပဲရှိတယ်။ အရင်က ငါးယောက်စာကို တစ်သောင်းဆို လောက်တယ်။ အခုက ဟင်းခတ်ပစ္စည်းဖိုးမပါဘဲ တစ်ရက်ကို ဈေးဖိုးနှစ်သောင်းခွဲလောက် ကုန်တယ်။ အသားငါးဆိုလည်း နေ့တိုင်း မစားနိုင်ဘူး” ဟု ဆိုသည်။
ရခိုင်တွင် တိုက်ပွဲဖြစ်ပွးသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်ကာ ကုန်ဈေးနှုန်းများမှာ ယခင်ထက် ၉ ဆခန့်အထိ မြင့်တက်နေသည်။
ဖြစ်ပေါ်နေသော အကျပ်အတည်းများကို ဖြေရှင်းရာတွင် အမျိုးသမီးများမှာ အခြားသောမိသားစုဝင်များကို ဦးစားပေးသည့်အနေဖြင့် ပိုမိုခြိုးခြံချွေတာကြပြီး အကျိုးဆက်အနေဖြင့် အာဟာရမျှတမှုနှင့် ကျန်းမာရေးပိုင်းတွင် စိုးရိမ်စရာရှိလာသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။
“ပိုက်ဆံက အခုဝင်ရင် အခုဝယ်စားရလို့ ကုန်ပြီ။ အိမ်သားတွေ ကျန်းမာရေးကိစ္စ တစ်စုံတစ်ရာ ဖြစ်ရင်လည်း ဆေးကုဖို့ ငွေပိုငွေလျှံစုမိဖို့ မလွယ်ဘူး။ ကိုယ်အလုပ်လုပ်လို့ရတဲ့ငွေကို ဒီနေ့နဲ့ မနက်ဖြန် ဈေးဖိုးမျှအောင် ဘယ်လိုသုံးရမလဲပဲ တွေးနေရတယ်။ လက်ရှိကာလမှာ လူမှုရေးအတွက်တောင် အပိုသုံးဖို့ မရှိလောက်အောင် မီးဖိုချောင်စရိတ်က ပိုပြီး အရေးကြီးနေတယ်” ဟု ရခိုင်ပြည်၊ မြေပုံမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။
၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံက သတ်မှတ်ထားသည့် အခြေခံလုပ်ခလစာမှာ ၆,၈၀၀ ကျပ် ဖြစ်သော်လည်း လက်ရှိအခြေအနေအရ လုပ်ခလစာ ၄,၈၀၀ ကျပ်ပင် မရရှိသည့် လုပ်သားများရှိနေပြီး အထူးသဖြင့် အမျိုးသမီးများမှာ ၄,၈၀၀ ကျပ်ပင် မရကြောင်း ISP-Myanmar ၏ အစီရင်ခံစာမှ သိရသည်။
လက်ရှိတွင် နိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားရာ မြို့နယ်အများစုတွင် အခြေခံစားသောက်ကုန်နှင့် ဆေးဝါး ပြတ်လပ်ခြင်း၊ လျှပ်စစ်မီးပြတ်တောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး စသည့် အခက်အခဲများကိုလည်း ပြည်သူများ ခံစားနေကြရသည်။