ပြည်တွင်းစစ်နဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းစွမ်းရည် (၂)

၂၀၁၈-၂၀၁၉ ခုနှစ် ရခိုင်ပြည်မှာ ရက္ခိုင့်တပ်တော် (AA)နဲ့ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း လေတပ်စစ်ဆင်ရေး မြင့်မားလာခဲ့ပြီး ရုရှားလုပ် Yak-130s အသစ်တွေကို စစ်မြေပြင်မှာ ပထမဆုံးအကြိမ်အဖြစ် အသုံးပြုခဲ့ပါတယ်။

By Admin 25 Feb 2023

မိတ္ထီလာမြို့နယ် ရှမ်းတဲလေတပ်စခန်းမှ ဂျက်တိုက်လေယာဉ် ၂ စင်း ပစ်ခတ်မှုလေကျင့်နေသည်ကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ - State Media
မိတ္ထီလာမြို့နယ် ရှမ်းတဲလေတပ်စခန်းမှ ဂျက်တိုက်လေယာဉ် ၂ စင်း ပစ်ခတ်မှုလေကျင့်နေသည်ကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ - State Media

DMG (ဘာသာပြန်ဆောင်းပါး)

အဓိကလေတပ်စခန်းတွေမှာ မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့အပြင်ဘက်မှာ ရှိတဲ့ ရှမ်းတဲလေတပ်စခန်း၊ ရန်ကုန်မြို့စွန်မှာရှိတဲ့ မင်္ဂလာဒုံလေတပ်စခန်းနဲ့ အနောက်ပိုင်းက မကွေးလေတပ်စခန်းတို့ ပါဝင်ပါတယ်။ ဒါပေမဲ့ မြန်မာလေတပ်က ပိုင်ဆိုင်ထားတဲ့ လေယာဉ်တွေအနေနဲ့ ပိုပြီးသေးငယ်တဲ့ လေတပ်စခန်းတွေဖြစ်တဲ့ ရန်ကုန် မြောက်ပိုင်းက မှော်ဘီလေတပ်စခန်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး မော်ဖောင်းမှာရှိတဲ့ လေတပ်စခန်း၊ မန္တလေးနိုင်ငံတကာလေဆိပ်နဲ့ ပူးတွဲတည်ရှိတဲ့ တံတားဦးလေတပ်စခန်း၊ ရှမ်းပြည်နယ်တောင်ပိုင်းက နမ့်စန်လေတပ်စခန်း၊ အလယ်ပိုင်း ပဲခူးတိုင်းက တောင်ငူလေတပ်စခန်း၊ အရှေ့တောင်ပိုင်း မွန်ပြည်နယ်က မော်လမြိုင် လေတပ်စခန်းနဲ့ ဧရာဝတီတိုင်း ပုသိမ်က လေတပ်စခန်းတွေကနေလည်း ပျံတက်နိုင်ပါတယ်။

ရဟတ်ယာဉ်နဲ့ အနီးကပ်လေကြောင်းအကူ(CAS) အတွက်သာမက တောင်ပံအသေ တပ်ထားတဲ့လေယာဉ်တွေ အတွက်ပါ သင့်တော်တဲ့ ရှေ့တန်းလေတပ်စခန်းတွေ ကတော့ ရှမ်းပြည်မြောက်ပိုင်းက လားရှိုးလေတပ်စခန်း၊ ကချင်ပြည်နယ် ဗန်းမော်ကလေတပ်စခန်းနဲ့ တောင်ဘက်စွန်း ကပ္ပလီပင်လယ်ကမ်းခြေက မြိတ်လေတပ်စခန်းတို့ ဖြစ်ကြပါတယ်။

အခုလို လေတပ်အခြေစိုက်စခန်းတွေနဲ့ ရှေ့တန်းလေတပ်စခန်းတွေ များပြားနေရတဲ့ အကြောင်းရင်းက တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အမြန်ဆုံးတုန့်ပြန်နိုင်မယ့် နည်းဗျူဟာကို လိုသလိုအသုံးချပြီး အချိန်တိုတိုအတွင်း ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့အပြင် လောင်စာဆီအသုံးစရိတ်လည်း သက်သာတဲ့အတွက်ကြောင့်ပါ။

ဒုတိယအချက်ကတော့ တိုက်ပွဲတွေပိုပြီး ပြင်းထန်လာတာကြောင့် မြန်မာလေတပ်ရဲ့ လေယာဉ်မှူးတွေအနေနဲ့ ပျံသန်းချိန်ပိုပြီး ကြာမြင့်လာတဲ့အတွက် အရင်ကထက် စစ်ဆင်ရေးအတွေ့အကြုံ များပြားလာခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာလေတပ်ရဲ့စွမ်းရည် မြင့်တက်လာနေပါတယ်။

၂၀၁၀ ပြည့်နှစ်တွေမှာတော့ မြန်မာလေတပ်က နယ်စပ်စစ်ဇုန်တွေအတွင်း ပထမဆုံးပါဝင်လာခဲ့ပေမယ့် လေယာဉ် နည်းနည်းပါးပါးနဲ့ (ကန့်သတ်ချက်တွေအများကြီးနဲ့) တစ်ခါတစ်လေမှ မြေပြင်တိုက်ခိုက်ရေးတွေလုပ်နိုင်တဲ့ အဆင့်သာသာရှိခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းလောက်က တိုက်ပွဲတွေပြန်ပြီး ဖြစ်လာခဲ့ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့စစ်ဆင်ရေးတွေကို ၂၀၁၂ နဲ့ ၂၀၁၃ ကာလတွေမှာတွေ့ခဲ့ရသလို ၂၀၁၈ ခုနှစ် မိုးရာသီစစ်ဆင်ရေး တွေမှာလည်း ထပ်ပြီး တွေ့ခဲ့ရပါတယ်။

အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသမှာ ၂၀၁၅ ခုနှစ်က မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ရဲ့ ပြင်းထန်တဲ့ မြေပြင်ထိုးစစ်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ မြန်မာစစ်တပ်ရဲ့ မြေပြင်တပ်တွေ သက်သာရာရစေဖို့ လေကြောင်းပစ်ကူတွေ ပေးခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ် မတ်လအလယ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီစစ်ဆင်ရေးမှာတော့ မြန်မာလေတပ်က တရုတ်လုပ် F-7 ဂျက်တိုက်လေယာဉ်တစ်စင်းသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။ အံ့ဩစရာကောင်းတာက မြန်မာလေတပ်ကြဲချခဲ့တဲ့ ဗုံးတွေက တရုတ်ပိုင်နက်ထဲ ရောက်ခဲ့ပြီး တရုတ်လယ်သမား ၄ ယောက် သေဆုံးခဲ့သလို ၉ ဦးဒဏ်ရာရခဲ့တဲ့အတွက် ဘေဂျင်းက ဒေါသထွက်ခဲ့ပါတယ်။

၂၀၁၈-၂၀၁၉ ခုနှစ် ရခိုင်ပြည်မှာ ရက္ခိုင့်တပ်တော် (AA)နဲ့ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း လေတပ်စစ်ဆင်ရေး မြင့်မားလာခဲ့ပြီး ရုရှားလုပ် Yak-130s အသစ်တွေကို စစ်မြေပြင်မှာ ပထမဆုံးအကြိမ်အဖြစ် အသုံးပြုခဲ့ပါတယ်။ မြေပြင်တိုက်ခိုက်ရေးလေယာဉ်နဲ့ အမောင်းသင်ဂျက်လေယာဉ်အဖြစ် အသုံးပြုနိုင်တဲ့ ၂ ယောက်စီး Yak-130s တွေကို NATO က Mitten အဖြစ်သတ်မှတ်ထားပြီး K-8 လိုလေယာဉ်တွေထက် အဆအများကြီး သယ်ယူနိုင်ပါတယ်။ ၂၀၁၉-၂၀၂၀ ကာလတွေအတွင်း ရခိုင်ပြည်မှာ ညဘက် အနိမ့်ပျံသန်းတိုက်ခိုက်ပြီး လေယာဉ်ရဲ့အစွမ်း ပြသခဲ့ပါတယ်။

ဒါပေမယ့် တိုက်ပွဲကြာချိန်နဲ့ တိုက်ပွဲပြင်းထန်မှုမှာတော့ ဖော်ပြခဲ့တဲ့စစ်ဆင်ရေးတွေက လက်ရှိလေကြောင်းတိုက် ခိုက်မှုတွေနဲ့ နှိုင်းယှဉ်ရင် အားနည်းတဲ့အပြင် လေယာဉ်မှူးတွေရဲ့ အရည်အချင်းတိုးတက်ရေး အတွက်လည်း အခုလောက် အကျိုးမဖြစ်ထွန်းခဲ့ပါဘူး။ မြန်မာလေတပ်ထုံးစံအတိုင်း နယ်စပ်ဒေသမှာသာမက ပြည်မဒေသတွေမှာပါ နေ့စဉ်တိုက်ပွဲအတွေ့အကြုံတွေ ရလာခဲ့တဲ့အတွက် လေယာဉ်မှူးတွေအနေနဲ့ အနိမ့်ပျံသန်းပြီး ပစ်မှတ်တွေကို ပိုပြီး တိတိကျကျ ပစ်ခတ်လာနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေက ရည်မှန်းပစ်မှတ်ကနေ မီတာ ၃၀၀၀ အတွင်းကနေရာတွေ ကိုသာ ထိမှန်ခဲ့တယ်လို့ ကရင်နီပြည်နယ်အရှေ့ပိုင်းနဲ့ ကရင်ပြည်နယ်က လေကြောင်းတိုက်ခိုက်မှုတွေကို တွေ့ကြုံ ခဲ့ဖူးတဲ့ သတင်းရင်းမြစ်က ဒီဇင်ဘာလအတွင်းကပဲ Asia Times ကိုပြောပါတယ်။ လက်ရှိအချိန်မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေက မီတာ ၄၀၀ ထက်နည်းတဲ့နေရာတွေကို ထိမှန်အောင် ပစ်ခတ်နိုင်နေပြီလို့ အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။

လေကြောင်းသင်ခန်းစာ

မြန်မာလေတပ်အနေနဲ့ လေကြောင်းသယ်ယူပို့ဆောင်ရေး စွမ်းရည်သစ်တွေလည်း တိုးတက်လာခဲ့ပေမယ့် ခိုင်မာမှုတော့ မရှိသေးပါဘူး။ တပ်ကို စစ်မြေပြင်ဆီပို့ဆောင်ခြင်းနဲ့ အဲဒီတပ်တွေ မြေပြင်မှာဖြန့်ကျက်ပြီးတဲ့ အချိန် လေကြောင်းပစ်ကူပေးတာတွေ ကိုလည်း လုပ်ဆောင်လာနိုင်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အစောပိုင်းတုန်းက ဒီလိုစစ်ဆင်ရေးတွေကို စစ်ကိုင်းတိုင်းအတွင်း အကန့်အသတ်နဲ့လုပ်ဆောင်ခဲ့ပြီး စစ်သား ၅၀ ကနေ ၆၀ အထိ ကို Mi- 17 သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၂ စင်းနဲ့ သယ်ဆောင်ပြီး Hind တိုက်ခိုက်ရေးလေယာဉ်က အထောက်အကူပေးခဲ့ပါတယ်။

ဒီစစ်ဆင်ရေးရဲ့ရည်ရွယ်ချက်က ရွာတစ်ရွာ ဒါမှမဟုတ် တစ်ရွာထက်မကတဲ့ရွာတွေကို အလစ်အငိုက်ဝင်စီးပြီး လက်နက်နဲ့ PDF တိုက်ခိုက်ရေးသမားတွေ ရှာဖွေပြီးနောက် အိမ်မီးရှို့တာတွေ ဆက်ပြီးဆောင်ရွက်ဖို့ဖြစ်ပါတယ်။ လက်နက်အင်အားမကောင်းသေးတဲ့ ဒေသခံခုခံတော်လှန်ရေးသမားတွေ အနေနဲ့ တိုက်ခိုက်ရေးမှာ အကန့်အသတ် ရှိနေတဲ့အတွက် စစ်ကောင်စီရဲ့စစ်ဆင်ရေးတွေက မှားယွင်းစရာအကြောင်း မရှိသလောက်ပါပဲ။

ရည်မှန်းချက်ပိုကြီးတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဖို့ စစ်ကောင်စီက ကြိုးစားတဲ့အချိန်တွေမှာ အမှားတွေ အများကြီးဖြစ်ခဲ့ပါတယ်။ အသိသာဆုံးချေမှုန်းခံခဲ့ရတဲ့ လေကြောင်းစစ်ဆင်ရေးက ရှမ်းပြည်နယ် အနောက်မြောက်ပိုင်းက နမ့်ဆန်မြို့မှာ ပြီးခဲ့တဲ့ဒီဇင်ဘာမှာ ဖြစ်ခဲ့ပါတယ်။ မြန်မာလေတပ်က Mi-17 ၅ စင်းနဲ့ စစ်သား ၂၀၀ နီးပါးကို TNLA ထိန်းချုပ်နယ်မြေထဲ ချပေးခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ တပ်ရင်းတစ်ရင်းနီးပါး အင်အားနဲ့ TNLA ရဲ့လက်နက်တိုက် ဒါမှမဟုတ် ကွပ်ကဲရေးစခန်းကို သိမ်းပိုက်ဖို့စီစဉ်တဲ့ စီးနင်းတိုက်ခိုက်မှုပါပဲ။ ဒါပေမယ့်လည်း ထောက်လှမ်းရေးညံ့ဖျင်းတဲ့အတွက် စစ်ကောင်စီ တပ်ရင်းတစ်ရင်းနီးပါးကို နေရာမှားယွင်းချပေးမိခဲ့တဲ့အတွက် ၄ ရက်ကြာစစ်ပွဲအတွင်း အားလုံးနီးပါးသေဆုံးခဲ့ပါ တယ်။

လေကြောင်းပစ်ကူတွေ အကြိမ်ကြိမ်ပေးခဲ့ပေမယ့်လည်း စစ်ကောင်စီတပ်သား ၄၇ ယောက်သေဆုံးပြီး ၂၄ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ TNLA သတင်းရင်းမြစ်တွေက နောက်ပိုင်းမှာပြောပါတယ်။ ဒီအချက်က မှန်နိုင်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ရက်ရှည်ဖြစ် ပွားခဲ့တဲ့တိုက်ပွဲတစ်ခုအတွင်း မြန်မာစစ်သားအများဆုံး သေဆုံးမှုပါပဲ။

၂၀၂၀ ခုနှစ် မတ်လတုန်းကလည်း ချင်းပြည်နယ် ပလက်ဝခရိုင်မှာ အလားတူအရှက်တကွဲ ရှုံးနိမ့်ခဲ့ပါသေးတယ်။ နမ့်ဆန်တိုက်ပွဲက ပလက်ဝခရိုင်တိုက်ပွဲကို ပဲ့တင်ထပ်လိုက်တာဖြစ်တဲ့အတွက် တိုက်ဆိုင်မှုတစ်ခု သက်သက် မဟုတ်ပါဘူး။ AA တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ ကုလားတန်မြစ်က စခန်းတစ်ခုတိုက်ခိုက်ခံရတုန်း ကလည်း သက်သာမလားဆိုပြီး လေကြောင်းကနေ တပ်သားတွေချပေးခဲ့တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သား ၂၀ သေဆုံးပြီး ၃၆ ယောက် အဖမ်းခံခဲ့ရပါတယ်။ ဖမ်းဆီးခံရသူတွေထဲ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးတစ်ယောက်ပါဝင်ပြီး သူ့ကိုဖမ်းဆီးထားသူတွေက ရိုက်ကူးထားတဲ့ဓာတ်ပုံမှာ ပတ်တီးတွေစည်းထားပြီး အပြုံးအရယ်မရှိ၊ သစ်တစ်ပင်မှာ ချည်နှောင်ခံထားရပါတယ်။

ဒီတိုက်ပွဲနှစ်ခုကို ဆက်စပ်ကြည့်ရင် နာကျင်စရာသင်ခန်းစာတွေက ဗျူဟာပိုင်းအတွေ့အကြုံ မရှိတာနဲ့ (သိပ်မကြာခင်ကမှ တိုးတက်လာခဲ့တယ် ဆိုပေမယ့်) လေကြောင်းစစ်ဆင်ရေးနဲ့ပတ်သက်ပြီး လေ့လာစရာမြောက်များစွာ လိုအပ်နေတဲ့စစ်တပ်မှာ ထောက်လှမ်းရေးညံ့ဖျင်းတာကိုလည်း ဖော်ပြနေပါတယ်။ လူအင်အားနဲ့ စိတ်ဓာတ်ရေးရာတွေမှာ တန်ဖိုးကြီးကြီး ပေးဆပ်ရတဲ့အတွက် လက်နက်ကောင်းကောင်း တပ်ဆင်ထားတဲ့ ရန်သူလွှမ်းမိုးတဲ့ဒေသ တွေကို ရဟတ်ယာဉ်တွေနဲ့ တပ်ဖွဲ့တွေပို့ဆောင်တဲ့ စစ်ဆင်ရေးမျိုးကို လာမယ့်လတွေမှာ အကန့်အသတ်နဲ့သာ တွေ့လာရနိုင်ဖွယ်ရှိပါတယ်။

■ ဘုန်းမောင်
Asia Times တွင်ဖော်ပြထားသော အန်သိုနီဒေးဗစ်ရဲ့ Myanmar Air Force fiercely gunning to win the war ကိုဆီလျော်အောင် ရေးသားပါသည်။