မေ့မရသေးတဲ့ သြဂုတ် ၁၃
“ဆန်ပြုတ်မစားရခိုင်သား၊ ဆန်ခွဲ(ကွဲ)မစားရခိုင်သား”ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ ချီတက်လာတဲ့ လူအုပ်ကြားထဲကို တော်လှန်ရေးကောင်စီအစိုးရရဲ့ စစ်တပ်က သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
13 Aug 2022
DMG ၊ သြဂုတ် ၁၃
(ဆောင်းပါး)
“ဆန်တစ်အိတ်ကို ခြောက်သောင်းကျော်သွားပြီဟေ့” ဈေးထဲကထွက်လာတဲ့ အမျိုးသမီးကြီးတစ်ယောက်ရဲ့ အော်ပြောသံ။
အမှန်တကယ်လည်း ဆန်ဈေးဟာ စစ်အာဏာမသိမ်းခင်ကထက် နှစ်ဆလောက်ထိ မြင့်တက်သွားခဲ့တာလည်း ဖြစ်ပါတယ်။ အရင်က ဆန်တစ်အိတ်ကို သုံးသောင်းဝန်းကျင်သာရှိခဲ့ရာက အခု ခြောက်သောင်းကျော်တဲ့အထိ မြင့်တက်လာတာပဲ ဖြစ်ပါတယ်။
ဆန်တစ်ခုတည်း ဈေးတက်တာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ကန်စွန်း၊ ချဉ်ပေါင်ကအစ အရာအားလုံးရဲ့ ကုန်ဈေးနှုန်းဟာ အဆမတန်မြင့်တက်လာတာကြောင့် လက်လုပ်လက်စား အလုပ်သမားတွေဟာ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
မြန်မာနိုင်ငံသမိုင်းမှာ စစ်တပ်က အာဏာသိမ်းပြီးတိုင်း ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်းတက်မှုတွေဟာ အမြဲလိုလို ကြုံတွေ့ခဲ့ကြရပေမဲ့ ဒီတစ်ကြိမ်အာဏာသိမ်းမှုဟာ ၁၉၆၂ က ဗိုလ်နေဝင်း အာဏာသိမ်းခဲ့တဲ့ဖြစ်စဉ်နဲ့ ဆင်တူလာနေပါတော့တယ်။
ယခင်က ငရုပ်သီးခြောက် တစ်ပိဿာကို ၅,၀၀၀ ကျပ်လောက်သာရှိခဲ့သော်လည်း လက်ရှိမှာ တစ်ပိဿာကို ၂၀,၀၀၀ ကျော်အထိ မြင့်တက်နေပါတယ်။ စားသုံးဆီတစ်လီတာကို ယခင်က ၂၀၀၀ ဝန်းကျင်သာရှိခဲ့ရာက လက်ရှိမှာ ၅,၀၀၀ ကျော်အထိ မြင့်တက်နေပါတယ်။
၁၉၆၂ ခုနှစ်က ဗိုလ်နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင် လုပ်လိုက်တဲ့အတွက် နိုင်ငံဟာ ချွတ်ခြုံကျပြီး ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်(LDC) နိုင်ငံတစ်ခုဖြစ်ခဲ့ရကာ ပြည်သူတွေမှာလည်း ဒုက္ခပင်လယ်ဝေခဲ့ကြရပါတယ်။
ဆန်စပါးအများအပြားကို ပြည်ပသို့ တင်ပို့ရောင်းချခဲ့ကြတာကြောင့်လည်း ပြန်တွင်းမှာ ဆန်ရိက္ခာဖူလုံမှု မရှိတော့ဘဲ အငတ်ဘေးဆိုက်တဲ့အခြေအနေထိ ရောက်ရှိခဲ့ကြရပါတယ်။
ရခိုင်ဒေသဟာ လယ်ယာလုပ်ငန်းနဲ့ ရေလုပ်ငန်းကို အဓိကအားထားရတဲ့ ဒေသဖြစ်တာနဲ့အညီ သားငါးပုစွန်နဲ့ ဆန်စပါးပေါများတဲ့ ဒေသလည်းဖြစ်ပါတယ်။ အဲဒီလို ဆန်စပါးပေါကြွယ်ဝခဲ့တဲ့ ရခိုင်ဒေသမှာ လွန်ခဲ့တဲ့ ၅၅ နှစ် (၁၉၆၇)က ဆန်ရှားပါးမှုကြောင့် လူထုအုံကြွမှုဖြစ်ပြီး ရခိုင်လူမျိုး ၃၀၀ ကျော်ဟာ စစ်တွေမြို့ ဆတ်ရိုးကျချောင်း ကမ်းနံဘေးမှာ ရက်ရက်စက်သတ်ဖြတ်ခံခဲ့ရပါတယ်။
“ဆန်ပြုတ်မစားရခိုင်သား၊ ဆန်ခွဲ(ကွဲ)မစားရခိုင်သား”ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ ချီတက်လာတဲ့ လူအုပ်ကြားထဲကို တော်လှန်ရေးကောင်စီအစိုးရရဲ့ စစ်တပ်က သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
၁၈၅၂ ခုနှစ်ကစလို့ ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံးမြို့တွေထဲမှာ စစ်တွေမြို့(Akyab)ဟာ ထိပ်ဆုံးကရှိခဲ့ပြီး ဆန်မြို့တော်လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြရပါတယ်။ ၁၉၃၃-၃၄ ကာလတွေကဆိုရင် ရခိုင်ဒေသက ဆန်တန်ချိန်သုံးသိန်းအထိ တင်ပို့နိုင်ခဲ့တယ်လို့လည်း လေ့လာသိရှိရပါတယ်။
လက်ရှိကာလမှာတော့ ရခိုင်ဒေသဟာ စိုက်ပျိုးရေးကာလမှာ မိုးခေါင်ရေရှားမှုပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့ နေကြရပါတယ်။ ရခိုင်ပြည်အတွင်းမှာ စိုက်ပျိုးမြေလယ်ဧက တစ်သိန်းနှစ်သောင်းကျော်ရှိပေမဲ့လည်း ၂၀၁၇ နောက်ပိုင်းကစပြီး ဒေသတွင်းပဋိပက္ခတွေကြောင့် လယ်ဧကအားလုံးကို စိုက်ပျိုးနိုင်ခြင်းမရှိဘဲ စိုက်ပျိုးမြေဧရိယာ တဖြေးဖြေးလျော့နည်းလာနေပါတယ်။
ရခိုင်ပြည်မှာ ဆန်စပါးထုတ်လုပ်မှုနှုန်းနဲ့ စားသုံးမှုနှုန်းကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်လည်း ထုတ်လုပ်မှုနှုန်းက လိုအပ်ချက်တွေရှိနေတာကို တွေ့မြင်နေရပါတယ်။ လယ်ယာလုပ်ငန်း လုပ်ကိုင်နေသူတွေမှာလည်း စက်သုံးဆီဈေးနှုန်း၊ ဓာတ်မြေသြဇာဈေးနှုန်းတွေ ခေါင်ခိုက်အောင်မြင့်တက်လာမှုနဲ့အတူ လုပ်ငန်းခွင်သုံး ကျွဲနွားတွေပါ ဈေးမြင့်တက်လာတာကြောင့် အခက်အခဲအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရဆဲပါ။
ဆန်စပါးဈေးတွေ မြင့်တက်လာတာဟာ လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေအတွက် ဝင်ငွေတိုးလာစေတယ် ဆိုပေမဲ့ သွင်းအားစုတွေ ဈေးမြင့်တက်နေတာကြောင့် တွက်ခြေမကိုက်လှပါဘူး။ ဆင်းရဲမွဲတေမှု မြင့်မားလာတာနဲ့အမျှ ခိုးဆိုးလုယက်မှုတွေဟာလည်း မြို့တိုင်းရွာတိုင်းမှာ နေ့စဉ်နဲ့အမျှ တိုးပွားလို့ လာနေပါတယ်။
ဗမာပြည်လွတ်လပ်ရေးရပြီး ၁၉ နှစ်အကြာမှာ စားဝတ်နေရေးအခက်အခဲကြောင့် စစ်တွေမြို့မှာ လူပေါင်းသုံးရာကျော်အထိ ပစ်ခတ်သတ်ဖြတ်ခြင်းကိုခံခဲ့ရတာဟာ မေ့ပျောက်လို့ရနိုင်တဲ့ အဖြစ်အပျက်တော့ မဟုတ်ပါဘူး။
စစ်အာဏာရှင်စနစ်ဆိုး လက်အောက်မှာ ဆတ်ရိုးကျချောင်းဟာ သွေးချောင်းစီးခဲ့ရတဲ့ သမိုင်းမှတ်တမ်း တစ်ခုအဖြစ် ရှိလို့နေပါသေးတယ်။ သမိုင်းဟာသမိုင်း မှတ်တမ်းဟာမှတ်တမ်းဆိုပေမဲ့လည်း ယခုလို သြဂုတ်လ ၁၃ ရက်နေ့ရောက်တိုင်း ရခိုင်လူမျိုးတစ်ယောက်အနေနဲ့ ဆို့နင့်ကြေကွဲမှုကိုတော့ ခံစားမိပါတယ်။
ယင်းအချိန်က ဖြေချင်းချက်ကို ပြန်ကြည့်ကြပါစို့။ ရေတပ်က ဗိုလ်မှူးရွှေဇံအောင်က “ဆန်မရှိရင် မုန့်တီစားကြ”ဆိုတဲ့ ဖြေရှင်းချက်နဲ့အတူ ယင်းအချိန်က တာဝန်ရှိခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ် သူရတင်ဦး(NLD နာယက)၊ လေတပ်ဗိုလ်ချုပ် သူရစောဖြူ(ရခိုင်)တို့ဟာလည်း အဲဒီအရေးအခင်းမှာ ပါဝင်ပတ်သက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဘယ်သူတစ်ဦးတစ်ယောက်ကမှ ရခိုင်လူမျိုးသုံးရာကျော်ကို ပစ်သတ်ခဲ့တဲ့အတွက် တောင်းပန်မှု မလုပ်ခဲ့ကြပါဘူး။
ဆန်အများစုကို စစ်တွေမြို့ ဆတ်ရိုးကျချောင်းအနီးက ဂိုဒေါင်တွေထဲမှာ အာဏာသိမ်း ဗိုလ်နေဝင်းအစိုးရက သိုလှောင်ထားခဲ့တာကြောင့် အမျိုးသမီးအများစုဟာ သြဂုတ်လ ၁၁ ရက်နေ့ကတည်းက ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ပေမဲ့လည်း မရရှိခဲ့တာကြောင့် မြန်မာ့သမိုင်းမှာ အမဲစက်စွန်းထင်စေမယ့် ၁၃ သြဂုတ်ဆိုတဲ့ နေ့တစ်နေ့ ဖြစ်ပေါ်လာရတာလည်းဖြစ်ပါတယ်။
“နှာခေါင်းပိုင်းအစိုးရ အလိုမရှိ၊ မဆလအစိုးရ အလိုမရှိ၊ ဆန်ပြဿနာ ဖြေရှင်းပါ၊ ရခိုင်အရေးတော်ပုံ အောင်ရမည်”ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်လာတဲ့ လူအုပ်ကြီးကို စက်သေနတ်နဲ့ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ဟာ စစ်အာဏာရှင်တို့ရဲ့ စစ်ရာဇဝတ်မှုချိုးဖောက်ခဲ့တဲ့ သမိုင်းအထောက်အထား တစ်ခုလည်းဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာလည်း “ဆန်ပြုတ်ပဲ စားရမလား၊ ဆန်ကွဲ(ခွဲ)ပဲ စားရမလား”ဆိုတဲ့ အခြေအနေကို ဆိုက်ရောက်လို့လာနေပါပြီ။
လက်ရှိကုန်ဈေးနှုန်းအနေအထား၊ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် မြန်မာတစ်နိုင်ငံလုံး အငတ်ဘေးဆိုက်တော့မယ့် အခြေအနေကို ဦးတည်နေပါတယ်။ စစ်အာဏာရှင်တို့ရဲ့ စနစ်ဆိုးအောက်မှာ လူလားမြောက်ဖို့တောင် မလွယ်ကူတော့တဲ့ ဘဝတွေကိုပါ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။
၁၉၆၇ သြဂုတ်လ ၁၃ ရက်နေ့မှာ လူသုံးရာကျော် ရက်စက်စွာသတ်ဖြတ်ခံရပြီးနောက်မှာ ရခိုင်လွတ်လပ်ရေးအဖွဲ့(AIO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့လို ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တွေ အင်အားကောင်းမွန်လာခဲ့ပြီး မြန်မာစစ်တပ်ကို တော်လှန်တိုက်ခိုက်ခဲ့ကြသလို ၂၀၁၈ ခုနှစ် မြောက်ဦး၊ နန်းရာကုန်းသွေးမြေကျမှုကြောင့် ULA/AA မှာ ပိုမိုအင်အားကြီးထွားသွားခဲ့တာကိုကြည့်ရင် ရခိုင်လူမျိုးတွေဟာ မတရားမှုတွေကို လက်သင့်မခံဘူးဆိုတာ အာဏာရှင်တွေ သိမြင်နိုင်လိမ့်မယ်လို့ထင်ပါတယ်။
AIO/AIA ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဆရာစံကျော်ထွန်းပြောခဲ့တဲ့ စကားလို “လူမျိုးတစ်မျိုးကို တခြားလူမျိုး တစ်မျိုးက အုပ်ချုပ်တာဟာ ကိုလိုနီပြုခြင်းဖြစ်တယ်”ဆိုတဲ့ စကားဟာ ပြန်လည်အသက်ဝင်လာနေတယ်လို့ပဲ မြင်မိပါတယ်။
ဘယ်လိုပဲဖြစ်ပါစေ၊ သြဂုတ်လ ၁၃ ရက်နေ့ရောက်တိုင်း ရခိုင်သမိုင်းမှာတော့ လူပေါင်းသုံးရာကျော် သတ်ဖြတ်ခံခဲ့ရတာကို နာကြည်းစိတ်နဲ့ အမှတ်ရနေကြမှာလည်း ဖြစ်ပါတယ်။
ဖိုးဇော် - ရေးသည်။