ရခိုင်ဒေသ၏ ပထဝီနိုင်ငံရေးအခြေအနေများကို လေ့လာဆန်းစစ်ခြင်း အပိုင်း (၂)

ရခိုင်ဒေသသည် ကွန်ဖက်ဒရိတ်ပြည်ပင်ရှိစေ၊ လွတ်လပ်သော နိုင်ငံပင်ဖြစ်လာပါစေအုံး မြန်မာ၊ ဘင်္ဂလား၊ အိန္ဒိယ၊ တရုတ်တို့နှင့် အကျိုးစီးပွားပေါင်းများစွာ ချိတ်ဆက်နေသည်ကကား ပြောင်းလဲသွားမည်မဟုတ်ပေ။ သို့သော်လည်း ဤအချက်တွင် ရခိုင်ဒေသသည် ကမ်းရိုးတမ်းဒေသဖြစ်သည့်အတွက် အားသာချက်များစွာ ရှိနေသည်ဟု ဆိုရမည်ဖြစ်ပေသည်။ ဘင်္ဂလားသည် တရုတ်၏ စီးပွားဖက်နိုင်ငံရေးဖြစ်သည့်အတွက် တရုတ်၏အကျိုးစီးပွားများစွာ တည်ရှိနေသော ရခိုင်ဒေသအတွက် မိတ်ကောင်းဆွေကောင်းဖြစ်လာနိုင်သော အနေအထားတွင် ရှိနေပေသည်။

By ဇော်ထွန်း (မြောက်ဦး) 08 Dec 2021


DMG ၊ ဒီဇင်ဘာ ၈

(REVIEW/ဆောင်းပါး)
နိုင်ငံတစ်ခု ဆင်းရဲရခြင်း အကြောင်းတရားလေးပါးရှိကြောင်းကို ပိုးကော်လီယာရေးသား၍ ဂျူးဘာသာပြန်သော အောက်ခြေသန်းတစ်ထောင်စာအုပ်တွင် ဖော်ပြထားသည်ကို လေ့လာမှတ်သားဖူးသည်။

၎င်းတို့မှာ (၁) - ပြည်တွင်း စစ်သံသရာထဲကို ရောက်နေရခြင်း (Conflict Trap)၊ သယံဇာတကျိန်စာသင့်နေရခြင်း (Natural Resource Trap)၊ (၃) - အိမ်နီးချင်းကောင်းများမရှိဘဲ ကုန်းတွင်းပိတ်ဖြစ်နေရခြင်း (Landlocked with bad neighbours)၊ (၄)-တိုင်းပြည်အငယ်တွင် စွမ်းဆောင်ရည်ရှိသော အစိုးရကောင်းမရှိခြင်း (Bad Governance in a small country) တို့ဖြစ်ကြသည်။

ရခိုင့်တော်လှန်ရေး၏ နိဂုံးသည် သီးခြားလွတ်လပ်သောနိုင်ငံတွင် အဆုံးသပ်မည်လော၊ ကွန်ဖက်ဒရိတ်ပြည်အဖြစ် အဆုံးသတ်မည်လော ဆိုသည်ကို မည်သူကမျှ တတ်အပ်ပြောနိုင်ဦးမည် မဟုတ်သေးပေ။ ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ်၏ “အထက်ဈေး အောက်ဈေး မရှိ” ဆိုသော စကားအရဆိုလျင် ရခိုင့်တော်လှန်ရေးသည် အနည်းဆုံးကွန် ဖက်ဒရိတ်ပြည် ဖြစ်ကိုဖြစ်ရမည်ဟု ကြွေးကြော်ထားခြင်းဖြစ်ကြောင်း ထင်ရှားစွာတွေ့မြင်နိုင်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ပိုးကော်လီယာထောက်ပြသော နိုင်ငံတစ်ခုဆင်းရဲရခြင်း အကြောင်းတရားလေးပါးက အရေးပါနေမည်သာ ဖြစ်တော့သည်။ တစ်ချက်ချင်းကို ပထဝီနိုင်ငံရေးသဘောတရားများနှင့်  နှိုင်းယှဉ်လေ့လာကြည့်ပါမည်။

(၁) ပြည်တွင်းစစ်သံသရာထဲကိုရောက်နေရခြင်း (Conflict Trap)

မြန်မာ့နိုင်ငံရေးယဉ်ကျေးမှုကို နိုင်သူအကုန်ယူစနစ် ဖြစ်သည်ဟု အလွယ်နားလည်နိုင်မည်ဖြစ်သည်။ အင်အားသည် အမှန်တရားဖြစ်သည်ဟူ၍လည်း ပြောဆိုရေးသားကြသေးသည်။ထိုယဉ်ကျေးမှုအရဆိုလျင် ရခိုင်ပြည်ကို လိုလားလျင် ရခိုင်ပြည်ရှိ မြန်မာစစ်တပ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မှသာလျင် ရခိုင်ပြည်လွတ်လပ်ရေးကို မျှော်မှန်း၍ရနိုင်မည်ဖြစ်သည်။ ရက္ခိုင့်တပ်တော် စစ်ဦးချုပ်က  လက်ရှိအချိန်တွင် ရခိုင်ဒေသကို ၇၅ % ထိ ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်ဟု ဆိုထားသည်။ နယ်မြေ စိုးမိုးမှုအရ ၇၅%မှာ အတိုင်းအတာတစ်ခုထိမှန်နိုင်သော်လည်း နိုင်ငံတစ်ခု၏ အဓိကအစိတ်အပိုင်းများဖြစ်သော အုပ် ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးစသော တိုင်းပြုပြည်ပြုမဏ္ဍိုင်ကြီးများကို တည်ဆောက်နိုင်မှုနှင့် တိုင်းတာရသော် ၇၅% ထိ ပိုင်နိုင်ထားနိုင်ပြီဟူ၍ကား ဆိုနိုင်မည်မဟုတ်သေးပေ။ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/AA) အနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ (State Building Functions) များနှင့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများ (Nation Building Functions) များကို  မည်မျှပင် အရည်ချင်းရှိရှိ စွမ်းဆောင်နိုင်သည်ဆိုသော်လည်း မြန်မာစစ်တပ်နှင့်မြန်မာအစိုးရက နားလည်လက်ခံနိုင်မည်ဟူ၍ကား လက်ရှိအနေအထားအရ လုံးဝဖြစ်နိုင်ခြေမရှိပေ။ မြန်မာစစ်တပ်အနေဖြင့် အာဏာသိမ်းမှုဖြစ်စဉ်နှင့်အတူ ယှဉ်တွဲဖြစ်ပေါ်လာခဲ့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသော အဖက်ဖက်က စိန်ခေါ်မှုများကြောင့်သာ ရခိုင်ဒေသတွင် စစ်ရေးလှုပ်ရှားမှုများ မပြုလုပ်နိုင်ခြင်းဖြစ်သည်ဟု သုံးသပ်ရမည်ဖြစ်သည်။ ထို့ကြောင့် ရက္ခိုင်ဒေသသည် ပြည်တွင်းစစ်မီးကို ရေရှည်ခံရနိုင်ဖွယ်ရှိသော အနေအထားတွင် ရှိနေသည်ဟု သုံးသပ်ရမည်ဖြစ်သည်။

ထို့အပြင် ရခိုင်ဒေသသည် နယ်မြေအနေအထားကျဉ်းမြောင်းပြီး လူဦးရေအနည်းငယ်သာရှိသော ဒေသဖြစ်သည်မှန်သော်လည်း လူမျိုးကွဲပြားစုံလင်မှုနှင့် ဘာသာရေးနှင့် ယဉ်ကျေးမှုကွဲပြားစုံလင်မှုအပိုင်းတွင် သေးငယ်သည်ဟူ၍ကား ဆိုနိုင်သည်မဟုတ်ပေ။ ဆင်လည်း ဆင်အလျောက်၊ ပုရွတ်ဆိတ်လေး ပုရွတ်ဆိတ်အလျောက် သူ့အားနည်းချက်နှင့်သူ၊ သူ့အားသာချက်နှင့်သူ ရှိကြသည်ချည်းသာဖြစ်ပေသည်။ လူမျိုးဘာသာကွဲပြားစုံလင်မှုများ လေလေ လူမှုရေးနှင့်နိုင်ငံရေးပဋိပက္ခပိုများလေဖြစ်ပေရာ တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများ (Nation Building Functions) များကို မဟာဗျူဟာ၊ နည်းဗျူဟာများဖြင့် ရေတို၊ ရေရှည်စီမံကိန်းများချကာ စနှစ်တကျ အကောင်အထည်ဖော်သွားနိုင်ကြရမည်ဖြစ်သည်။ သို့မဟုတ်ပါက ထိုသို့ ကွဲပြားစုံလင်မှုများသည်ပင် အလှတရားတစ်ခု ဖြစ်မလာတော့ဘဲ တိုင်းပြည်မတည်မငြိမ်ဖြစ်ရခြင်း၏ အကြောင်းတရားတစ်ခုဖြစ်လာနိုင်ပေသည်။ အမျိုးသားစည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်မှုများကို မဖော်ဆောင်နိုင်ပါက ကွန်ဖက်ဒရိတ်သာမက နိုင်ငံတော်ပင်ဖြစ်လာခဲ့သော်လည်း အဖိုးတန်သောလွတ်လပ်မှုတစ်ခုဟု ဆိုနိုင်ကြမည်မဟုတ်ပေ။ ထို့ကြောင့် မီးဆိုလျင် မလောင်ခင်တားဆိုသည့်အတိုင်း ပြည်တွင်းစစ်မီးကိုဖြစ်ပေါ်စေနိုင်သော အကြောင်းအရင်း သေးသေးကလေးက အစ အထူးအလေးထားကာ ဖယ်ရှားသွားကြရမည်ဖြစ်ပေသည်။

(၂) သယံဇာတကျိန်စာသင့်နေရခြင်း (Natural Resource Trap)

သဘာဝသယံဇာတပေါ ကြွယ်ဝလျက် အဆင်းရေးကြီးဆင်းရဲနေကြသော နိုင်ငံများ ယနေ့ကမ္ဘာပေါ်တွင် များစွာရှိနေပေရာ မြန်မာနိုင်ငံသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ မြန်မာနိုင်ငံတွင် ဗမာအပါအဝင် တိုင်းရင်းသား လူမျိုးကြီး ၈ မျိုးရှိပေရာ ဗမာတိုင်းရင်းသားတို့က တိုင်း ၇ တိုင်းအဖြစ် ယူထားပြီး ကျန်တိုင်းရင်းသား ၇ မျိုးတို့ကမူ ပြည်နယ်များအဖြစ် တည်ရှိနေခြင်းဖြစ်ပေသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသော ပြည်နယ်ဒေသများသည် မြန်မာနိုင်ငံ၏ အနားသတ်ဒေသများတွင် တည်ရှိနေကြပြီး သဘာဝသယံဇာတအများစု စုဝေးတည်ရှိနေရာဒေသ လည်းဖြစ်သည်။ ထို့ကြောင့် သယံဇာတမှထွက်ရှိသော အကျိုးကျေးဇူးများကိုခွဲဝေရယူကြရာ၌ ဗမာက ၇ ဝေစုရရာတွင် ကျန်တိုင်းရင်းသား ၇ မျိုးက တစ်စုစီသာရရှိကြသဖြင့် မျှတမှုမရှိဟုဆိုကြရမည်ဖြစ်ပေသည်။ တို့အပြင် ဗမာလူ မျိုးကြီးဝါဒကို စွဲကိုင်ထားကြသော စစ်တပ်ဦးဆောင်သည့် လူတစ်စုက အမျိုးသားရေးကို အကြောင်းပြကာ လူတစ်စု ကြီးပွားတိုးတက်ရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်အမြတ်ထုတ်ခဲ့ကြသည်။ အဓိကစီးပွားရေးအရင်းအမြစ်များကို တိုင်းဒေသကြီးများတွင်သာ စုဝေးထားရှိခြင်း (Economic Centralization)၊ အဓိကပညာရေး အရင်းအမြစ်များကို တိုင်းဒေသကြီးများတွင်သာ စုစည်းထားရှိခြင်း (Education Centralization)၊ ဗဟိုအုပ်ချုပ်ရေးဌာနမှန်သမျှကို တိုင်းဒေသကြီးများတွင်သာ စုပြုံတည်ရှိစေခြင်း (Centralized Administration And Management) တို့ဖြင့် မညီမျှမှုနှင့် မမျှတမှုများဖြင့် တိုင်းပြည်ကို ဆယ်စုနှစ်ပေါင်းများစွာ အဆိပ်သင့်စေခဲ့ပေသည်။ အလွတ်သင် ပညာရေးစနှစ်ကို စနစ်တကျပုံဖော်ကာ လူမျိုးတစ်မျိုးတည်းကြီးစိုးရေး၊ ဘာသာတစ်ခုတည်း လွှမ်းမိုးရေး၊ ယဉ်ကျေးမှုတစ်မျိုးတည်းကြီးစိုးရေး စသည်တို့ကို ပညာရေးတွင်တစ်ဖုံ မီဒီယာများနှင့်တစ်မျိုး နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ကြသဖြင့် တိုင်းရင်းသားများအချင်းချင်းကြားတွင် မယုံကြည်မှုများသာ တစ်စတစ်စ တိုးပွားလာခဲ့ကြရသည်။ ပန်းမျိုးပေါင်းစုံ မွှေးကြိုင်စွာ ဖူးပွင့်ဝေဖြာ ထုံသင်းနေရမည့် မြန်မာ့မြေတွင် ပန်းတစ်မျိုးတည်းကသာ ထင်ထင်ရှားရှားနေရာယူနိုင်ရေး ကြိုးပမ်းနေခဲ့သည်မှာ အလွန် အမြော်အမြင်နည်းသည့် လုပ်ရပ်မျိုးဖြစ်သည်ဟု ဆိုကြရမည်ပင်ဖြစ်ပေသည်။

အမြော်အမြင်နည်းသူတို့က တိုင်းပြည်အာဏာကို မတရားရယူလိုက်ခြင်းကြောင့် ပြည်သားကောင်းရတနာပေါင်းများစွာ အသက်နှင့်ဘဝပေါင်းများစွာကို စတည်းခဲ့ကြရရုံမျှမက တတ်သိပညာရှင်ပေါင်းများစွာ တိုင်းတစ်ပါးတွင် အလုပ်အကျွေးပြုရခြင်း (Brain Drain) ဖြစ်ကာ မျိုးဆက်များအလွန်နစ်နာခဲ့ကြရသည်။ သူကြီးမကောင်းရွာဆူ၊ မင်း မကောင်း ပြည်ဆူ ဆိုသည့်အတိုင်း တိုင်းပြည်အုပ်ချုပ်သူ အဆက်ဆက်တို့၏ မရိုးသားမှုများနှင့် အရည်အချင်းညံ့ဖျင်းမှုများကြောင့် တိုင်းပြည်စည်းလုံးမှုပြိုကွဲပြီး ပြည်တွင်းစစ်သံသရာထဲတွင် ဝဲဝဲလည်ကာ ကမ္ဘာ့အလည်မှာ မျက်နှာငယ် နေကြရပေသည်။ နိုင်ငံတော်သီချင်းထဲတွင် ပါသော “တရားမျှတ ၊ လွတ်လပ်ခြင်းနှင့်မသွေ” ၊ “ခွင့်တူညီမျှဝါဒဖြူစင် သည့်ပြည်” စသော အနှစ်သာရလှလှကလေးများမှာ လေထဲတွင် ပျောက်ကွယ်နေရသည်မှာ ရင်နာဖွယ်ပင် ဖြစ်ပါတော့သည်။ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲဆင်နေကြသော ရခိုင်အပါအဝင် တိုင်းရင်းသားပြည်သူများအတွက် သင်ခန်းစာယူဖွယ်ပင်ဖြစ်ပါတော့သည်။ သယံဇာတအရင်းအမြစ်များကို ထုတ်လုပ်ရောင်းချခြင်းမပြုမီ လူမှုရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှု (EIA/SIA) တို့ကို စနစ်တကျပြုလုပ်ရမည်ဖြစ်သည့်အပြင် တာဝန်ခံမှုတာဝန်ယူအပြည့်အဝ ရှိရမည်ဖြစ်ပေသည်။ ထို့အပြင် သဘာဝသယံဇာတမှ ရငွေသုံးငွေများကို ပြည်သူများပွင့်လင်းမြင်သာစွာ သိရှိခွင့် (EITI) ကိုလည်း အာမခံချက်ပေးရမည်ဖြစ်ပေသည်။ သို့မဟုတ်ပါက သံသယနှင့်မယုံကြည်မှုများကို ဖြစ်ပေါ်စေကာ ပဋိပက္ခနွံထဲသို့ ထိုးကျသွားနိုင်သည်မှာ မလွဲဧကန်ပင်ဖြစ်ပါတော့သည်။

(၃) အိမ်နီးချင်းကောင်းများမရှိဘဲ ကုန်းတွင်းပိတ်ဖြစ်နေရခြင်း (Landlocked with bad neighbours)

ရခိုင်ဒေသသည် ကွန်ဖက်ဒရိတ်ပြည်ပင်ရှိစေ၊ လွတ်လပ်သော နိုင်ငံပင်ဖြစ်လာပါစေအုံး မြန်မာ၊ ဘင်္ဂလား၊ အိန္ဒိယ၊ တရုတ်တို့နှင့် အကျိုးစီးပွားပေါင်းများစွာ ချိတ်ဆက်နေသည်ကကား ပြောင်းလဲသွားမည်မဟုတ်ပေ။ သို့သော်လည်း ဤအချက်တွင် ရခိုင်ဒေသသည် ကမ်းရိုးတမ်းဒေသဖြစ်သည့်အတွက် အားသာချက်များစွာ ရှိနေသည်ဟု ဆိုရမည်ဖြစ်ပေသည်။ ဘင်္ဂလားသည် တရုတ်၏ စီးပွားဖက်နိုင်ငံရေးဖြစ်သည့်အတွက် တရုတ်၏အကျိုးစီးပွားများစွာ တည်ရှိနေသော ရခိုင်ဒေသအတွက် မိတ်ကောင်းဆွေကောင်းဖြစ်လာနိုင်သော အနေအထားတွင် ရှိနေပေသည်။ တရုတ်-မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေရှ့် လေးနိုင်ငံစီးပွားရေးစင်္ကြ့လမ်းကို တရုတ်ဦးဆောင်၍ ဖောက်လုပ်ရန် စီမံထားရှိလျက်ရှိရာ ထိုလမ်းကြောင်းသည် ရက္ခိုင့်တပ်တော်၏ ထိန်းချုပ်နယ်မြေတချို့ကို ဖြတ်သွားရမည်ဖြစ်သဖြင့် ထိုအကျိုးတူပူးပေါင်းဆောင်ရွက်ချက်ထဲတွင် ရက္ခိုင့်တပ်တော်၏ အခန်းကဏ္ဍသည်လည်း တစ်ခန်းတစ်ကဏ္ဍ အရေးပါလာမည်ဖြစ်သဖြင့် မိတ်ဆွေဖြစ်လာရမည့် အလားအလာရှိ နိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေးတွင် ထာဝရ ရန်သူ၊ ထာဝရမိတ်ဆွေဟူ၍ကားမရှိဘဲ အကျိုးစီးပွားကသာ အဓိကဖြစ်သည်မဟုတ်ပါလား။ တရုတ်တို့၏ ခါးပတ်တစ်ကွင်း လမ်းတစ်စင်းစီမံကိန်း (Belt And Road Initiative) အရ ရခိုင်ဒေသသည် တရုတ်တို့၏ ခါးပတ် (Belt) ဟု တင်စားထားသော ကုန်းလမ်းသည်လည်းကောင်း၊ Road ဟု ခေါ်သော ပင်လယ်ထွက်ပေါက်နှင့် ရေလမ်းခရီးသည်လည်းကောင်း ပါဝင်သည်ဖြစ်ပေရာ ရခိုင်ဒေသ၏တည်ငြိမ်ရေးသည်   တရုတ်တို့၏ အထူးလိုလားချက်တစ်ခုဖြစ်မည်မှာ မလွဲမသွေပင်ဖြစ်ပါလိမ့်မည်။ ထို့အပြင် ရခိုင်ဒေသသည် တရုတ်တို့၏ မလက္ကာရေလက်ကြားရန်ကိုကျော်လွန်၍ စွမ်းအင်တင်ပို့ရာလမ်းကြောင်းဖြစ်နေပြန်ပေရာ မည်မျှပင်အင်အားကြီးစေကာမူ ၎င်းတို့၏အကျိုးစီးပွားများစွာရှိနေသည့်အတွက် ရခိုင်ပြည်သူတို့၏ အယုံအကြည်ပျက်မည့်ကိစ္စကို တရုတ်တို့လုပ်ကြလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် တရုတ်သည် ရခိုင်တို့အတွက် မိတ်ကောင်းဆွေကောင်းဖြစ်လာလိမ့်မည်ဟု သုံးသပ်ရခြင်းဖြစ်ပေသည်။ အင်အားချိနဲ့နေသောအခါ တန်းတူရည်တူသတ်မှတ်မခံရနိုင်သေးသော်လည်း ပြည်တွင်းအချုပ်အချာအာဏာ (internal sovereignty) ကို ကောင်းစွာတည်ဆောက်နိုင်လျင်ကား အချိုးပြောင်းသွားမည်မှာ မလွဲမသွေပင်ဖြစ်တော့သည်။

အိန္ဒိယအတွက်ဆိုလျင်လည်း ဘင်္ဂလားဒေ့ရှ်ကို ကွေ့ဝိုက်နေပြီး တရုတ်၏နယ်စပ်ဒေသတွင်တည်ရှိနေသော မစ္ဇူရန်အစရှိသော အရှေ့မြောက် (၇) ပြည်နယ်၏ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရခိုင်ဒေသ၏ အရေးအပါဆုံးမြစ်ဖြစ်သော ကုလားတန်မြစ်က အထူးအရေးပါနေပေသည်။ အခြားအိန္ဒယဒေသ၏ အစိတ်အပိုင်းများနှင့် အသွေးအရောင်ရော၊ ကိုးကွယ်ရာဘာသာပါမတူညီသည့် ထိုကုန်းတွင်းပိတ်နယ်မြေ (၇) ခုသည် ပင်လယ်ထွက်ပေါက်မရှိသည့်အတွက် ကလကတ္တား၊ နယူးဒေလီ စသော ဒေသများနှင့် ဆက်သွယ်နိုင်ရန်အတွက် လည်းကောင်း၊ အခြားသောနိုင်ငံများနှင့် ဆက်သွယ်နိုင်ရေးအတွက်လည်းကောင်း စစ်တွေဆိပ်ကမ်းကို အခြေပြုထားသော ကုလားတန်စီမံကိန်းက အထူးအရေးပါနေပေသည်။ ထိုဒေသသည် ရက္ခိုင့်တပ်တော်၏ အထူးလွှမ်းမိုးကြီးစိုးထားသော ဒေသဖြစ်သည့်အတွက် ရက္ခိုင့်တပ်တော်၏ အခန်းကဏ္ဍက တစ်ဖန်ပြန်အရေး ပါလာမည်ပင်ဖြစ်ပေသည်။ ရက္ခိုင့်တပ်တော် အင်အားအနည်းငယ်သာ ရှိစဉ်ကာလက အိန္ဒိယသည် နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် မြန်မာစစ်တပ်နှင့်ပူးပေါင်းက ရက္ခိုင့်တပ်တော်အား အာရုဏ်ဦးစစ်ဆင်ရေး အမည်ဖြင့် တိုက်ခိုက်ခဲ့ပါသေးသည်။ သူ့တို့၏ အဓိကရည်ရွယ်ချက်မှာ ပြန်လည်ပေါင်းစည်းရေး အိပ်မက်ဖြင့် တော်လှန်တိုက်ပွဲဝင်နေကြသော ကသည်းနှင့် နာဂတော်လှန်ရေးအင်အားစုများက ရက္ခိုင့်တပ်တော်နှင့် ချိတ်ဆက်မှုရသွားလျင် ပိုမိုအင်အားဖြစ်သွားမည်ကို စိုးရိမ်သည့်အပြင် ကုလားတန်စီမံကိန်းကို ကာကွယ်လိုခြင်းဖြစ်ပါလိမ့်မည်။ သို့သော်လည်း ရခိုင်တော်လှန်ရေးက အမြစ်မပြတ်သည့်အပြင် တစ်နေ့တစ်ခြား ပို၍အင်အားကောင်းလာခဲ့ပေရာ အိန္ဒိယ၏ ရက္ခိုင့်တပ်တော်နှင့်ပတ်သက်သော စဉ်းစားတွေးခေါ်မှုသည်လည်း ပြောင်းလဲသွားသည်ဟု ဆိုရမည်ဖြစ်ပေသည်။ အကျိူးတူပူးပေါင်းရေးဖက်ကို ပို၍အာရုံရောက်လာခဲ့သည်ဟု သုံးသပ်လျင်လွဲမည်မထင်ပေ။ တော်လှန်ရေးကာလတုန်းက ရခိုင်ဒေသတွင် ခိုလှုံဖူးခဲ့ပြီး လက်ရှိအချိန်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာရရှိထားကြသော မစ္ဇူရန်တော်လှန်ရေးသမားများက ရက္ခိုင့်တော်လှန်ရေး ခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်ရေးကသာ လက်တွေ့ကျသော အဖြေဖြစ်မည်မှန်း သိကြမည်မှာ မလွဲမသွေပင်ဖြစ်တော့သည်။

ရခိုင်တို့အနေဖြင့်မူလည်း စီးပွားရေးနှင့် ပညာရေးအတွက်သော်လည်းကောင်း၊ ပင်လယ်ပြင်လုံခြုံရေးနှင့် စိုးမိုးရေးအတွက်သော်လည်းကောင်း တောင်အာရှ၏ကျားတစ်ကောင်ဖြစ်သော အိန္ဒိယနှင့်မိတ်ဆွေကောင်းအဖြစ် နေထိုင်နိုင်ရေးကို အထူးအာရုံစိုက်ကာ ဆောင်ရွက်သင့်ပေသည်။ ဒီမိုကရေစီကျားကြီးနှင့် ကွန်မျူနစ်ဆင်ကြီးနှစ်ကောင်ကြားတွင် အတိတ်တစ်ခေတ်က ဝံလက်ငှက်ကဲ့သို့ ဖြစ်နိုင်ရပေမည်။ ရိုးမတစ်ခွင်တွင် အမဲလိုက်၍ ပင်လယ်ပြင်တစ်ခွင်တွင် ငါးဖမ်းစားတတ်သော ဝံလက်ငှက်တစ်ကောင်အဖြစ် ပြန်လည်ရှင်သန်နိုးထ လာနိုင်သော ပထဝီအနေအထားကို ပိုင်ဆိုင်ထားသည်ဖြစ်သဖြင့် အရည်အချင်းရှိသော ခေါင်းဆောင်မှုနှင့် ရေပက်မဝင်သော အမျိုးသားစည်းလုံးညီညွတ်ရေးကသာ အခရာဖြစ်ပါလိမ့်မည်။
ဘင်္ဂလားဒေ့ရှ်သည် လူတစ်ရာသာဆန့်သော ကားတစ်စီးတွင် လူတစ်ရာ့ငါးဆယ်ခန့် တိုးကြပ်စီးကာ ခရီးနှင်နေသည်နှင့်တူပေရာ မလှုပ်မရှက်ပဲ တည်တည်ငြိမ်ငြိမ်စီးနင်း လိုက်ပါမောင်းနင်နေရသည့် အခြေအနေတွင် ရှိနေပေသည်။ ထို့အတွက်ကြောင့် နိုင်ငံရေးတည်ငြိမ်မှုကို အထူးအလေးပေးဆောင်ရွက်နေရမည့် နိုင်ငံတစ်ခုဖြစ်ပေသည်။ စစ်တကောင်းတောင်တန်းတစ်လျောက်လုံးတွင် ရခိုင်၊ မရမာ၊ သက္ကမစသော ရခိုင်၏ညီကိုရင်းများ နေထိုင်နေကြသည်ဖြစ်ပေရာ နယ်စပ်တည်ငြိမ်ရေးအတွက် ရက္ခိုင့်တပ်တော်ကို ရန်သူလိုသဘောထား ဆက်ဆံလိမ့်မည်မဟုတ်ပေ။

ရန်သူလိုဆက်ဆံလျင်လည်း အကျိုးမရှိနိုင်သည့်အပြင် ကိုယ်ကျိုးနည်းဖို့သာရှိလေမည်ဖြစ်သည်။ အကယ်၍ လက်ရှိမြန်မာနိုင်ငံမှာကဲ့သို့ နိုင်ငံရေးမတည်ငြိမ်မှုများသာ ပေါ်ပေါက်လာခဲ့ပါက ပါကစ္စတန်လိုလားသော အုပ်စုနှင့် အိန္ဒိယလိုလားသော အုပ်စုတို့ အားပြိုင်မှုများပေါ်ပေါက်ကာ တိုင်းပြည်ပြိုကွဲသွားနိုင်သည့်အနေအထားထိရှိကြောင်း ဘင်္ဂလားဒေ့ရှ်က နိုင်ငံရေးသမားအများစုက သဘောာပေါက်ကြပေလိမ့်မည်။ ထို့ကြောင့်လည်း သူတို့နိုင်ငံနယ်နိမိတ်ထဲတွင် လှုပ်ရှားနေကြသော လက်နက်ကိုင်အဖွဲ့အစည်းများအပေါ် သဘောထားသော ဘင်္ဂလားဒေ့ရှ်၏သဘောထားမှာ တင်းမာမှုရှိသည်ဟု သုံးသပ်ရမည်ဖြစ်ပေသည်။ သို့သော်လည်း ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လှုပ်ရှားနေသော ရက္ခိုင့်တပ်တော်အပေါ်သဘောထားကိုကား မသိကျိုးကျွံပြုထားသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ရက္ခိုင့်တပ်တော်အပေါ် ရန်သူကဲ့သို့ သဘောထားလျင်ဖြစ်လာနိုင်မည့် ပြည်တွင်းလှုပ်ခတ်မှုများကို သော်လည်းကောင်း၊ တရုတ်တို့၏အကျိုးစီးပွားအများစွာရှိနေသော ဒေသဖြစ်နေ၍ လည်းကောင်း လက်ရှောင်နေခြင်းဖြစ်လိမ့်မည်ဟု အကြမ်းအားဖြင့် သုံးသပ်နိုင်မည်ဖြစ်ပေသည်။ ထို့အပြင် မြန်မာ စစ်တပ်နှင့် ဘင်္ဂလားဒေ့ရှ်စစ်တပ်တို့၏ အကျိုးတူပူးပေါင်းဆောင်ရွက်မှုမရှိခဲ့သော အခြေအနေများကလည်း အရင်း ခံအကြောင်းအရင်းတစ်ခုအဖြစ်ရှိနိုင်သည်ဟူ၍လည်း ဆိုနိုင်မည်ဖြစ်ပေသည်။ မည်သို့ဆိုစေ ဘင်္ဂလားဒေ့ရှ်သည် ရခိုင်ဒေသအတွက် မိတ်ဆွေကောင်းမဖြစ်နိုင်ဆိုလျင်တောင်မှ ရန်သူဖြစ်လာနိုင်ခြေမရှိဟုပင် သုံးသပ်ရမည်ဖြစ်သည်။

မြန်မာစစ်တပ်က အာဏာရယူပြီးချိန်မှစတင်၍ဖြစ်ပေါ်လာသော နိုင်ငံရေးနှင့်စစ်ရေးအားပြိုင်နေမှုများကို လက်ရှိအချိန်တွင် ခန့်မှန်းပြောဆိုရန်ခက်သေးသည်ဟု ဆိုရမည်ဖြစ်သည်။ ပုံမှန်ဆိုလျင် အမာအင်အား (Hard Power) နှင့် အပျော့အင်အား (Soft Power) တို့ အားပြိုင်ကြလျင် အမာအင်အားကအနိုင်ရလေ့ရှိတတ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင်ကား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ယုံကြည်ချက်တူ၊ ခံယူချက်တူ တိုင်းရင်းသားပြည်သူများပူးပေါင်းထားသော တော်လှန်ရေးလှုပ်ရှားမှုများမှာ အပျော့အင်အားကိုကျော်လွန်၍ အမာဖက်သို့ တဖြည်းဖြည်းရောက်ရှိလာခဲ့ပြီဖြစ်ပေသည်။ သို့သော်လည်း စနစ်ကျသော ခေါင်းဆောင်မှုနှင့် စုပေါင်းခေါင်းဆောင်မှုကို မရောက်နိုင်လျင်ကား တော်လှန်ရေးအောင်မြင်ရန် လွယ်ကူနိုင်မည်မဟုတ်ချေ။ အချင်းချင်းစစ်ပြိုင်ခင်းရင်း ခြေကုန်လက်ပန်းကျဖြစ်လာကြလျင်မှ ညှိနှိုင်းဆွေးနွေးကြမည်ဆိုလျင် တိုင်းပြည်နာသည်သာ အဖတ်တင်ကျန်ရစ်မည်ဖြစ်ပါသည်။ ရခိုင်ဒေသအတွက်မူကား မည်သူပင်နိုင်သည်ဖြစ်စေကာမူ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်က အကောင်အထည်ဖော်နေသော တော်လှန်ရေးအိမ်မက်နှင့် ဆက်လက်ညှိနှိုင်းကြရဦးမည်ဖြစ်ပေသည်။

အပေးအယူအလျော့အတင်းလုပ်ကြရဦးမည်ဖြစ်ပေသည်။ ညှိနှိုင်း၍ မရလျင်ကား စစ်ပွဲများတစ်ဖန်ဖြစ်ကြဦးမည်ချည်းသာဖြစ်ပေသည်။ စင်စစ်အားဖြင့် ရခိုင်နှင့်မြန်မာလူမျိုးတို့သည်ရာစုနှစ်နှစ်ခုကျော်တိုင် အေးအတူပူအမျှနေလာကြသူများဖြစ်သဖြင့် ရန်ဖက်ကဲ့သို့ဖြစ်လာနိုင်သည်ဟူ၍ကား မဆိုနိုင်ပေ။ ဖြစ်လည်းမဖြစ်သင့်ပေ။ ညီကိုရင်းကဲ့သို့ သဘောထားကာ နှစ်ဦးနှစ်ဖက်မျှတအောင်ဆောင်ရွက်နိူင်မှ နှစ်ဖက်လုံးအတွက် အကျိုးများနိုင်မည်ဖြစ်ပေသည်။ ရခိုင်ဒေသ၏ စစ်ရေးစီးပွားရေးအင်အားကြီးထွားလာခြင်းသည် မြန်မာပြည်အတွက်ခြိမ်းခြောက်မှုတစ်ခုဖြစ်မလာနိုင်သည်မှာ အသေအချာပင်ဖြစ်ပေရာ အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်မှသာလျင် အခြားသောအင်အားကြီးနိုင်ငံများ၏ ဝင်ရောက်ချယ်လှယ်မှုများကို အလွယ်တကူ တားမြစ်နိုင်မည်ဖြစ်ပေသည်။ စည်းလုံးညီညွတ်မှုကို တန်းတူရည်တူ သဘောထားကာ တည်ထောင်နိုင်မည့် နိုင်ငံရေး အမြော်အမြင်ရှိသော ခေါင်းဆောင်ကောင်းများကသာ ဤအခြေအနေမျိူးကို တည်ဆောက်နိုင်မည်ဖြစ်ပေရာ  လက်ရှိအခြေအနေတွင်ကား မျှော်လင့်ချက်မျှသာဖြစ်နေပေအုံးမည်။ ထို့ကြောင့် အင်အားသည်အမှန်တရား (Might is power) ဟူသော သဘောတရားကသာ လက်တွေ့ကျသည့် လုပ်ရပ်အဖြစ်ရှိနေရခြင်းဖြစ်ပေသည်။ ရက္ခိုင့်တော်လှန်ရေးခေါင်းဆောင်များသည်လည်း ထိုသဘောတရားတွင် ရပ်တည်ကာ မိမိတို့၏အမျိူးသားအကျိူး စီးပွားမထိခိုက်ရေးကို ဦးစားပေးဆောင်ရွက်ကာ နိုင်ငံတည်ဆောက်ရေး (State Building) နှင့် တိုင်းပြည်တည်ဆောက်ရေး (Nation Building) တို့ကိုသာ ကြိုးစားတည်ဆောက်နေကြခြင်းဖြစ်သည်ဟု သုံးသပ်နိုင်မည်ဖြစ်ပသည်။  

(၄) တိုင်းပြည်အငယ်တွင် စွမ်းဆောင်ရည်ရှိသော အစိုးရကောင်းမရှိခြင်း (Bad Governance in a small country)
 ခေါင်းဆောင်ကို (၁) အပေးသာရှိ၍ အယူမရှိသောခေါင်းဆောင်၊ (၂) အယူသာရှိ၍ အပေးမရှိ သောခေါင်းဆောင်၊ (၃) အယူများ၍ အပေးနည်းသောခေါင်းဆောင်၊ (၄) အပေးများ၍ အယူနည်းသောခေါင်းဆောင်ဟူ၍ အမျိုးအစားခွဲခြားဖော်ပြရသော် မြန်မာနိုင်ငံတွင်ရှိခဲ့သော အစိုးရမင်းအဆက်ဆက်တို့မှာ နံပတ်(၂)နှင့် နံပတ်(၃) ခေါင်းဆောင်များသာ အများစုရှိခဲ့ကြသည်ဟု ဆိုရမည်ဖြစ်ပေသည်။ သင်္ဘောမာလိန်မှူးမကောင်းလျင် ခရီးသည်အားလုံး ဘေးဆိုက်ရသကဲ့သို့ပင် တိုင်းပြည်ကိုဦးဆောင်သော အစိုးရတို့မကောင်းခဲ့သဖြင့် ပြည်သူပြည်သားများအားလုံး ဆင်းရဲခြင်းအငတ်ဘေးကိုလည်းကောင်း၊ ပြည်တွင်းစစ်စသော လက်နက်ဘေးများကိုလည်းကောင်း၊ ကပ်ရောဂါဘေးများကိုလည်းကောင်း အလူးအလဲခံစားနေကြရသည်ဟုဆိုလျင် လွန်ရာကျမည်မထင်ပါ။ ခေါင်းဆောင်ကောင်းများရှိသော တိုင်းပြည်သည် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်၍ ခေါင်းဆောင်ကောင်းများမရှိသော တိုင်းပြည်သည် ကပ်သုံးပါးဆိပ်ရသည်ချည်းသာဖြစ်ပေသည်။

လီကွန်းယုကဲ့သို့ခေါင်းဆောင်မျိုးကို ရရှိပိုင်ဆိုင်ခဲ့သော စင်ကာပူနိုင်ငံသည် တံငှာသည်ရွာသာသာ ကျွန်းစုမြို့ကလေးမှ ချမ်းသာကြီးပွားတိုးတက်ခဲ့သော နိုင်ငံငယ်ကလေးတစ်ခုအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ထွက်ပေါ်လာခဲ့ပြီး ဦးနေဝင်းကဲ့သို့ ခေါင်းဆောင်မျိုးကိုရရှိခဲ့သဖြင့် ကုဋေကြွေသော သူဌေးသားဘဝမှ သူတောင်းစားပမာဖြစ်သွားခဲ့ရသော မြန်မာနိုင်ငံမှာ ခေါင်းဆောင်ကောင်းရှိခြင်း/မရှိခြင်း တို့ကို နှိုင်းယှဉ်ဖော်ပြရန် အကောင်းဆုံးဥပမာဖြစ်ပါလိမ့်မည်။

နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ အဓိကစွမ်းဆောင်ရည်တစ်ခုကို ဖော်ပြပါဆိုလျင် တိုင်းပြည်၏ ရည်မှန်းချက်များကို လက်တွေ့ဘဝထဲသို့ ရယူအကောင်အထည်ဖော်ပြနိုင်ခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ မိမိတို့ပြည်သူများ၏ လိုအပ်ချက်များ (Needs) နှင့် လိုအင်ဆန္ဒများ (Wants) များကို ခေါင်းဆောင်လုပ်သူက ကောင်းစွာနားလည်နိုင်ရမည်ဖြစ်ပြီး အပြောသက်သက်မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ပြနိုင်ရမည်ဖြစ်ပေသည်။ ခေါင်းဆောင်လုပ်သူက မိမိဦး ဆောင်သည့်ပြည်သူများကို မျှော်လင့်ချက်အိမ်မက် (Dreams) ပေးစွမ်းနိုင်ရမည်ဖြစ်ပြီး ထိုအိပ်မက်များအမှန်တကယ် ဖြစ်လာနိုင်ရန်အတွက်လည်း မိမိ၏ပြည်သူများနှင့်အတူ အရယူနိုင်ရမည်ဖြစ်ပေသည်။ ခေါင်းဆောင်မှုပုံစံများကို ကိုယ်တိုင်တင်ခေါင်းဆောင်မှု (Autocratic Leader)၊ အများတင်ခေါင်းဆောင်မှု (Democratic or Participative Leader)၊ တန်းတူခေါင်းဆောင်မှု (Declarative or laissez faire leader) နှင့် စုပေါင်းဦးဆောင်ခေါင်းဆောင်မှု (Group Leader) ဟူ၍ အမျိုးအစားခွဲခြားနိုင်ပေရာ မည်သည်က ပိုကောင်းသည်ဟူသည်မှာကား ထိုလူ့အဖွဲ့အစည်း၏ အသိပညာနှင့် ကိုယ်ကျင့်ပညာရင့်ကျက်မှုအပေါ်တွင်မူတည်ကာ ဖြစ်ပေါ်တိုးတက်ရမည်ဖြစ်သည်ဟု ဆိုချင်ပါသည်။

ကွန်မျူနစ်အတွေးအခေါ်များ ကြီးစိုးနေသော လူ့အဖွဲ့အစည်းထဲတွင် ဒီမိုကရေစီစနစ်ဖြင့် ဦးဆောင်မှုပေးလျင် အောင်မြင်နိုင်မည်မဟုတ်သကဲ့သို့ ဒီမိုကရေစီထွန်းကားရှင်သန်နေသော လူ့အသိုင်းအဝိုင်းတွင်လည်း အာဏာရှင်စနစ်ကို လက်ခံကြလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ခေါင်းဆောင်တစ်ဦးအနေဖြင့် မိမိဦးဆောင်မည့်လူ့အဖွဲ့အစည်း၏ နိုင်ငံရေးအတွေးအခေါ်နှင့် ယုံကြည်မှုများကို ကောင်းစွာနားလည်သဘောပေါက်ထားရန် အထူးလိုအပ်ပေသည်။ မြန်မာနိုင်ငံကဲ့သို့ ကွဲပြားသော နိုင်ငံရေးအတွေးအခေါ်နှင့် မတူညီသော သမိုင်း နောက်ခံယဉ်ကျေးမှုများရှိနေသော ဒေသမျိုးတွင် စုပေါင်းခေါင်းဆောင်မှု (Collective leadership or Group leader) စနစ်ကို မကျင့်သုံးခဲ့ဘဲ မိမိကိုယ်တိုင်ခေါင်း ဆောင်တက်လုပ်သော စနစ် (သို့) အာဏာရှင်ဆန်သော ခေါင်းဆောင်မှုစနစ် (Autocratic Leadership) ကိုအသုံးပြုခဲ့ခြင်းမှာ လွန်စွာအမြော်အမြင်နည်းခဲ့သည်ဟု ဆိုရမည်ဖြစ်ပေသည်။ ဒီမိုကရေစီဟု အမည်တပ်ခဲ့သော စစ်တစ်ပိုင်းအစိုးရလက်ထက်တွင်လည်း ဒီမိုကရေစီကိုခေါင်းစိုင်တပ်ကာ အာဏာရှင်ဆန်ခဲ့ကြသော နိုင်သူအကုန်ယူစနစ် (Winner Take All Policy) ဖြင့် သွားခဲ့ကြသဖြင့် လူနည်းစုတိုင်းရင်းသားများမှာ လွန်စွာနစ်နာခဲ့ရသည်ချည်းသာဖြစ်ပေသည်။ ဒီမိုကရေစီ၏အနှစ်သာရအားဖြင့် လူများစုကအာဏာရပြီး လူနည်းစု၏အခွင့်အရေးကိုပါ ကာကွယ်ရမည်မှန်သော်လည်း မိမိတို့တိုင်းပြည်၏ဖြစ်တည်မှုအရ လူနည်းစုများကပါ အာဏာ ယန္တယားတွင် တန်းတူပါဝင်လာနိုင်ရေးအတွက် ကြိုးစားအားထုတ်ခဲ့သင့်ပေသည်။

လုံခြုံငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်ရေးကို အစိုင်တစိုက်သွားလိုလျင် လူမျိုးတိုင်းပါဝင်နိုင်သောမူဝါဒ (All inclusive Policy) ကို အကောင်အထည်ဖော်ရမည်ပင်ဖြစ်ပေသည်။ သို့သော် မည်သည့်ကောင်းမွန်သော စနစ်တစ်ခုကိုမဆို အခုရေတွင်းတူး၊ အခုရေ ကြည်သောက်ဆို၍ကား ရနိုင်ဖွယ်ရာမရှိသည်ကိုကား နားလည်လက်ခံပေး၍ရနိုင်သည်မှန်သော်လည်း လွတ်လပ်ရေးရပြီးကတည်းက တိုင်းပြည်အာဏာကို ရသည့်နည်းဖြင့် မင်းမူကြီးစိုးခဲ့ကြသူတို့မှာကား အာဏာယစ်မူး နေခဲ့ကြသဖြင့် ယခုအချိန်တွင် နောက်ပြန်ဆုတ်ရန် ခက်သည့် တော်လှန်ရေးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီပေသည်။

ဤနေရာတွင် ရခိုင်တော်လှန်ရေးနှင့် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်သော ULA/AA ၏ ခေါင်းဆောင်မှုကို အကျဉ်းမျှခွဲခြမ်းစိတ်ဖြာနားလည်ရသော် အဓိကအဆင့် (၇) ဆင့်ဖြင့် ရှုမြင်နိုင်ပေသည်။ (၁) ရခိုင့်အမျိုးသားတော်လှန်ရေးကို ဦးဆောင်ပေးနိုင်မည့် တော်လှန်ရေးတပ်တစ်ခုကို မဟာမိတ်ကောင်းများ၏ နယ်မြေတွင် တည်ထောင်နိုင်ခဲ့ခြင်း (Forming Military Force)၊ (၂) မည်သည့်တော်လှန်ရေး အဖွဲ့အစည်းကမှ မစွမ်းဆောင်နိုင်ခဲ့သည့် ပြင်းထန်သော စစ်ရေးလှုပ်ရှားမှုများကို ရခိုင်မြေပေါ်တွင် ပြသနိုင်ခဲ့ခြင်း (Military Performances)၊ (၃) ရခိုင်တို့၏ လိုအပ်ချက်၊ လိုအင်ဆန္ဒများနှင့်ကိုက်ညီလိုက်ဖက်သော အမျိုးသားရေးလမ်းစဉ်ကိုချမှတ်ကာ ပြည်သူများ၏နှလုံးအိမ်ကို ရယူသိမ်းပိုက်နိုင်ခဲ့ခြင်း (The Way Of Rakhita)၊ (၄) အာဏာယန္တယားများတည်ထောင်ခြင်းနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် စွမ်းဆောင်ခြင်း (State Building And Nation Building)၊ (၅) တည်ဆောက်ထားသော အာဏာယန္တယားများကို စတင်အသက်သွင်းခြင်းနှင့် ခိုင်မာအားကောင်းအောင်စွမ်းဆောင်ခြင်း (Bureaucratization and professionalization)၊ (၆) ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို စတင်ထမ်းဆောင်ခြင်း (Public Services)၊ (၇) ဒီမိုကရေစီအခွင့်အရေးများကို တတ်စွမ်းသမျှပေးစွမ်းနိုင်ရန် ကြိုးပမ်းခြင်း ရခိုင်အမျိုးသားရေးမူဝါဒ (သို့) ရက္ခိလမ်းစဉ်ကို ဤအဆင့် (၇) ဆင့်ဖြင့် အရောက်လှမ်းချီတက်နေသည်ဟု ရှုမြင်သုံးသပ်လိုပေသည်။ လက်ရှိအချိန် ဌာနဆိုင်ရာလုပ်ငန်းပေါင်းမည်မျှကို တည်ထောင်လည်ပတ်နေသည်ဟု အတိအကျခန့်မှန်းပြောဆိုရန် မလွယ်ကူသေးသော်လည်း အုပ်ချုပ်ရေးနှင့် တရားစီရင်းရေးနှစ်ခုမှာ တရားဝင်ကြေငြာပြောဆိုထားပြီးဖြစ်သဖြင့် အထင်ရှားဆုံးနှင့် အမြင်သာဆုံးဖြစ်သည်ဟု ဆိုနိုင်မည်ဖြစ်သည်။ ULA/AA ၏ လုပ်ရပ်များကို စောင့်ကြည့်လျင် လုပ်မည်ဟုစတင် ကြောငြာသောအချိန်သည် ၇၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေပြီးသော အချိန်ဖြစ်သည်ဟု လေ့လာစောင့်ကြည့်မှုများအရ သိရှိနိုင်ခဲ့ကြပြီးဖြစ်ပါလိမ့်မည်။

ပြည်သူများအားမျှော်လင့်ချက်အိမ်မက်တစ်ခုပေးမည်။ ထို့နောက် ၎င်းတို့ ကိုယ်တိုင်ရှေ့က စွမ်းဆောင်ပြမည်။ ဤနည်းအားဖြင့်ပင် စစ်ရေးလှုပ်ရှားမှုများကစ၍ အစီစဉ်တကျ လုပ်ဆောင်လာခဲ့ပေရာ လက်ရှိအချိန်တွင် နံပတ်(၅) အာဏာယန္တယားများ အားကောင်းခိုင်မာစွာတည်ထောင်ခြင်းနှင့် နံပြတ် (၆) ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ထန်းဆောင်ခြင်းသို့ တိုင်လျှောက်လှမ်းရောက်ရှိလာခဲ့ပြီဖြစ်သည်။ သို့သော်လည်း ရခိုင်ပြည်သူတချို့ကမူ ရခိုင့်တပ်တော်အပေါ်တွင် ထားရှိသောမျှော်လင့်ချက် အလွန်မြင့်နေသည့်အတွက် နံပတ်(၇) အဆင့်ဖြစ်သော ဒီမိုကရေစီအခွင့်အရေးများကိုပါ လိုလိုလားလား တောင်းဆိုလာနေကြသည်ကို တွေ့ရပေသည်။ ပြည်သူတို့၏မြင့်မားသော လိုအပ်ချက်များနှင့် လိုအပ်ချက်များကို ပြည့်ပြည့်ဝဝပေးစွမ်းနိုင်ရန်ကား တရားဝင်အစိုးရ တစ်ရပ်ကဲ့သို့ စွမ်းဆောင်နိုင်အုံးမည် မဟုတ်သေးပေ။

လူ့စွမ်းအားအရင်းအမြစ်ရရှိနိုင်မှု (Men Power)၊ ငွေကြေးအင်အားခိုင်မာအားကောင်းမှု (Money)၊ လိုအပ် သောကိရိယာတန်ဆာပလာများပြည့်စုံမှု (Materials)၊ အစိုးရအဖွဲ့ဝင်များ၏ ချဉ်းကပ်လုပ်ဆောင်နည်းများကောင်း မွန်မှု (Methods)နှင့် အစိုးရအဖွဲ့ဝင်များ၏ ကိုယ်ကျင့်တရားကောင်းမွန်မှု (Morality) စသော  “M” ငါးလုံးကိုစနစ်တကျ ဖြည့်တင်းရဦးမည်ဖြစ်ပေသည်။ တော်လှန်ရေးအစိုးရတစ်ရပ်အနေဖြင့် တော်လှန်ရေးဆန်ဆန် လုပ်ဆောင်နေရဦးမည်ဖြစ်သည်။ သို့သော်လည်း အမြဲတမ်းထိုဆင်ခြေဖြင့် သွားနေလျင်ကား ပြည်သူ့ထောက်ခံမှုအပိုင်းတွင် အားနည်းချက်များရှိလာမည်မှာ မလွဲဧကန်ပင်ဖြစ်ပေသည်။ စစ်ရေးစွမ်းဆောင်ချက် (Military Performances) များဖြင့် ပြည်သူ့ထောက်ခံမှုကို အများဆုံးရယူခဲ့သော ULA/AA အနေဖြင့် ယခုကဲ့သို့ စစ်ရေးလှုပ်ရှားမှုများရပ်တန့်ကာ နိုင်ငံတည်ဆောက်ရေးနှင့်တိုင်းပြည်တည်ဆောက်ရေး (State Building And Nation) ကို တစိုက်မတ်မတ် လုပ်ဆောင်နေချိန်တွင် နိုင်ငံရေးဆိုင်ရာစွမ်းဆောင်ချက်များ (Political Performances) များ ကိုလည်းကောင်း၊ လူမှုရေးဆိုင်ရာစွမ်းဆောင်ချက်များ (Social Performances) ကိုလည်းကောင်း၊ မိမိတို့တရားဝင်ကြေငြာကာ ဆောင်ရွက်နေသော အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စွမ်းဆောင်ချက်များ (Executives And Judiciary Performances) များကိုလည်းကောင်း၊ အခြားသောဖွံ့ဖြိုးရေးဆိုင်ရာစွမ်းဆောင်ချက်များ (Development Performances) များကိုလည်း ကောင်း စွမ်းဆောင်ရည်ပြည့်ဝအောင် အထူးကြိုးစားဆောင်ရွက်ရမည်ဖြစ်ပေသည်။ ထိုစွမ်းဆောင်ချက်များကို ကောင်းမွန်ထိရောက်စွာနှင့် အချိန်နှင့်တပြေးညီ မဆောင်ရွက်နိုင်ပါက မြန်မာစစ်တပ်၏ ဆယ်စုနှစ်ပေါင်းများစွာကျင့်သုံးခဲ့သော အချိန်ဆွဲကာအားအင်ချိနဲ့စေသည့် ဗျူဟာသတ်ကွင်းထဲသို့ ရောက်မှန်းမ သိရောက်သွားနိုင်သည်ကို သတိမူကြရမည်ဖြစ်သည်။ တော်လှန်ရေးတွင် လက်ရုံးရည်က အဓိကကျသည်မှန်သော်လည်း တည်ဆောက်ရေးတွင်ကား နှလုံးရည်အားကောင်းမှဖြစ်ပေလိမ့်မည်။ တောထဲတောင်ထဲမှစတင် ခဲ့သောတော်လှန်ရေးသည် မြို့ထဲ့ရွာထဲတွင် အောင်လံစိုက်နိုင်မှ အောင်မြင်သည်ဟုဆိုရပေမည်။ ဆိုလိုသည်မှာ သာမန်လူတန်းစား၊ အလယ်အလတ်လူတန်းစားတို့၏ ပူးပေါင်းဆောင်ရွက်မှုကိုကျော်လွန်၍ အထက်တန်းလွှာများ ကိုယ်တိုင်ပါဝင်လာသော တော်လှန်ရေးမျိုးဖြစ်လာမှသာ တည်ဆောက်ရေးလုပ်ငန်းများ ခရီးပိုရောက်လာ မည်ဖြစ်ပေသည်။ ထိုသို့ဖြစ်လာရန်အတွက် လူမှန် နေရာမှန်ချထားနိုင်ရေးနှင့် လူတော်လူကောင်းများ ပို၍နေရာရလာရပေမည်။ သို့မှသာ တော်လှန်ရေးခရီးကြမ်းကြီးကို တည်ဆောက်ရေးလုပ်ငန်းများဖြင့် အချိန်တိုတိုတွင် ကောင်းမွန်စွာအဆုံးသတ်နိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင်ကား ဦးဆောင်သူများက မနားမနေကြိုးစား၍ ပြည်သူပြည်သားများကလည်း စိတ်ရှည်လက်ရှည်ဖြင့် ပူးပေါင်းချီ တက်ကြရဦးမည်ဖြစ်ပေသည်။

ဇော်ထွန်း (မြောက်ဦး)_ရေးသားသည်