- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သားသေဆုံးမှုများမှာ ၂၀၁၉ ခုနှစ်တွင် ရခိုင်၌ အများဆုံးဖြစ်ခဲ့
မြန်မာတစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေကြသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သားသေဆုံးမှုများမှာ ၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် အများဆုံးဖြစ်ခဲ့ကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု(MIPS)က ထုတ်ပြန်သည်။
08 Jul 2020

မင်းထွန်း | DMG
ဇူလိုင် ၈ ၊ စစ်တွေ
မြန်မာတစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေကြသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သားသေဆုံးမှုများမှာ ၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် အများဆုံးဖြစ်ခဲ့ကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု(MIPS)က ထုတ်ပြန်သည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပဋိပက္ခဖြစ်စဉ်များကို လေ့လာဆန်းစစ်ထားသော “ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ သုံးသပ်ချက်-၂၀၂၀” သုတေသနအစီရင်ခံစာကို MIPS က ဇူလိုင်လ ၇ ရက်နေ့တွင်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်အတွင်း၌ အရပ်သား (၈၆)ဦးသေဆုံး ခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ (၁၇၄)ဦးရှိခဲ့ကြောင်း MIPS မှ သိရသည်။
နှစ်ဖက်လက်နက်ကိုင်တိုက်ပွဲများ အကြားတွင် အရပ်သားများသေဆုံး၊ ဒဏ်ရာရရှိမှုနှင့် မိုင်းအန္တရာယ် များကြောင့် ယင်းသို့ သေဆုံး၊ ဒဏ်ရာရရှိခြင်း ဖြစ်သည်ဟု MIPS မှ အကြီးတန်းသုတေသနတာဝန်ခံ ဦးနေလင်းအောင်က ဆိုသည်။
“အရပ်သားတွေဟာ တိုက်ပွဲတွေကြားမှာ မြေစာပင်ဖြစ်ရတယ်။ ဟိုဖက်ဒီဖက် ပစ်ကြတဲ့ကြားမှာ လက်နက်ကြီး ကျတယ်။ အဲအတွက်ကြောင့် သူတို့တွေ ဒဏ်ရာရရှိတယ်။ တခါတလေကျရင် ဟိုဖက်ဒီဖက်ပစ်ရင်းနဲ့ အရပ်သားတွေကိုသွားထိပြီးတော့ အရပ်သားသေဆုံးမှုတွေ ဖြစ်ရတယ်။ နောက်တခုက ဒေသန္တရမိုင်းပေါ့၊ လက်လုပ်မိုင်းတွေ၊ ဆွဲမိုင်းတွေကြောင့် အရပ်သားတွေ သေဆုံးတာကိုလည်း တွေ့ရှိရပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် လက်နက်ကိုင်ပဋိပက္ခနှင့် ဆက်နွယ်သည့် နိုင်ငံရေးအမြင်သဘောထား မတူညီသည့် အရပ်သားများကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ခြင်းများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများက အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်ပြီး စစ်ဆေးမေးမြန်းမှုများပြုပြီး နောက်ပိုင်းတွင်လည်း အရပ်သားသေဆုံးများ ရှိနေသည်ကို တွေ့ရှိရကြောင်း ဦးနေလင်းအောင်က ဆက်၍ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်းက လက်နက်ကိုင်ပဋိပက္ခ အနည်းဆုံးအကြိမ် (၁၀၈၃)ကြိမ်ဖြစ်ပွားခဲ့ရာ အရပ်သားအနည်းဆုံး (၁၅၁)ဦးသေဆုံးပြီး၊ (၃၈၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ မြန်မာအင်စတီကျုက ထုတ်ပြန်ထားသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ၂၀၁၉ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် များနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခ အကြိမ်ရေအနည်းဆုံး (၆၂၆) ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း MIPS ၏ အစီရင်ခံစာတွင်ဖော်ပြသည်။
ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲအကျိုးဆက်ကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိနေသည့်အပြင် မိမိနေရပ်ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်ဦးရေမှာလည်း နှစ်သိန်းခန့်အထိ ရှိလာနေသည်။