အမြောက်ဆံကြားက ဈာပန

မညိုညိုဝင်းနှင့် မောင်ရာဇာထွန်းတို့ မောင်နှမနှစ်ဦးမှာ ဆွေမျိုးတော်စပ်သူ ဦးမောင်ဘကျော် နေအိမ်မှနေပြီး ပညာသင်နေကြခြင်းဖြစ်သည်။ ရုတ်တရက်ပေါက်ကွဲသံနှင့်အတူ အစ်ကိုရှိရာသို့ အားကိုးတကြီးအပြေးလာခဲ့သော ညီမဖြစ်သူကို ကယ်ခွင့်မရလိုက်သည့် မောင်ရာဇာထွန်းတစ်ယောက် စစ်ပွဲကို အမုန်းကြီးမုန်းတီးလျက်ရှိသည်။ “မောင်ကြီး မကယ်လိုက်နိုင်ဘူး ညီမလေးရယ်” ဟု အသက်ဝိဉာဏ်ကင်းမဲ့နေပြီဖြစ်သော ညီမငယ်၏ နဖူးကလေးကို ပွတ်သပ်ရင်း တီးတိုးရေရွက်နေရှာသည်။

27 Aug 2019

Written by စိမ်းကိုကို | DMG

လေးမြို့မြစ်ရေသည် နူးမြေများကိုသယ်ဆောင်ကာ စီးဆင်းနေသည်။ မြစ်ကမ်းဘေးရှိ ပန်းမြောင်းကျေးရွာသည် တိတ်ဆိတ်ခြောက်ကပ်နေသည်။ ဈေး၊ စာသင်ကျောင်းများကို ပိတ်ထားကြသည်။ အနီးအနားတဝိုက်တွင် နားကွဲလုမတတ်သော အမြှောက်ပစ်သံများကို ကြားနေရသည်။ ရွာသားတစ်ချို့မှာ အထုပ်အပိုးများကို သယ်လျက် နီးစပ်ရာကျေးရွာများသို့ လှေငယ်များဖြင့် ထွက်ပြေးနေကြသည်။ ဤအကြောင်းအရာများသည် သြဂုတ်လ ၂၅ ရက်နေ့ကဖြစ်သည်။

တိတ်ဆိတ်နေသော ပန်းမြောင်းကျေးရွာ၏စာသင်ကျောင်းရပ်ကွက်ရှိ နေအိမ်တစ်လုံးရှေ့တွင် မိုးပြာရောင်တာပေါ်လီဖြင့် ယာယီဆောက်လုပ်ထားသော မဏ္ဍပ်ငယ်တစ်ခုရှိသည်။ မဏ္ဍပ်အတွင်း၌ အသစ်စက်စက် ခုတ်ထစ်လာသည့် အစိမ်းရောင်ဝါးများကို အသုံးပြုဆောက်လုပ်ထားသော တစ်ပေခန့်မြင့်သည့် စင်ငယ်တစ်ခုရှိသည်။ စင်ပေါ်တွင် ခြင်ထောင်တစ်ခုအုပ်ထားပြီး ရောင်စုံလျှပ်စစ်မီးသီးကလေးများဖြင့် ရစ်ပတ်ထားသည်။
ခြင်ထောင်၏ အတွင်းဘက်တွင် ရှိနေသည်ကား တခြားအရာများမဟုတ်ပေ။ လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားသော ကလေးငယ်သုံးဦး၏ ရုပ်အလောင်းများပင်ဖြစ်သည်။

ကလေးများထားရှိရာ စင်၏ဘေးတစ်ဖက်တွင် အသက် ၆၀ ကျော်အရွယ်လူကြီးတစ်ဦးမှာ နာကျင်စွာငိုကြွှေးလျက်ရှိနေသည်။ ယောက်ျားရင့်မာကြီးတစ်ယောက်၏ မျက်ရည်ပေါက်များစွာတို့ မြေပြင်ပေါ်သို့ ကျရောက်ပျောက်ကွယ်သွားသည်။

“ဒိုင်းကနဲ စစ်တပ်ကပစ်တာနဲ့ ကျွန်တော်အိမ်ကို ပြေးလာတယ်။ ပြေးလာတော့ တူမ၊ မြေး၊ သမီး ဒီနားမှာ မှောက်နေတယ်။ နောက် အိမ်ရှင်မ ထမင်းချက်တာကိုကြည့်လိုက်တော့ သူလည်း သတိမရဖြစ်သွားပါပြီ။ စစ်တပ်ကပစ်လို့၊ ဒီရွာထက်ကတောင်က အောင်မင်္ဂလာတောင်ကနေ လက်နက်ကြီးသုံးလုံး ထိုင်ပြီးတော့ ပစ်နေပါတယ်။ ကျွန်တော့်အိမ်မှာကျတယ်” ဟု အသက် ၆၅ နှစ်အရွယ် ဦးမောင်ဘကျော်က သြဂုတ်လ ၂၄ ရက်နေ့က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ရှင်းပြသည်။

ကလေးသုံးဦး၏ ရုပ်အလောင်းတစ်ခုချင်းစီတွင် အလှူငွေများထည့်ရန် ထားသောခွက်တစ်ခုနှင့် သူတို့၏ အသုံးအဆောင်များဖြစ်ကြသော လွယ်အိတ်၊ အဝတ်အထည်များကို ကလေးငယ်များ၏ ကိုယ်ပေါ်မှာတင်ထားသည်။
သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဦးမောင်ဘကျော်တို့နေအိမ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ၎င်း၏ဇနီးနှင့် သမီးတို့မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြပြီး သမီးတစ်ဝမ်းကွဲတစ်ဦးနှင့် မြေးငယ်တစ်ဦးမှာ သေဆုံးသွားခဲ့ရသည်။

ဦးမောင်ဘကျော်နေအိမ်နှင့် ဘေးချင်းကပ်လျက်ရှိသော ဦးရွှေဝင်းတို့ မိသားစုမှာလည်း အမြောက်ဆံကြောင့် သားငယ်တစ်ဦး သေဆုံးခဲ့ရကာ ယောက္ခမဖြစ်သူမှာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

အခင်းမဖြစ်မီအချိန် သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဦးမောင်ဘကျော်၏ဇနီး ဒေါ်မကြိုင်နှင့် သမီးမဖြူနှင်းစိုး၊ ဝမ်းကွဲသမီးတော်စပ်သူ မညိုညိုဝင်း၊ မြေးငယ် မောင်အောင်ဇင်ဖြိုးတို့မှာ အိမ်အောက်ထပ်တွင်ရှိနေကြပြီး မဖြူနှင်းစိုးမှာ ခါတိုင်းကဲ့သို့ အစ်မ၏သားဖြစ်သူ မောင်အောင်ဇင်ဖြိုးလေးကို ကျီစယ်နေသည်။ ဒေါ်မကြိုင်မှာ နံနက်စာအတွက် လေးမြို့၏ ချိုမြိန်သော မျှစ်ဟင်းနှင့် ထမင်းတို့ကို ချက်ပြုတ်ပြီး ထမင်းစားရန် ပြင်ဆင်နေကြသောအချိန်ဖြစ်သည်။

ထိုအချိန်မှာ မညိုညိုဝင်း၏ အစ်ကို မောင်ရာဇာထွန်းမှာ အိမ်လှေကား၌ ထိုင်လျက်ရှိနေပြီး မဖြူနှင်းစိုး၏အစ်ကို ကိုဝင်းမြင့်အောင်မှာ အိမ်အပေါ်ထပ်၌ ရှိနေသည်။ ခါတိုင်းကဲ့သို့ နေသားတကျရှိနေသည့် မိသားစုတစ်စု၏နေအိမ်ပေါ်ကို “ဂျိမ်း” ဆိုသည့် အသံတစ်ခုက သောကပင်လယ်ကို ဝယ်စေခဲ့သည်။

“ကျွန်တော်က ဒီအပေါ်လှေကားမှာထိုင်လို့ပါ။ အစ်ကိုတစ်ယောက်က အိမ်ထက်မှာ အိပ်နေပါတယ်။ အောက်မှာက မေချေ၊ ကျွန်တော်ညီမ၊ အရီးလတ်က ထမင်းချက်နေတယ်။ ထမင်းစားဖို့ လုပ်နေတယ်။ ထမင်းစားဖို့လုပ်နေတဲ့ အချိန်လက်နက်ကြီးက ‘ ဘွင်း’ ဆိုပြီးတော့ကျလာတယ်။ ကျွန်တော် ချောင်းကြည့်လိုက်တော့ ကလေးမှာ ဝမ်းဗိုက်ပေါက်လို့ သွေးတွေပေကျံနေပါပြီ။ မေချေက ပြေးလားပါတယ်။ မေချေလဲကျသွားတယ်။ လဲပြီး ကျွန်တော့်ညီမလေးလည်း ကျွန်တော့်ဆီကိုပြေးလာပါတယ်။ ကျွန်တော့်ရင်ခွင်မှာလဲသွားတယ်။ ကျွန်တော်လည်း ညီမလေးကိုထမ်းပြီးတော့ ဆေးရုံကိုပြေးပါတယ်။ ဒါပေမယ့် အသက်မမှီလိုက်တော့ဘူး” ဟု သေဆုံးသူ မညိုညိုဝင်း၏ အစ်ကိုဖြစ်သူ မောင်ရာဇာထွန်းကပြောသည်။

မညိုညိုဝင်းနှင့် မောင်ရာဇာထွန်းတို့မှာ ရွှေကျန်ကျေးရွာမှဖြစ်ကြပြီး ပန်းမြောင်းကျေးရွာ၌ တက္ကသိုလ်ဝင်တန်း တက်ရောက်နေကြသော မောင်နှမအရင်းများဖြစ်ကြသည်။ ရွှေကျန်ကျေးရွာတွင် အလယ်တန်းကျောင်းအဆင့်သာရှိသဖြင့် ပန်းမြောင်းကျေးရွာတွင် လာရောက်ပညာသင်ယူနေခြင်းဖြစ်သည်။ သားသမီးများကို ပညာတတ်ကြီးများဖြစ်စေလို့သည့် သာမန်လယ်သမားတစ်ဦးဖြစ်သော ဦးကျော်သိန်းတစ်ယောက် သူ့သမီးအတွက် ယူကျုံးမရဖြစ်နေသည်။

“အမှန်ဆိုရင် တပ်မတော်အနေနဲ့ လက်နက်ခဲယမ်းတွေကို ရွာထဲမှာထားတာဟာ၊ ပေါက်ကွဲသွားရင် ပြည်သူတွေ ဒဏ်ရာရမယ်၊ နာမည်ဆိုတာကို အမှန်တကယ်သိကြလိမ့်မယ်။ သိရဲ့နဲ့ အဲဒီလိုလုပ်ထားတာဟာ ပြည်သူကို တမင်တကာနှိပ်စက်တာနဲ့ တူပါတယ်။ သူတို့ကြောင့် အပြစ်မရှိတဲ့ ကျွန်တော့်သမီးနဲ့ ကလေးတွေ သေဆုံးခဲ့ရတယ်။ အဲဒါကြောင့် တရားမျှတမှုကို လိုချင်ပါတယ်။ တရားမျှတမှုရအောင်လည်း ကျွန်တော်တို့ကို လွှတ်တော်ကဖြစ်စေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကဖြစ်စေ ဝိုင်းဝန်းကူညီပေးစေချင်ပါတယ် ” ဟု သေဆုံးသွားသူ မညိုညိုဝင်း၏ဖခင် ဦးကျော်သိန်းက ဆိုသည်။

မညိုညိုဝင်းနှင့် မောင်ရာဇာထွန်းတို့ မောင်နှမနှစ်ဦးမှာ ဆွေမျိုးတော်စပ်သူ ဦးမောင်ဘကျော် နေအိမ်မှနေပြီး ပညာသင်နေကြခြင်းဖြစ်သည်။ ရုတ်တရက်ပေါက်ကွဲသံနှင့်အတူ အစ်ကိုရှိရာသို့ အားကိုးတကြီးအပြေးလာခဲ့သော ညီမဖြစ်သူကို ကယ်ခွင့်မရလိုက်သည့် မောင်ရာဇာထွန်းတစ်ယောက် စစ်ပွဲကို အမုန်းကြီးမုန်းတီးလျက်ရှိသည်။ “မောင်ကြီး မကယ်လိုက်နိုင်ဘူး ညီမလေးရယ်” ဟု အသက်ဝိဉာဏ်ကင်းမဲ့နေပြီဖြစ်သော ညီမငယ်၏ နဖူးကလေးကို ပွတ်သပ်ရင်း တီးတိုးရေရွက်နေရှာသည်။

လက်နက်ကြီးကျည် ပေါက်ကွဲမှုသည် အိမ်ချင်းကပ်လျက်ရှိသည့် ဦးရွှေဝင်းတို့နေအိမ်အထိ ကူးစပ်သွားသည်။ ဦးရွှေင်း၏ ယောက္ခမဖြစ်သူ ဒေါ်ရွှေအေးလှ၏ ပေါင်ကိုထိမှန်ခဲ့ပြီး ဈေးဆိုင်မှာ စားသုံးဆီဝယ်ပြီးပြန်လာသည့် သားကြီးဖြစ်သူ မောင်မင်းထက်ကျော်၏ ဘယ်ဘက်ရင်အံကိုလည်း အမြောက်ဆန်ထိမှန်ခဲ့သည်။

ထိုအချိန်သည် ဦးရွှေဝင်းတစ်ယောက် စားဝတ်နေရေးအတွက် အမြောက်သံများကြားမှာ လယ်ကွင်းသို့ဆင်းကာ အလုပ်လုပ်နေချိန်ဖြစ်သည်။ ကျေးရွာကလူများ ဖုန်းလှမ်းဆက်သဖြင့် ရွာကို အပြေးလာခဲ့သော်လည်း သားကြီးဖြစ်သူ မောင်မင်းထက်ကျော်မှာ အသက်မရှိတော့။ ယောက္ခဖြစ်သူကိုလည်း မြောက်ဦးဆေးရုံသို့ ပို့လိုက်ကြပြီး ဇနီးဖြစ်သူမှာလည်း သတိမေ့လျက် ပန်းမြောင်းဆေးရုံတွင် ဆေးသွင်းထားရသည့် အနေအထားဖြင့် ကြုံခဲ့ရသည်။

 “ပေါက်ကွဲတာကိုတော့ ကြားတယ်။ ကျွန်တော်ကလယ်ပြင်မှာ ရွာကဖုန်းဆက်လာလို့ ကျွန်တော်ရောက်သွားတော့ အားလုံးဆေးရုံမှာ။ ကျွန်တော့်မိန်းမလည်း သတိမေ့ပြီး ဆေးသွင်းထားရတယ်။ ယောက္ခမလည်း ပေါင်မှာထိပြီးတော့ ဆေးရုံမှာ။ ကျွန်တော့်သားလေးလည်း သေသွားတယ် ” ဟု ဦးရွှေဝင်းကဆိုသည်။

မညိုညိုဝင်းနှင့် မောင်မင်းထက်ကျော်တို့၏ မိခင်နှစ်ဦးမှာ မဋာမြေလူးအဖြစ်ဖြင့် ဆောက်တည်ခဲ့ကြပေ။ ၎င်းတို့နှစ်ဦးကို အမျိုးသမီးတစ်စုက တွဲလျက်နှစ်သိမ့်ပေးနေရသည်။

လူမမယ်ကလေး မောင်အောင်ဇင်ဖြိုး(KG)၏ မိဘနှစ်ဦးမှာ ကျေးရွာမှမရှိကြပေ။ စားဝတ်နေရေးအခက်အခဲကြောင့် ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြရသည်။ သားဖြစ်သူကို အဖိုးအဖွားတို့နှင့် ငယ်စဉ်ကတည်းကပင် စိတ်ချလက်ချအပ်နှံထားခဲ့သည့်အတွက် အဖိုးဖြစ်သူ ဦးမောင်ဘကျော်၊ အဖွားဖြစ်သူ ဒေါ်မကြိုင်နှင့် ညီမဖြစ်သူ မဖြူနှင်းစိုးတို့မှာ မောင်အောင်ဇင်ဖြိုးလေးကို မိဘအနားမှာမရှိသည့်အတွက် ပို၍ဂရုစိုက်ကာ ပိုးမွေးသလို မွေးထားကြခြင်းဖြစ်သည်။ 

“အစ်မအကြီးဆုံးသားပါ။ အစ်မကြီးဆုံးက ထိုင်းမှာရောက်နေတဲ့အတွက် အမေနဲ့သူက ပြုစုစောင့်ရှောက် ထားတာပါ။ အဲဒါကြောင့် သားလေး သားလေးလို့ခေါ်တယ်။ ကျွန်တော့်တူလေးကို ငါ့သားလေးလှတယ်။ သားလေးအလှဆုံးဆိုပြီးတော့ တွတ်ထိုးနေတာ အဲဒီမှာဖြစ်သွားတာ”ဟု ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူ မဖြူနှင်းစိုး၏ အစ်ကိုဖြစ်သူ ကိုဝင်းမြင့်အောင်ကဆိုသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဦးမောင်ဘကျော်တို့နေအိမ်မှာ ပျက်စီးသွားပြီး ယင်းနေ့ နေ့လယ်ပိုင်းတွင်  တပ်မတော်က အိမ်သို့ရောက်ရှိလာကာ  ပေါက်ကွဲမှုကြောင့်ကျန်ခဲ့သည့် လက်နက်အပိုင်းအစများကို ယူဆောင်သွားသည်ဟု ဆိုသည်။ ယခုပတ်ခတ်မှုသည့် ကျေးရွာရှိ အောင်မင်္ဂလာတောင်ပေါ်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုသည်။

(သြဂုတ်လ ၂၅ ရက်နေ့က အခင်းဖြစ်ပွားရာ ပန်းမြောင်းကျေးရွာသို့ DMG မှ သွားရောက်ကာ သတင်းရယူခဲ့ရာတွင် ယင်းနေ့ နံနက် ၁၀ နာရီကျော်အချိန်မှစပြီး ကျေးရွာအတွင်း အောင်မင်္ဂလာတောင်ပေါ်မှ လက်နက်ကြီးများ ပစ်ခတ်နေသည်ကို ကြုံခဲ့ရသလို မြောက်ဦးဘက်မှလည်း အမြောက်ပစ်ခတ်သံများကိုပါ အဆက်မပြတ် ကြားခဲ့ရသည်။ အသုဘမချမီအချိန်အထိ အမြောက်ပစ်ခတ်သံများကို ဆက်တိုက်ဆိုသလို ကြားနေရသည်။ ထိုကြောင့် ကျေးရွာသားတစ်ချို့မှာ ဘေးလွှတ်ရာကို ထွက်ပြေးနေကြသည်ကိုလည်း တွေ့ကြုံခဲ့ရသည်။)

 

ပန်းမြောင်းကျေးရွာ၌ လက်နက်ကြီးထားရှိသောနေရာမှာ အောင်မင်္ဂလာတောင်ဖြစ်ပြီး ၎င်းတောင်တွင် ရှေးဟောင်းစေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများလည်းရှိနေသည်။ ထိုသို့ သာသနိကအဆောက်အဦးအနီး တပ်စွဲထားခြင်းကို ရွာသားများက သဘောမတွေ့ကြပေ။

သြဂုတ်လ ၂၅ ရက်နေ့ နေ့လယ် ၂ နာရီကျော်အချိန်တွင် လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားသူ မညိုညိုင်း၊ မောင်မင်းထက်ကျော်၊ မောင်အောင်ဇင်ဖြိုးတို့၏ ဈာပနအခမ်းအနားကို တဂျိမ်းဂျိမ်းမြည်နေသည့် အမြောက်ဆံများကြားမှာ ပြုလုပ်ခဲ့ကြရသည်။

ယင်းဇာပနကို မောင်အောင်ဇင်ဖြိုး၏ မိဘနှစ်ဦး၊ အဖွားဖြစ်သူ ဒေါ်မကြိုင်၊ မိထွေးဖြစ်သူ မဖြူနှင်းစိုးတို့ ရောက်ရှိမလာနိုင်ခဲ့ပေ။ ဒေါ်မကြိုင်မှာ ဒဏ်ရာများဖြင့် မြောက်ဦးပြည်သူ့ဆေးရုံကြီးတွင် ရှိနေပြီး မဖြူနှင်းစိုးမှာလည်း ဒဏ်ရာများဖြင့် စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရသောကြောင့် ဖြစ်သည်။

ယင်းအပြင် မောင်မင်းထက်ကျော်၏ အဖွားဖြစ်သူမှာလည်း မြေးငယ်၏ နောက်ဆုံးခရီးကို လိုက်ပို့နိုင်ခြင်းမရှိခဲ့ဘဲ မြောက်ဦးဆေးရုံကြီးမှာသာ ဝမ်းနည်းပက်လက်နေခဲ့ရသည်။

ယင်းပစ်ခတ်မှုသည် မိမိတို့လက်ချက်မဟုတ်ကြောင်း၊ အေအေကပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့ခြင်းဟု တပ်မတော်က ဆိုသည်။ ရက္ခိုင့်တပ်တော်(AA) ကလည်း တပ်မတော်၏ လက်ချက်ဖြစ်သည်ဟု တုန့်ပြန်သည်။

မည်သို့ပင်ဆိုစေကာမူ ယင်းသေဆုံးမှုများမှာ စစ်ပွဲ၏ဆိုးကျိုးကြောင့်ပင်ဖြစ်သည်။ မညိုညိုဝင်း၏ အစ်ကို မောင်ရာဇာထွန်းကတော့ အပြစ်မဲ့ပြည်သူများကို ဒုက္ခပေးနေသည့် စစ်ကိုမုန်းတီးနေသည်။

“ဒီစစ်ကို ရပ်ဆိုင်းပေးပါလို့ ပြောချင်တယ်။ စစ်ကြောင့်နဲ့ ဒုက္ခရောက်ရတယ်။ သေဆုံးရတဲ့ပြည်သူတွေလည်းများပြီ” ဟု မညိုညိုဝင်း၏ အစ်ကိုဖြစ်သူ မောင်ရာဇာထွန်းက တောင်းဆိုသည်။

စိမ်းကိုကို

၂၇ - ၈ - ၂၀၁၉