- ဧရာဝတီက ကုန်စည်များကို ရခိုင်သို့ မပို့ရန် စစ်ကောင်စီ ထပ်မံပိတ်ပင်
- ရသေ့တောင်ဒေသခံများ ကျန်းမာရေးပြဿနာ ရင်ဆိုင်နေရ
- သက်ဆင်ရှင်နာဝပ်နှင့် မလေးရှားဝန်ကြီးချုပ်တို့ မြန်မာ့အရေးနှင့် ခရစ်တိုငွေကြေးအကြောင်း ဆွေးနွေး
- စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ အခွင့်အရေးဆုံးရှုံးလာ
- ရခိုင်ရေပိုင်နက်ထဲ ခိုးဝင်ငါးဖမ်းနေမှုများကို ထိရောက်စွာကိုင်တွယ်ရန် လိုအပ်နေ
လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်ကျေးရွာများ တိမ်းရှောင်
ဒီဇင်ဘာ ၂၁ နှင့် ၂၂ ရက်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီးများ အပြန်အလှန်ပစ်ခတ်ခဲ့ပြီး ဒီဇင်ဘာ ၂၃ တွင်လည်း စစ်တွေမြို့နယ်နှင့်နီးစပ်သည့် ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
24 Dec 2024
DMG ၊ ဒီဇင်ဘာ၂၄
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ နေရာများကို စစ်ကောင်စီက လက်နက်ကြီး လှမ်းပစ်ခြင်း၊ လေကြောင်းဗုံးကြဲခြင်းများ ဆက်တိုက်ပြုလုပ်လာ၍ ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်၊ ဆင်အင်းကြီး၊ ပဒေသာရွာဟောင်းနှင့် ပဒေသာရွာသစ်မှ အိမ်ထောင်စု ၁၈၀ ခန့်မှာ စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ်ကြောင့် လုံခြုံမည်ဟုထင်ရသည့် နေရာများသို့ တိမ်းရှောင်နေကြသည်။
“မနေ့ကလည်း လေယာနဲ့ ဗုံးကြဲတာ အသံတွေ အကျယ်ကြီး ကြားရတယ်။ စစ်တွေနဲ့ နီးတဲ့ရွာတွေကို လိုက်ကြဲနေတာ။ ဒီအနီးအနားကလူတွေဆို ကြောက်ပြီး လုံခြုံမယ်ထင်တဲ့ ရွာတွေကို ရှောင်ပြေးကြတာပေါ့ ” ဟု ဆင်အင်းကြီးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၂၁ နှင့် ၂၂ ရက်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီးများ အပြန်အလှန်ပစ်ခတ်ခဲ့ပြီး ဒီဇင်ဘာ ၂၃ တွင်လည်း စစ်တွေမြို့နယ်နှင့်နီးစပ်သည့် ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စစ်တွေတွင် မကြာမီ တိုက်ပွဲများ ပြင်းထန်နိုင်သည်ဟုဆိုကာ လွန်ခဲ့သည့် ရက်ပိုင်းကစပြီး ဒေသခံများကို AA က ကြိုတင် တိမ်းရှောင်ခိုင်းထားကြောင်း သိရသည်။
“စစ်တွေတိုက်ပွဲဖြစ်လာရင် စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရွာတွေကို ပစ်နိုင်လို့ ဘေးလွတ်ရာကို စစ်ရှောင်ဖို့ AA ကလည်း သတိပေးတာရှိတယ်။ ဒီရက်ပိုင်း ပေါက်ကွဲသံတွေ အများကြီး ကြားလာရတယ်။ ကွမ်းတောင်မှာတော့ အစကတည်းက လူသိပ်မရှိတော့ဘူး။ ဒီနားက ဆင်အင်ကြီး၊ ပဒေသာရွာတို့က လူ တွေ ပြေးရတာပေါ့” ဟု ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက ပြောသည်။
ဒီဇင်ဘာလ ၁၇ ရက်က စစ်တွေစစ်ကောင်စီတပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာရွာတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်။
လက်ရှိ ရခိုင်တွင် AA သိမ်းပိုက်ရန် ကျန်ရှိသောမြို့များမှာ စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူတို့သာဖြစ်ပြီး ဂွမြို့တွင် တိုက်ပွဲပြင်းထန်နေသည်။
ထို့အတူ စစ်တွေမြို့နယ်တွင်လည်း စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီးများဖြင့် နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုများ ရှိလာနေခြင်းဖြစ်သည်။