ALP အချုပ်ခန်းမှာ လေးလကျော်ကြာ

အသက် ၄၀ အရွယ် မူလတန်းပြဆရာ ဦးမျိုးနိုင်ကို လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော ALP တပ်ဖွဲ့ဝင် ၆ ဦးက ပြီးခဲ့သည့်နှစ် ဩဂုတ်လ ၁၉ ရက်နေ့တွင် စစ်တွေမြို့၌ ဖမ်းဆီးခဲ့ကြသည်။ 

By Admin 13 Sep 2024

ALP အချုပ်ခန်းမှာ လေးလကျော်ကြာ

အောင်မင်း - ရေးသည်။ 

“ကျနော် လဗွီဖမ်းတာ ခံခဲ့ရတယ်။ လေးလကျော်ကြာ ချုပ်နှောင်ပြီး နှိပ်စက်တာ ခံခဲ့ရတယ်” ဟု ပြောလာသူက ဘူးသီးတောင်မြို့နယ်က ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် ခိုလှုံနေသူ ဦးမျိုးနိုင် … 

[မှတ်ချက် - “လဗွီ” ဆိုသည်မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို ရခိုင်ပြည်သူအများစုက ရခိုင်ဘာသာစကားဖြင့် မှည့်ထားသော ဗန်းစကားလုံးဖြစ်သည်။ မြန်မာလို “လေပွေ” ဟု နားလည်နိုင်သည်။] 

အသက် ၄၀ အရွယ် မူလတန်းပြဆရာ ဦးမျိုးနိုင်ကို လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော ALP တပ်ဖွဲ့ဝင် ၆ ဦးက ပြီးခဲ့သည့်နှစ် ဩဂုတ်လ ၁၉ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြသည်။ 

ဦးမျိုးနိုင်မှာ စစ်တွေမြို့ဇာတိဖြစ်ပြီး သူတာဝန်ကျရာ ဘူးသီးတောင်မြို့နယ် ပိန္နဲချေကျေးရွာ၌ ငှက်ဖျားဖြစ်၍ စစ်တွေသို့လာပြီး ဆေးကုသနေသည့် ရက်ပိုင်းအတွင်း ဖမ်းဆီးခံရခြင်း ဖြစ်သည်။ 

ဇူလိုင် ၁ ရက်နေ့တွင် ALP ပါတီဒုက္ကဌ ခိုင်နီရောင်၊ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့ စစ်တွေတက္ကသိုလ်အနီး လုပ်ကြံခံရမှုနှင့်ပတ်သက်၍ မသင်္ကာမှုဖြင့် ဖမ်းဆီးခံရခြင်းလည်း ဖြစ်သည်။ 

“၈ လပိုင်း ၁၉ ရက်နေ့ညက ကျနော် ဆေးသွားဝယ်ပြီး ပြန်လာချိန်မှာ လမ်းကစောင့်ပြီး ဖမ်းတာ။ ကျနော်က နေလို့လည်းမကောင်း၊ သေနတ်တွေနဲ့ဆိုတော့ ဘယ်လိုမှ ပြေးလို့ မလွတ်တော့ဘူး” ဟု ကိုမျိုးနိုင်က ပြောသည်။

ဖမ်းဆီးခံရပြီးနောက် ALP ဌာနချုပ်ထဲ အမြင့် ၆ ပေခန့်ရှိ မှောင်မိုက်နေသည့် အခန်းကျဉ်းထဲတွင် လက်နှစ်ဖက်အား နောက်ပြန်ကြိုးတုပ်ကာ ခြေထောက်နှစ်ဖက်ကိုလည်း ထိပ်တုံးခတ်ပြီး ချုပ်နှောင်ခံခဲ့ရကြောင်း သူက ပြောသည်။ 

“ဖမ်းပြီးတော့ စစ်ကြောရေးကို ခေါ်သွားတယ်။ ပြီးတော့ AA နဲ့ ဆက်စပ်မှု ရှိ/မရှိ၊ တခြားဘယ်သူတွေ AA နဲ့ ဆက်စပ်မှုရှိလဲ၊ စစ်တွေမှာ ALP ခေါင်းဆောင် အသတ်ခံရတာကို သိလား/မသိဘူးလား မေးတယ်” 

ALP ခေါင်းဆောင်များ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ ULA/AA လက်ချက်ဖြစ်ကြောင်း ၂၀၂၃ ဇူလိုင်လ ၂ ရက်နေ့တွင် ALP က စွပ်စွဲခဲ့ပြီး ULA/AA ဘက်မှလည်း ငြင်းဆန်ခဲ့သည်။

၎င်းဖြစ်စဉ်နောက်ပိုင်း ALP သည် စစ်တွေမြို့တွင် AA နှင့် ဆက်စပ်သည်ဟု ယူဆသူအများအပြားကို ဖမ်းဆီးခဲ့ပြီး ဦးမျိုးနိုင်အား ဖမ်းဆီးခြင်းသည်လည်း ယင်းကိစ္စနှင့် ပတ်သက်နေသည်ဟု ယူဆနေခြင်း ဖြစ်သည်။

၎င်းအား ဖမ်းဆီးထားချိန်တွင် ထမင်းကျွေးလျှင် ထမင်းသိုး ဟင်းသိုးများဖြင့်ကျွေးကာ နှိပ်စက်ကြောင်း ဆိုသည်။

“ကျနော်က နယ်မှာကျနေတဲ့ ကျောင်းဆရာလေ။ အဲဒီတော့ ဖြစ်သလိုစားနိုင်တာကို ‘AA ဖြစ်လို့ စားနိုင်တာဆိုပြီး’ နှိပ်စက်ခံရတာပဲ”

စစ်ကြောရေးတွင် ဦးမျိုးနိုင်ကဲ့သို့ ဖမ်းဆီးခံရသူ အများအပြားရှိခဲ့ပြီး နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားသူများ ရှိကြောင်း၊ ၎င်းကိုယ်တိုင်လည်း သတိမေ့မြောသွားခြင်းများရှိကြောင်း ဦးမျိုးနိုင်က ပြောပြသည်။ 

“ကျည်တစ်ထောင့် ကိုက်ခိုင်းထားတယ်။ ‘မင်းကို ပစ်မယ့်ကျည်ပဲ ကိုက်ထားစမ်း’ လို့ပြောပြီး ထပ်ရိုက်တယ်။ ကျောကုန်းတွေ၊ ခေါင်းတွေ၊ ရင်ဘတ်တွေကို ကန်တယ်။ ရိုက်ချက်တွေများလာတော့ ကျနော် သတိမေ့သွားတယ်”

ကိုမျိုးနိုင်အား ALP က နှိပ်စက်စစ်ဆေးနေသည့်ကာလအတွင်း စစ်ကောင်စီတပ်သားများ တစ်ကြိမ်ရောက်ရှိလာပြီး ခြေထောက်ဖြင့် ကန်သွားကြောင်းလည်း ပြောသည်။

“နှိပ်စက်လို့ သေမလိုဖြစ်တော့မှ ‘ဒီကောင်သေတာ့မယ် လမ်းမှာသွားပစ်လိုက်တော့’ လို့ သူတို့လက်ထဲသေမှာစိုးလို့ သုံးဘီးနဲ့တင်ပြီး ဝေသာလီဘောလုံးကွင်းအနီး လမ်းမှာ ပစ်ထားခဲ့ကြတာ” 

ကိုမျိုးနိုင်အား ALP တပ်သားများက လာရောက်စွန့်ပစ်သွားသည်မှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်နေ့ဖြစ်သည်။ လမ်းသွားလမ်းလာများ၏ အကူအညီဖြင့် နေအိမ်သို့ရောက်ရှိလာခဲ့ပြီး ဆေးကုသမှုခံယူကာ အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ကြောင်း ပြောသည်။ 

စစ်တွေမြို့ခံတစ်ဦးက “အရင်နှစ်က ALP ခေါင်းဆောင်တွေ လုပ်ကြံခံရပြီးနောက်ပိုင်း မင်းဂံ၊ စက်ရုံစု၊ ရွာသာယာ အဲဒီရပ်ကွက်တွေက ဒေသခံတော်တော်များများ ALP ဆီမှာ ဖမ်းဆီးခံရတာ ရှိခဲ့တယ်။ တချို့က ပြန်လွတ်လာတယ်၊ တချို့ကျ လွတ်တာ မတွေ့ရတော့ဘူး” ဟု ပြောသည်။

ဦးမျိုးနိုင်အား ဖမ်းဆီးနှိပ်စက်ခဲ့ခြင်းနှင့် ပတ်သက်၍ ALP တာဝန်ရှိသူကို DMG က ဆက်သွယ်မေးမြန်းရာ အဆိုပါဖြစ်စဉ်မျိုး လုံးဝမရှိကြောင်း ငြင်းဆိုသည်။

ALP အထွေထွေအတွင်းရေးမှူး ခိုင်သူရိန်က “ကျနော်တို့ဘက်က ဖမ်းပြီး နှိပ်စက်တာတို့၊ ထောင်ချတာတို့ အရင်တုန်းကလည်း မရှိခဲ့သလို၊ အခုလည်းမရှိပါဘူး။ ကိုယ့်ပြည်သူတွေ အခုလောက်ထိ ဒုက္ခရောက်နေကြချိန်မှာ ဖမ်းဆီးတာတွေ မရှိပါဘူး။ ကျနော်တို့ ဒုက္ခရောက်နေတဲ့ပြည်သူတွေကို နိုင်သလောက်ကူညီနေတာပဲရှိတယ်” ဟု ပြောသည်။

ALP သည် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်တပ်ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံနေသောအဖွဲ့ဖြစ်သည်။ 

လက်ရှိတွင် စောမြရာဇာလင်းခေါင်းဆောင်သော ALP အဖွဲ့က စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ အေးသာယာလမ်းတွင် ဌာနချုပ် အခြေစိုက်ထားသည်။ တော်လှန်ရေးသက်တမ်း ၅၇ နှစ် ရှိလာသော်လည်း ထူးခြားသည့်ပြောင်းလဲမှု တစ်စုံတစ်ရာ မလုပ်နိုင်သဖြင့် ရခိုင်လူထုထောက်ခံမှုလည်း မရှိတော့ပေ။ 

ဉီးမျိုးနိုင်မှာ ဖမ်းဆီးခံထားရချိန် ထိပ်တုံးခတ်ခံရခြင်း၊ သေနတ်ဘောင်ဖြင့် ထုထောင်းခြင်း၊ ခြေထောက်ဖြင့် ကန်ကျောက်ခြင်း စသည်တို့ကို ရက်တာရှည် ခံခဲ့ရ၍ အတွင်းဒဏ်ရာများရရှိခဲ့ပြီး နံရိုးငါးချောင်းကျိုးသွားခဲ့သည်။ 

“နံရိုးကျိုးသွားတာကတော့ ဆရာတော်တစ်ပါးရဲ့ တိုင်းရင်းဆေးနဲ့ သက်သာနေပြီ။ ဒါပေမယ့် အရင်လိုတော့ သွက်သွက်လက်လက် မရှိတော့ဘူးပေါ့” ဟု ဦးမျိုးနိုင်က ပြောသည်။ 

ယခုကဲ့သို့ နှိပ်စက်ခံရသည့် ဖြစ်စဉ်များကို သတင်းမီဒီယာများသို့ မပြောပြရန်နှင့် သတင်းမဖြန့်ရန် ကျန်ရှိခဲ့သည့် မိသားစုဝင်များအား ခြိမ်းခြောက်ထားသဖြင့် ထုတ်မပြောရဲခဲ့ကြောင်း ဦးမျိုးနိုင်က ပြောသည်။

လက်ရှိမှာ AA ထိန်းချုပ်နယ်မြေသို့ ရောက်ရှိနေခြင်း၊ မိသားစုဝင်များမှာလည်း ALP နှင့် ဝေးရာသို့ ရောက်နေခြင်းခြင်းသာ ဖွင့်ပြောရဲခြင်းဟု ရှင်းပြသည်။ 

“ကျနော့်ကို နှိပ်စက်ကြတဲ့ ALP အကောင်တွေထဲမှာ “တောရိုင်း”နာမည်နဲ့ အကောင်ကို မှတ်မှတ်ရရဖြစ်မိတယ်။ သူ့ကြောင့် ကျနော့်ဘဝ အတွင်းဒဏ်ရာတွေ ရရှိခဲ့တာ” ဟု ဦးမျိုးနိုင်က သူ၏နံရိုးများကို လက်ဖြင့် ခပ်ဖွဖွကလေးဖိရင်း ပြောသည်။