ရပ်တည်ရခက်ခဲလာတဲ့ ကယ်ဆယ်ရေးစခန်းက ဟိန္ဒူများ

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မောင်တောဒေသတွင် ARSA က ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် မွတ်ဆလင် ၇ သိန်းကျော်နှင့် ဟိန္ဒူ ၄၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

By Admin 29 Aug 2023

ရပ်တည်ရခက်ခဲလာတဲ့ ကယ်ဆယ်ရေးစခန်းက ဟိန္ဒူများ

ဝင်းညွန့် - ရေးသည်။

“ကယ်ဆယ်စခန်းမှာက ဘာမှအလုပ်မရှိဘူး။ အပြင်ကိုထွက်လို့လည်း အလုပ်လုပ်လို့ မရဘူး။ စားဝတ်နေရေးက ပိုပြီးတော့ အခက်အခဲရှိတယ်” ဟု ကလေး ၃ ယောက်မိခင် အသက် ၃၀ ကျော်အရွယ် ဟိန္ဒူ အမျိုးသမီးတစ်ဦး ဖြစ်သည့် မရီကာကပြောတယ်။ သူမသည် လက်ရှိ မောင်တောမြို့ရပ်ကွက် (၄) ရှိ ကယ်ဆယ်စခန်းတစ်ခုတွင် ခိုလှုံနေသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မောင်တောဒေသတွင် ARSA က ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် မွတ်ဆလင် ၇ သိန်းကျော်နှင့် ဟိန္ဒူ ၄၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

ယင်းအပြင် မောင်တောမြို့နယ် တမန်သား၊ လေးမိုင်၊ သစ်တုံးနားခွဆုံ၊ ခမောင်းဆိပ် စသည့် ကျေးရွာများမှ ဟိန္ဒူဒုက္ခသည် ၅၀၀ ကျော်မှာ မောင်တောရပ်ကွက် (၄) ရှိ ကယ်ဆယ်ရေးစခန်းသို့ ထွက်ပြေးခိုလှုံလာခြင်း ဖြစ်သည်။

စခန်းမှာ နေထိုင်ချိန်ကြာမြင့်လာသည့်အလျှောက် အခက်အခဲပိုဖြစ်လာကာ စား၀တ်နေရေးလည်း ပိုပြီး ကျပ်တည်းလာကြောင်း မရီကာက ပြောသည်။ အထူးသဖြင့် တဖြည်းဖြည်းတက်လာသည့် ကုန်စျေးနှုန်းက သူမတို့ကို ပိုမိုခက်ခဲလာစေသည်။

“ပိုက်ဆံမရှိတဲ့အတွက် ကလေးတွေကိုတောင် ကျောင်းမတက်ရသေးဘူး။ စားဝတ်နေရေး အဆင်မပြေလို့ ကျမလည်း စိတ်ညစ်လို့ တခြားနေရာကိုသွားပြီးတော့ အလုပ်လုပ်ချင်စိတ်တွေ ပေါက်လာတယ်။ အခုက သူများဆီက ချေးငှားပြီးတော့ ရှာကြံပြီးတော့ စားနေရတယ်။ မရတဲ့နေ့ဆိုရင် အငတ်ခံပြီးတော့ နေရတယ်” ဟု မရီကာကဆိုသည်။

အဆိုပါ ဟိန္ဒူဒုက္ခသည်များမှာ အလုပ်အကိုင်ရှားပါသည့်အတွက် အလုပ်မရသောကြောင့် စားဝတ်နေရေးတွင် အခက်အခဲ ရှိနေကြသည်။ လက်ရှိတွင် WFP နှင့် စစ်ကောင်စီထံမှ စားနပ်ရိက္ခာကူညီထောက်ပံ့မှုလည်း တစ်စုံတစ်ရာ မရရှိသည့်အတွက် စားဝတ်နေရေးမှာ ပိုမိုခက်ခဲလာသည်ဟု ပြောဆိုကြသည်။

အချို့ ဟိန္ဒူဒုက္ခသည်များမှာ မောင်တောမြို့ပေါ်တွင် ကြုံရာကျပန်းအလုပ် လုပ်ကိုင်ကာ စားဝတ်နေရေးကို ဖြေရှင်းနေကြပြီး အလုပ်မရှိသည့်နေ့ဆိုလျှင် စားဝတ်နေရေး အခက်အခဲရှိနေသည်ဟု နောက်ထပ် ဟိန္ဒူဒုက္ခသည် အမျိုးသမီးဖြစ်သည့်  မမီနာဘာလာက ပြောပြသည်။

“မောင်တောမြို့ပေါ်က ရခိုင်အိမ်တွေမှာ အဝတ်လျှော်တယ်။ ရေခပ်တယ်။ ရတဲ့ငွေနဲ့ တစ်နေ့စာတစ်နေ့ စားဝတ်နေရေးကို ဖြေရှင်းရတယ်။ အလုပ်ရတဲ့နေ့တွေဆိုရင် တစ်နေ့ ငွေ ၅၀၀၀ ရတဲ့ နေ့တွေရှိတယ်။ အလုပ်မရှိတဲ့နေ့တွေဆိုရင် အငတ်ခံပြီးတော့ နေရတယ်။ ကျမမှာ အဲဒီတုန်းက အမျိုးသားလည်း အသတ်ခံရပြီးတော့ သေဆုံးသွားတယ်။ အခု အရွယ်မရောက်သေးတဲ့ သားတစ်ယောက်ရှိပါတယ်” ဟု ဆိုသည်။

ယခင်က တစ်နေ့လုပ်အား ဝင်ငွေ ၅,၀၀၀ ကျပ်ဖြင့် တစ်နေ့တာ စားဝတ်နေရေးကို ဖြေရှင်းနိုင်သော်လည်း လက်ရှိတွင် ကုန်စည်းနှုန်းများမှာ အဆမတန်မြင့်တက်လာသည့်အတွက် စားဝတ်နေရေးပိုင်းတွင် ပိုမိုခက်ခဲသွားသည်ဟု သိရသည်။ လက်ရှိတွင် ပေါ်ဆန်မွှေး ဆန်တစ်အိတ်ကို ငွေကျပ် တစ်သိန်းကျော်ထိရှိပြီး မြေပဲဆီ တစ်လီတာကို ၆,၀၀၀ ကျပ်ထိ ဈေးနှုန်းမြင့်တက်နေသည်။

မမီနာဘာလာမှာ ယခင်က တမန်သားကျေးရွာတွင် ကုန်စုံဆိုင်ရောင်းချပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်သည်။ ယခင်က သူတို့ဘဝမှာ အဆင်ပြေနေခဲ့သော်လည်း ယခုအခါ တစ်နေ့တစ်နေ့ စားဝတ်နေရေးအတွက် ပူပန်မှုများနှင့် ရင်ပူစွာဖြတ်သန်းနေရသည့်အဖြစ်သို့ ရောက်သွားခြင်းဖြစ်သည်။

မောင်တောမြို့နယ်၊ သစ်တုံးနားခွဆုံမှ ကိုဆန်းမောင်ကလည်း ယခင် မိမိကျေးရွာတွင် ဆန်ကုန်သည်လုပ်ခဲ့ပြီး လက်ရှိ ဒုက္ခသည်စခန်းတွင် ကွမ်းယာဆိုင်ရောင်းပြီး စားဝတ်နေရေးကို ဖြေရှင်းနေရသည်ဟု ပြောပြသည်။

“ကျနော်က အရင်တုန်းက ရွာမှာ ဆန်ကုန်သည်လုပ်တယ်။ ဈေးမှာ ဆန်ရောင်းတယ်။ အခုက ကျန်းမာရေး မကောင်းတဲ့အတွက် ဘာမှ မလုပ်နိုင်ဘူး။ ဒုက္ခသည်စခန်းမှာ ကွမ်းယာဆိုင်ရောင်းပြီးတော့ စားဝတ်နေရေးကို ဖြေရှင်းနေရတယ်” ဟု ကိုဆန်းမောင်ဆိုသည်။

လက်ရှိတွင် ကုန်စည်းနှုန်းတက်သည့်အပြင် ကွမ်းရွက်ဈေးနှင့် ကွမ်းသီးဈေးများပါ မြင့်တက်သွားအတွက် ရောင်းဝယ်ရေးပိုင်းတွင် အခက်အခဲရှိသည်ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ၊ ၂၀၁၉ ခုနှစ်တွင် အဆိုပါဒုက္ခသည်များကို WFP နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့သော်လည်း ၂၀၂၀ ခုနှစ်စပြီး ထောက်ပံ့ခြင်း တစ်စုံတစ်ရာ မရှိသည့်အတွက် စားဝတ်နေရေး အခက်အခဲပိုဖြစ်လာကြောင်း ပြောဆိုကြသည်။

“အရင်တုန်းကဆိုရင် လူ/ကယ်/ပြန်က စားနပ်ရိက္ခာတွေ ထောက်ပံ့တယ်။ အခု စားနပ်ရိက္ခာ အကူအညီလည်း မရတော့ဘူး။ အခုက ကျမတို့ကို ကူညီပေးမယ်သူတွေလည်း မရှိဘူး။ ကျွေးဖို့၊ မွေးဖို့ လူလည်းမရှိဘူး။ သားတွေကလည်း အရွယ်မရောက်သေးဘူး။ နောက်ပြီးတော့ အခုက ကုန်စည်နှုန်းတွေကလည်း ဈေးတက်လာတော့ ပိုပြီးတော့ အခက်အခဲဖြစ်သွားတာပေါ့” ဟု ကိုဆန်းမောင်ဆိုသည်။

ထိုသို့ စားဝတ်နေရေး အခက်အခဲရှိနေသည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အဖွဲ့များအနေဖြင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးရန် ဟိန္ဒူဒုက္ခသည်များက တောင်းဆိုကြသည်။

“ကျမတို့ကို အခုလို့ ဒုက္ခရောက်နေတဲ့အချိန်မှာ ကူညီပေးစေချင်တယ်။ အခုက အလုပ်အကိုင်မရှိတော့ စားဝတ်နေရေးက လုံးဝ အဆင်မပြေဘူး။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အစိုးရက ကျမတို့ကို တတ်နိုင်သလောက် ကူညီပေးစေချင်ပါတယ်” ဟု မရီကာကပြောသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ဟိန္ဒူဒုက္ခသည်များ၏ စားဝတ်နေရေးနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရ(စစ်ကောင်စီ)အနေဖြင့် ဖြေရှင်းပေးသင့်ကြောင်း မောင်တောမြို့နယ် အမတ်ဟောင်း ဦးမောင်အုန်းက ထောက်ပြပြောဆိုသည်။

“သူတို့က ၂၀၁၇ ခုနှစ်ကတည်းက ကယ်ဆယ်ရေးစခန်းကို ထွက်ပြေးလာကြတာ။ အခုက အလုပ်အကိုင်ကလည်း ရှားပါးတယ်။ ကုန်စည်နှုန်းတွေလည်း တက်နေတယ်ဆိုတော့ ဒုက္ခသည်တွေအတွက် စားဝတ်နေရေးက တော်တော်လေးကို အခက်အခဲရှိနိုင်တယ်။ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သက်ဆိုင်ရာ အစိုးရ(စစ်ကောင်စီ)မှာ တာဝန်ရှိတယ်။ အရင်လို ပြန်ပြီးတော့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးသင့်တယ်” ဟု ဆိုသည်။

ဟိန္ဒူခေါင်းဆောင်များ၏ ပြောကြားချက်အရ ၂၀၁၇ အရေးအခင်းတွင် ဟိန္ဒူလူမျိုး ၁၀၀ ကျော်မှာ သတ်ဖြတ်ခံရပြီး လူဦးရေ ၁၀၀၀ ကျော်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု သိရသည်။

ထိုအရေးအခင်းကြောင့် ဟိန္ဒူလူဦးရေ ၄၄၄ ယောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများသို့ ထွက်ပြေးခိုလှုံသွားခဲ့ရကြောင်း ဟိန္ဒူခေါင်းဆောင်များက ပြောဆိုသည်။

ထွက်ပြေးရသူများမှာ မောင်တောမြို့နယ် ခမောင်းဆိပ်၊ ကြိမ်ချောင်း၊ ရဲဘော်ကျ၊ ငါးခူးရ၊ သစ်တောနားခွဆုံနှင့် ရသေ့တောင်မြို့နယ် ကျောက်ဗန္ဒူကျေးရွာများမှ ဖြစ်ကြကြောင်း သိရသည်။ တချို့ဟိန္ဒူများမှာ စစ်တွေမြို့သို့ ခိုလှုံလာသူများလည်း ရှိကြသည်။

လက်ရှိတွင် အဆိုပါထွက်ပြေးသွားကြသည့် ဟိန္ဒူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြပြီး နေရေးထိုင်ရေး၊ စားဝတ်နေရေးများ အခက်အခဲရှိသည်ဟု ဟိန္ဒူအမျိုးသားတစ်ဦးက ပြောသည်။

“ကျနော်တို့ကို WFP က တစ်လစာအတွက် လူတစ်ယောက်ကို ၈ ဒေါ်လာ ထောက်ပံ့တယ်။ အဲဒီ ၈ ဒေါ်လာနဲ့ လုံလောက်မှု မရှိဘူး။ စားဝတ်နေရေးတွေ အခက်အခဲရှိတယ်။ မိမိနေရပ်ကို ပြန်သွားချင်တာပေါ့။ ဒါပေမယ့် သွားလို့မှမရတာ။ ဒုက္ခသည်စခန်းမှာ ဖြစ်သလိုနေကြရတယ်” ဟု ဆိုသည်။

စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံသွားသည့် မွတ်ဆလင်ဒုက္ခသည်နှင့် ဟိန္ဒူလူဦးရေ ၁၀၀၀ ကို ကနဦးလက်ခံသွားမည်ဟု ပြောဆိုသော်လည်း ပြန်လည်လက်ခံရေးအစီအစဉ် အထမမြောက်သေးသည့်အတွက် ပြန်မရောက်နိုင်သေးပေ။

ရခိုင်ပြည်တွင် ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ ဟိန္ဒူလူဦးရေ ၁၂၀၀၀ ကျော်ရှိကြောင်း သိရသည်။

အနာဂတ် မသေချာသည့်အခြေအနေတွင် တက်လာသည့် ကုန်စျေးနှုန်းများနှင့် မတည်ငြိမ်သည့် နိုင်ငံရေး အခြေအနေများက မရီကာတို့ကဲ့သို့ ဒုက္ခသည်စခန်းက အမျိုးသမီးများအတွက် ရင်တွင်းမီးကို ပိုပြီးတောက်လောက်စေသည်။

သည်လိုအခြေအနေမှာ နိုင်ငံတကာအကူအညီနှင့် အစိုးရက ပြန်လည်ထောက်ပံ့မည့် စားနပ်ရိက္ခာကို ပိုပြီးမျှော်လင့်မိနေကြောင်း သူမကပြောသည်။