ပြည်တွင်းစစ်နဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းစွမ်းရည် (၁)

နိုင်ငံတကာက ပြစ်တင်ရှုတ်ချရတဲ့အထိ ဖြစ်ခဲ့တဲ့ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေက စစ်ကောင်စီရဲ့ စစ်ရေးအားထုတ်မှုတွေမှာ အဓိကဖြစ်လာတဲ့ ပိုပြီးကျယ်ပြန့်တဲ့စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းဖြစ်လာပါတယ်။

By Admin 22 Feb 2023

မိတ္ထီလာမြို့နယ် ရှမ်းတဲလေတပ်စခန်းမှ ဂျက်တိုက်လေယာဉ် ၂ စင်း ပစ်ခတ်မှုလေကျင့်နေသည်ကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ - State Media
မိတ္ထီလာမြို့နယ် ရှမ်းတဲလေတပ်စခန်းမှ ဂျက်တိုက်လေယာဉ် ၂ စင်း ပစ်ခတ်မှုလေကျင့်နေသည်ကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ - State Media

DMG (ဘာသာပြန်ဆောင်းပါး)

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးဒီရေ မြင့်တက်လာနေတာကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီကကြိုးစားနေရပြီး စစ်ကောင်စီရဲ့ ပြိုင်ဘက်ကင်းလေကြောင်းစွမ်းရည်က ပြည်တွင်းစစ်အတွက် အဓိကကျတဲ့ စွမ်းရည်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်ရဲ့အရုဏ်ဦးကာလမှာ နှစ်ဘက်လုံး ရင်ဆိုင်နေရတဲ့မေးခွန်းက စွမ်းဆောင်ရည်တိုးမြှင့်လာတဲ့ မြန်မာလေတပ်စွမ်းရည်က ပြည်တွင်းစစ်မှာ အဆုံးအဖြတ် ပေးနိုင်သလား၊ မပေးနိုင်ဘူးလား ဆိုတဲ့ကိစ္စပါ။

ပွင့်လင်းရာသီရောက်လာချိန်မှာ တိုက်ပွဲတွေ ပိုပြီးပြင်းထန်နေမှာကတော့ သေချာသလောက် ဖြစ်နေချိန်မှာပဲ လေ့လာသူတွေနဲ့ သုတေသီတွေကလည်း မြန်မာလေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေက အကွဲကွဲအပြားပြားဖြစ်နေသေးတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် လက်နက်ကိုင်ဆန့်ကျင်မှုရဲ့ တိုးတက်မှုကို ရပ်တန့်စေနိုင်ပါသလား။ နောက်ပြီး မတူကွဲပြားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက ထိန်းချုပ်ထားတဲ့ဒေသတွေမှာ စစ်ကောင်စီရဲ့ထိန်းချုပ်မှုကို ပြန်ပြီးထူနိုင်ပါတော့မလား ဆိုပြီး မေးခွန်းထုတ်လာကြပါတယ်။

လူအသေအပျောက်များတဲ့ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ၊ အထူးသဖြင့်ကတော့ တုန်လှုပ်စရာအကောင်းဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စက်တင်ဘာလ လေကြောင်းတိုက်ခိုက်မှုနဲ့ အောက်တိုဘာလ ကချင်ပြည်နယ် ဖားကန့်မြို့အနီးက ဂီတပွဲတော်တစ်ခုကို လေကြောင်းတိုက်ခိုက်မှုတွေက အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးနေရတဲ့အပေါ် စစ်ကောင်စီက ဂရုလုံးဝမစိုက်ဘူးဆိုတာကို ဖော်ပြနေပါတယ်။

လာမယ့်လတွေမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးများပြားလာမယ်လို့ ယူဆရပါတယ်။ လူထုထောက်ခံမှုတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတာက ငြိမ်းချမ်းရေးကမ်းလှမ်းထားတဲ့ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်(EAOs)နဲ့ ဗမာဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ (PDFs) ကိုသွေးခွဲမယ့် သေနင်္ဂဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဆောင်ရွက်ခြင်းဖြစ်နိုင်ပါတယ်။ PDFs တွေကိုတော့ တိုက်ခိုက်ချေမှုန်းပစ်ရမယ့် အကြမ်းဖက်သမားတွေအဖြစ် တံဆိပ်ကပ်ထားပါတယ်။

နိုင်ငံတကာက ပြစ်တင်ရှုတ်ချရတဲ့အထိ ဖြစ်ခဲ့တဲ့ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေက စစ်ကောင်စီရဲ့ စစ်ရေးအားထုတ်မှုတွေမှာ အဓိကဖြစ်လာတဲ့ ပိုပြီးကျယ်ပြန့်တဲ့စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းဖြစ်လာပါတယ်။ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းကစပြီး စစ်ကောင်စီလေတပ်က PDFs တွေနဲ့ သူတို့ရဲ့ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကို ပြန်ပြီးတိုက်ခိုက်ခဲ့ရုံသာမက ERO တွေရဲ့ အခြေစိုက်စခန်းတွေ၊ ကွပ်ကဲရေးဌာနတွေနဲ့ စီးပွားရေးအရင်းအမြစ်တွေကို မကြုံခဲ့ဖူးတဲ့ လျင်မြန်မှုတွေနဲ့ တိုက်ခိုက်ဖို့ရည်ရွယ်တဲ့ နေ့စဉ်လေကြောင်း တိုက်ခိုက်မှုအရှိန်တွေကို အကြီးအကျယ်မြှင့်တင်လိုက်ပါတယ်။

ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်းနဲ့ ချင်းပြည်နယ်တွေမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကို အဓိကခံစားကြရပြီး နောက်ဆုံးလေကြောင်း တိုက်ခိုက်မှုတွေမှာ ဇန်နဝါရီ ၁၀ ရက်နေ့က အိန္ဒိယ-မြန်မာ နယ်စပ် ချင်းအမျိုးသားတပ်မတော်(CNF)ရဲ့ ဝိတိုရိယစခန်းဌာနချုပ်ကို ပထမဆုံးအကြိမ်အဖြစ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

■ လေကြောင်းစွမ်းရည်ပြသခြင်း

ဒီဇင်ဘာ ၁၅ ရက်နေ့ကမှာ ကျရောက်ခဲ့တဲ့ မြန်မာလေတပ်ရဲ့ ၇၅ နှစ်ပြည့်အခမ်းအနားမှာ ပြသခဲ့တဲ့ တိုက်ခိုက်ရေး လေယာဉ်အရေအတွက် ပုံမှန်တိုးလာနေတာက ၂၀၂၂ ခုနှစ်မှာ တွေ့မြင်ခဲ့ရတဲ့ မြန်မာလေတပ်ရဲ့ စွမ်းရည် သိသိသာသာတိုးတက်မှုမှာ အခြေခံအချက်တစ်ချက်ပါပဲ။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကမကထပြုလုပ်ခဲ့တဲ့ ဖော်ပြပါအခမ်းအနားမှာ ၂၀၁၈ ခုနှစ်က ရုရှားဆီကဝယ်ထားပြီး အခုမှစတင်အသုံးပြုလာတဲ့ Sukhoi SU-30 ဂျက်တိုက်လေယာဉ်သစ် ၆ စီးကို ပထမဆုံးအကြိမ် အဖြစ်ပြသခဲ့ပြီး လက်ရှိအချိန်မှာတော့ မြန်မာလေတပ်အတွက် ဂုဏ်ယူစရာပိုင်ဆိုင်မှု ဖြစ်လာနေပါတယ်။

ပြသခဲ့တဲ့လေယာဉ်တွေမှာ အင်ဂျင်တစ်လုံးတပ်၊ နှစ်ယောက်စီးအပေါ့စား တရုတ်လုပ်တိုက်ခိုက်ရေးလေယာဉ် FTC-2000Gs အသစ် ၅ စီးလည်းပါဝင်ပြီး အဲဒီလေယာဉ်တွေဟာ အခုခေတ်မှာ အသုံးမဝင်တော့တဲ့ ရှေးဟောင်းဆိုဗီယက်ခေတ် Mig-21 ကိုပုံတူကူးယူထားတဲ့ F-7 "Airguard" ကြားဖြတ်လေယာဉ်တွေနဲ့ A-5 "Fantan" မြေပြင်တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေနေရာမှာ အစားထိုးဝင်ရောက်လာပါမယ်။

တခြားလေတပ်တွေမှာ အသုံးမပြုကြတော့တဲ့အတွက် ခေတ်မမီတော့လို့ ဈေးသက်သာတဲ့ လေယာဉ်အဟောင်းတွေကိုလည်း စတင်ပေါင်းထည့် အသုံးပြုခဲ့ပါတယ်။ အံ့ဩစရာကောင်းတာက ဒီလေယာဉ်ဟောင်းတွေမှာ F-7 တစ်စီးပါဝင်နေပြီး သက်တမ်းရင့်နေပေမယ့် အသစ်ဝယ်ယူထားတဲ့ အဆင့်မြှင့်တင်ထားတဲ့ ကိုယ်ထည်တွေ တပ်ဆင်ထားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် K-8 Karakorum အမောင်းသင်နဲ့ အပေါ့စားတိုက်ခိုက်ရေးလေယာဉ် ၄ စီးလည်း ပါဝင်ပါတယ်။ ဒီအမျိုးအစားကို မြန်မာလေတပ် အသုံးပြုနေတာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် နောက်ထပ် လိုအပ်နေတဲ့ လေယာဉ်အမျိုးအစား ဖြစ်ပုံပေါ်ပါတယ်။

အဲဒီပြပွဲမှာပဲတွေ့ခဲ့ရတဲ့ လေယာဉ်တစ်စီးကတော့ သက်တမ်းရင့်နေပြီဖြစ်တဲ့ အမောင်းသင်/မြေပြင်တိုက်ခိုက်ရေး SOKO G-4 Super Galeb ပါ။ ဒီလေယာဉ်ကို ယူဂိုစလားဗီးယားနိုင်ငံအဖြစ် တည်ရှိချိန် မပြိုကွဲခင်ကတည်းက ဝယ်ယူထားခဲ့ပါတယ်။ ဘန်ကောက်အခြေစိုက် စစ်ရေးသုတေသီတစ်ဦးကတော့ “ဒီလေယာဉ်တွေက ပျံလိုရာပျံပြီး ဗုံးကြဲရပြီးရောဆိုပြီး ရှာထားတဲ့လေယာဉ်တွေ ဖြစ်ပုံရတယ်”လို့ လှောင်လှောင်ပြောင်ပြောင်နဲ့ မှတ်ချက်ပေးခဲ့ပါတယ်။

စွမ်းဆောင်ရည်မြင့်မားတဲ့ စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ် SU-30 အသစ်တွေကို လေကြောင်းအသာစီးရဖို့နဲ့ ပြည်ပကျူးကျော်မှုတွေကိုတားဆီးဖို့ ဒီဇိုင်းထုတ် ထုတ်လုပ်ထားတာဖြစ်ပြီး ကျေးရွာတွေအပေါ် ဗုံးကြဲဖို့ သုံးမလား၊ မသုံးဘူးလားဆိုတာကိုလည်း စောင့်ကြည့်သွားရပါလိမ့်မယ်။ ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ Sukhoi လေယာဉ်တွေကို ထည့်မတွက်ဘူးဆိုရင်တော့ စစ်ကောင်စီလေတပ်ရဲ့ မြေပြင်တိုက်ခိုက်ရေးလေယာဉ်တွေက အံ့ဩစရာကောင်းအောင်ကိုပဲ အမျိုးအစားတွေ ကွဲပြားနေပြီး ခေတ်မမီတော့တဲ့ ရှေးဟောင်းလေယာဉ်တွေဖြစ်နေတာ တွေ့ရပါတယ်။

ဒီလို ကြောင်ကြောင်ကျားကျားနဲ့ လေယာဉ်မျိုးစုံပါတဲ့အုပ်စုမှာ FTC-2000s အသစ်တွေ၊ ၂၀၀၀ ပြည့်နှစ်က ဝယ်ထားပြီး အိုမင်းဟောင်းနွမ်းနေတဲ့ တိုက်လေယာဉ် Mig-29 "Fulcrum" တွေ၊ ၂၀၁၅ ခုနှစ်က စပြီးရရှိထားတဲ့ ပိုမြန်ပြီး ပိုသစ်လွင်သေးငယ်တဲ့ Yakovlev Yak-130 တွေ၊ ဆက်ပြီးပျံသန်းနိုင်နေတုန်းဖြစ်တဲ့ တရုတ်လုပ် F-7s နဲ့ A-5s တွေ၊ သက်တမ်းရင့် K-8 ဂျက်အမောင်းသင်လေယာဉ်တွေနဲ့ လက်ရှိအချိန်ထိ အသုံးပြုနေသေးတဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေက Super Galebs လေယာဉ် ၃ စီးပါဝင်ပါတယ်။

တကယ်လို့သာ တရုတ်-ပါကစ္စတန်နိုင်ငံတွေက ပုံစံထုတ်လုပ်ထားတဲ့ JF-17 'Thunder' ဂျက်လေယာဉ်တွေ ထပ်ပြီး ရောက်လာခဲ့မယ်ဆိုရင်တော့ စစ်ကောင်စီလေတပ်အတွက် လေယာဉ်အမျိုးအစားတွေ ပိုပြီး စုံလင်သွားပါတော့မယ်။ 

၂၀၁၈ ခုနှစ်မှာတော့  အင်ဂျင်တစ် လုံးတပ် JF-17 ဘက်စုံသုံးဂျက်တိုက်လေယာဉ် ပထမအသုတ် ၇ စီးကို မြန်မာလေတပ်က ပါကစ္စတန်နိုင်ငံဆီကနေ လက်ခံရရှိခဲ့ပါတယ်။ ဒီလေယာဉ်တွေကို မြေပြင်တိုက်ခိုက်မှုတွေမှာ အသုံးပြုနိုင်ပြီး ၂၀၁၀ ပြည့်လွန်နှစ်တွေမှာ အာဖဂန်နစ္စတန် နယ်စပ် ပုန်ကန်မှုနှိမ်နင်းရေးမှာ ပါကစ္စတန်လေတပ်က ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့တဲ့ လေယာဉ်တွေဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း မြန်မာလေတပ်က အင်ဂျင်တစ်လုံးတပ် JF-17 ဘက်စုံသုံးဂျက်တိုက်လေယာဉ် ၇ စင်းကို ပထမအသုတ်အဖြစ် ပါကစ္စတန်နိုင်ငံဆီက ရရှိခဲ့ပါတယ်။ ဒီလေယာဉ်တွေကို မြေပြင်တိုက်ခိုက်ရေးအတွက် အသုံးပြုနိုင်ပြီး ၂၀၁၀ ပြည့်လွန်နှစ်တွေတုန်းက အာဖဂန်နစ္စတန်နယ်စပ် စစ်ဆင်ရေးမှာ ပါကစ္စတန်လေတပ်က ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း ဧရာဝတီသတင်းဌာနရဲ့ ဖော်ပြချက်အရ JF-17 အသစ်တွေဟာ ပြဿနာတွေနဲ့ကြုံနေရတဲ့အတွက် လုံးဝ မပျံသန်းနိုင်သေးဘူးလို့ သိရပါတယ်။ မြန်မာလေတပ်အနေနဲ့ ပါကစ္စတန်လေတပ်ရဲ့ လေ့ကျင့်ရေးနဲ့ နည်းပညာအကူအညီတွေ ရယူပြီး ကြုံနေရတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေပါတယ်။

မြန်မာလေတပ်က အခက်အခဲတွေနဲ့ တည်ဆောက်ထားတဲ့ ရဟတ်ယာဉ်တပ်ဖွဲ့မှာလည်း ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ Kamov KA-29s ရဟတ်ယာဉ်တွေနဲ့ အားဖြည့်ထားပါတယ်။ ပထမဆုံးမှာယူခဲ့တဲ့ ရဟတ်ယာဉ် ၅ စင်းအနက် ၂ စင်း ကတော့ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းကပဲ ပြေးလမ်းပေါ် ရောက်ရှိခဲ့ပါတယ်။ ထူးခြားတဲ့တောင်ပံနှစ်ထပ် တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်တွေ(တောင်ပံနှစ်ထပ် တပ်ဆင်ထားတဲ့အတွက် တည်ငြိမ်ပြီး လှုပ်ရှားနိုင်စွမ်း ပိုပြီးကောင်းမွန်) ကို တိုက်ခိုက်ရေးအတွက်သာမက တပ်ဖွဲ့သယ်ယူပို့ဆောင်ရေး အတွက်လည်း အသုံးပြုနိုင်ပါတယ်။ 

Mi-17 'Hip' သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် အစင်း ၂၀ နီးပါးနဲ့ 10 Mi-24 'Hind' တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁၀ စင်းနီးပါးနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာလေတပ်ရဲ့ ရဟတ်ယာဉ်တပ်ဖွဲ့ရဲ့ ကြီးမားလာနေတဲ့ဖိအားတွေကို KA-29s တွေကြောင့် သက်သာစေခဲ့ပါတယ်။ ဆိုဗီယက်စစ်ပွဲကာလအတွင်း အာဖဂန်မှာစတင်အသုံးပြုခဲ့တဲ့ Mi-24 'Hind' ရဟတ်ယာဉ်တွေက ပြည်ပတင်ပို့မှု အများဆုံးဖြစ်သလို စစ်မြေပြင်စမ်းသပ်မှုအတွက် ခံနိုင်ရည်အရှိဆုံး ရဟတ်ယာဉ်တွေလည်းဖြစ်ပါတယ်။

■ ပြတ်ပြတ်သားသား အသာစီးရလာ

လာမယ့်လတွေမှာ စစ်ကောင်စီလေတပ်ရဲ့စွမ်းအားကို ပိုပြီးအသာစီးရလာမယ်လို့ တွက်ဆနိုင်တဲ့ အချက် ၂ ချက် ရှိနေပြီး အဲဒီအချက်တွေကပဲ ဖော်ပြခဲ့တဲ့လေယာဉ်တွေရဲ့ လှုပ်ရှားမှုတွေကို ပိုပြီးအင်အားတောင့် တင်းလာစေဖို့ အတွက် အထောက်အကူပေးနေပါတယ်။ ပထမအချက်က နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ လေတပ်တွေအတွက် ပိုပြီးများပြားလာမယ့် လေတပ်အခြေစိုက်စခန်းတွေ ရှိလာတာပါ။

အပိုင်း (၂) ကို ဆက်လက်ဖော်ပြပါမည်။

■ ဘုန်းမောင်
Asia Times တွင်ဖော်ပြထားသော အန်သိုနီဒေးဗစ်ရဲ့ Myanmar Air Force fiercely gunning to win the war ကိုဆီလျော်အောင် ရေးသားပါသည်။ 

ဗီဒီယိုများ