စစ်ပွဲနဲ့ ကုန်စျေးနှုန်းကြား ရခိုင်လယ်သမားတွေ စပါးစိုက်နိုင်ပါ့မလား
ယခုနှစ် မိုးစပါးစိုက်ပျိုးရန် တစ်ဧကအတွက် သွင်းအားစုစရိတ်မှာ ငွေကျပ်ဆယ်သိန်းနှင့် အထက်ရှိနေပြီး တစ်ဧကမှထွက်သော စပါးဈေးနှုန်းနှင့် တူညီနေသည်။
25 May 2024
■ အောင်မင်း - ရေးသည်။
စပါးစိုက်ရာသီ ရောက်ရှိပြီဖြစ်သော်လည်း စစ်မီးကြားက ရခိုင်လယ်သမားများမှာ လယ်ယာလုပ်ငန်းစတင်ရန် တွန့်ဆုတ်နေကြသည်။ တိုက်ပွဲများကြောင့် ဒေသမတည်ငြိမ်မှု လုံခြုံရေးပြဿနာများအပြင် လယ်ယာလုပ်ငန်းသုံး သွင်းအားစုစျေးနှုန်းများကြောင့် လယ်လုပ်ရန် စိန်ခေါ်မှုကြုံနေကြခြင်းဖြစ်သည်။
“အရင်နှစ်တွေထက် ဒီနှစ်လယ်လုပ်ဖို့က အခက်အခဲတွေ အများကြီးရှိတယ်။ အရင်းအနှီး သိပ်ကြီးတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ကျင်တလင်းကျေးရွာမှ လယ်သမားဦးမျိုးသန်းက ပြောသည်။ လယ် ၆ ဧကရှိသော ဦးမျိုးသန်းမှာ လာမည့်မိုးရာသီ လယ်ဧကအပြည့် စပါးစိုက်ပျိုးရန် မသေချာသည့် အနေအခြေဖြစ်နေသည်။
ယခုနှစ် မိုးစပါးစိုက်ပျိုးရန် တစ်ဧကအတွက် သွင်းအားစုစရိတ်မှာ ငွေကျပ်ဆယ်သိန်းနှင့် အထက်ရှိနေပြီး တစ်ဧကမှထွက်သော စပါးဈေးနှုန်းနှင့် တူညီနေသည်။
ရခိုင်စစ်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီက ကုန်စည်လမ်းကြောင်းများကို ပိတ်ဆို့လိုက်သဖြင့် ရခိုင်ဒေသအတွင်း ကုန်ပစ္စည်းများပြတ်လပ်နေသည်။ လက်ရှိတွင် တချို့လမ်းကြောင်းများမှ အနည်းငယ် ဝင်ရောက်နေသော်လည်း လမ်းခရီးအခက်ခဲကြောင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်မှုဒဏ်ကို လယ်သမားများလည်း ဆိုးရွားစွာ ခံနေကြရသည်။
လယ်ယာစိုက်ပျိုးရာတွင် သွင်းအားစုအနေဖြင့် အသုံးပြုကြရသည့် ဓာတ်မြေဩဇာစျေးနှုန်းမှာ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ယခင်နှစ်က ကျပ်တစ်သိန်းမှ ယခုနှစ်တွင် ငွေကျပ် ၃ သိန်းကျော်အထိ မြင့်တက်လာနေသည်။
အဓိကသွင်းအားစု ဓာတ်မြေဩဇာနှင့် ထွန်ယက်ခများ အဆမတန် ဈေးတက်နေသဖြင့် လယ်သမားအများစုမှာ ၎င်းတို့ပိုင်ဆိုင်သည့် လယ်ဧကအားလုံးကို ထွန်ယက်စိုက်ပျိုးနိုင်မည့် အခြေအနေမရှိ ဖြစ်နေကြသည်။
ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာမှ လယ်သမား ဦးမောင်စိန်ဖေက “အရင်တုန်းကဆိုရင် နွားတွေနဲ့ ထွန်ယက်လို့ရတယ်။ အခုက စက်တွေကိုပဲ အသုံးပြုလာကြတော့ နွားတွေလည်း မရှိတော့ဘူး။ စက်ကိုအသုံးပြုရတော့ ထွန်ယက်ခတွေလည်း လေးဆနီးပါး ဈေးတက်နေတာ” ဟု ပြောသည်။
ဦးမောင်စိန်ဖေမှာ နှစ်စဉ် လယ် ၁၀ ဧကခန့် စိုက်ပျိုးနေပြီး ယခုနှစ်တွင် သွင်းအားစုစရိတ် မတတ်နိုင်ခြင်းကြောင့် ၄ ဧကသာ စိုက်ပျိုးနိုင်တော့မည်ဟု ဆိုသည်။
လက်ရှိတွင် စက်သုံးဒီဇယ်ဆီ လီတာ ၁၀၀ ဆန့် တစ်ပီပါလျှင် ကျပ် ၁၇ သိန်းအထိ ဈေးပေါက်နေပြီး ယခင်နှစ်က ကျပ်ငါးသိန်းဝန်းကျင်သာ ရှိခဲ့သည်။ ထွက်ယက်ခများမှာလည်း ယခင်နှစ်က တစ်ဧက ကျပ်သုံးသောင်းကျော်သာ ရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်သိန်းကျော်ထိ မြင့်တက်နေသည်။
မြောက်ဦးမြို့နယ်က လယ်အငှားထွန်ယက်သူ ကိုလမင်းက “ဆီဈေးတွေ ထိုးတက်နေတော့ အရင်နှစ်ကလို့တော့ မထွန်ပေးနိုင်တော့ဘူး။ ထွန်စက်ပျက်တာ၊ ဆီဈေးကြီးတာတွေကြောင့် သိပ်မကိုက်ဘူး။ လယ်သမားတွေကိုလည်း ကိုယ်ချင်းစာပါတယ်။ ဆီဈေးက လုံးဝထိုးတက်နေတော့ ဘယ်လိုမှမကိုက်ဘူး” ဟု ပြောသည်။
တောင်သူများ လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် နောက်ထပ်စိန်ခေါ်မှုကြီးလည်း တစ်ခုရှိနေပြန်သည်။ စစ်ကောင်စီက စခန်းချနေထိုင်ခဲ့သည့် နေရာအနီးမှ လယ်ကွင်းပြင်များတွင် မြေမြုပ်မိုင်းအန္တရာယ်ကြောင့် လယ်သမားများမှာ လယ်ကွင်းထဲသို့ဆင်းရန် စိုးရိမ်ထိတ်လန့်နေကြသည်။
ရခိုင်တွင် တိုက်ပွဲစတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်ထိ ၆ လ တာအတွင်း မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၄၀ ထက်မနည်းရှိနေသည်။
“ကိုယ့်လယ်ကွင်းတွေကို သွားကြည့်တာတောင် ကြောက်စိတ်တွေနဲ့ သွားကြည့်ရတာ။ ဘယ်နားမှာ မိုင်းရှိမလဲ၊ ခြေထောက်ပြတ်ထွက်သွားမလား၊ ကြောက်နေရတယ်။ အသက်စွန့်ပြီး စပါးစိုက်ရမယ့်အခြေအနေ” ဟု မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာမှ ဦးမောင်နှောင်းက ပြောသည်။
စိန်ခေါ်မှုပေါင်းများစွာဖြင့် လယ်လုပ်ရမည့် ရခိုင်ကလယ်သမားအချို့မှာ လယ်ယာမြေများတွင် စပါးပင်အစား အကုန်အကျနည်းသည့် နှစ်ရှည်ပင်နှင့် အလျှင်အမြန် အကျိုးခံစားခွင့်ရနိုင်သည့် အပင်များကို စိုက်ပျိုးသူများလည်း ရှိလာနေသည်။
မြောက်ဦးမြို့နယ်၊ လေညင်းတောင်ကျေးရွာမှ ကိုဝင်းလှမောင်မှာ သူ၏လယ်ယာမြေကို ငှက်ပျောခင်းအဖြစ် ပြောင်းလဲစိုက်ပျိုးထားသည်။
“စပါးစိုက်တာ အရင်နှစ်ကလည်း ရှုံးတယ်။ ဒီနှစ်စိုက်ဖို့လည်း အရင်းအနှီးမလုံလောက်တော့ အရင်းအနှီးနည်းတဲ့ ငှက်ပျောပင်တွေပဲ စိုက်ဖြစ်တော့တယ်။ စပါးမစိုက်နိုင်ရင်တောင် တစ်ခုခုစိုက်ထားတော့ အဓိပ္ပာယ်ရှိတာပေါ့” ဟု ကိုဝင်းလှမောင်က ငှက်ပျောခင်းကိုကြည့်ရင်း ပြောသည်။
စစ်ကောင်စီက ကုန်စည်လမ်းကြောင်းများအား ပိတ်ဆို့ထားခြင်းကြောင့် ယခင်နှစ်က စပါးစိုက်လယ်သမားများမှာ စပါးပေါ်ချိန်တွင် ပြည်မဘက်သို့ မတင်ပို့နိုင်ဘဲ ပြည်တွင်း၌သာ ရရာဈေးဖြင့် ရောင်းချလိုက်ကြရသည်။ ထို့ကြောင့် ရခိုင်တွင် တခြားကုန်ပစ္စည်းများ ဈေးတက်နေသော်လည်း ဆန်ဈေးနှုန်းမှာ ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် တစ်သိန်းဝန်းကျင်ဖြင့် တကျော့ပြန်တိုက်ပွဲ မတိုင်ခင်ဈေးနှုန်းအတိုင်း ရပ်တန့်နေသည်။
ရခိုင်တွင် လယ်ဧက ၁၂ သိန်းကျော်ရှိသည့်အနက် ယခင်နှစ်က ဧက ၉ သိန်း စိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ခြောက်သိန်းခန့်သာ စိုက်ပျိုးနိုင်မည်ဟု လယ်သမားအရေးလှုပ်ရှားသူများက ခန့်မှန်းထားကြသည်။
သွင်းအားစု စရိတ်များ မြင့်တက်နေသော်လည်း အနည်းငယ်တတ်နိုင်သော လယ်သမားများအနေဖြင့် ကြိုးစားပြီး စိုက်ပျိုးကြရန် ဓညဝတီမျိုးစပါးစိုက်ပျိုးရေးအသင်းမှ တိုက်တွန်းထားသည်။
“အဲလိုမှမဟုတ်ရင် ရခိုင်မှာ နောက်နှစ် စာနပ်ရိက္ခာပြတ်လပ်ပြီး အကုန်ဒုက္ခရောက်ကုန်မှာ” ဟု ဓညဝတီအသင်းမှ ဦးမောင်သိန်းလှက ပြောသည်။
လယ်သမားများမှာ လယ်ယာလုပ်ကိုင်ရန် စိန်ခေါ်မှုများစွာရှိနေသဖြင့် ယခုနှစ်ရခိုင်တွင် စပါးအထွက်နှုန်း များစွာကျဆင်းပြီး ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးကို ထိခိုက်နိုင်သည်ဟု လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
ဆန်စပါးတင်ပို့မှုသည် ရခိုင်ပြည်၏ အဓိကစီးပွားရေးတစ်ခုဖြစ်ပြီး ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု လျော့ကျပါက ရခိုင်ပြည်စီးပွားရေးလည်း များစွာကျဆင်းသွားနိုင်ပေသည်။ ထို့ကြောင့် AA ထိန်းချုပ်ရာဒေသမမှ လယ်သမားများ လယ်ယာလုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် AA အနေဖြင့် စီစဉ်ဆောင်ရွက်ပေးရန် လိုလားနေကြသည်။
လယ်သမားများမှာတော့ အရှုံးနှင့်ရင်ဆိုင်ရမည်ကို သိသော်လည်း စစ်ရေးကာလ အလုပ်အကိုင်ရှားပါးနေချိန်တွင် လယ်အလုပ်ကိုပဲ စိတ်ညစ်ခံလုပ်ရဦးမည်ဟု ဦးမျိုးသန်းက ပြောသည်။
“ဘာအလုပ်မှလည်းမရှိတော့ လယ်အလုပ်ကိုပဲ စိတ်ညစ်ခံပြီး လုပ်ရတော့မှာပဲ။ ခေတ်ကာလ မကောင်းတော့ ရုန်းကန်ရအုံးမှာပေါ့”