မီးလောင်တိုက်ထဲက ကျောက်နီမော် 

ယခင်ကာလများက စစ်ဘေးစစ်ဒဏ် တစ်ခုမှမရှိခဲ့သည့် ရမ်းဗြဲမြို့နယ်ထဲက ကျောက်နီမော်ရွာသားများမှာ လက်ရှိတွင် ဆောက်တည်ရာမဲ့ ကြောက်ရွံ့စိတ်များနှင့်အတူ ဆုံးရှုံးသွားသည့် ဘဝ၊ အိုးအိမ်စည်းစိမ်များ ပြန်လည်ထူထောင်ရေးအတွက် စိန်ခေါ်မှုများပြည့်နှက်လျက်ပင်………

By Admin 17 Jan 2025

မီးလောင်တိုက်ထဲက ကျောက်နီမော် 

 
မေကြီးသျှင် - ရေးသည်။ 

ရခိုင်ပြည်တောင်ပိုင်း၊ ရမ်းဗြဲမြို့နယ်မှ ကျောက်နီမော်ဆိပ်ကမ်းသည် ရခိုင်ပြည်ရှိ အခြားဆိပ်ကမ်းများနှင့်နည်းတူ ရေလမ်းခရီးဖြင့် ချိတ်ဆက်ကုန်သွယ်နိုင်သည့် နာမည်ရ ဆိပ်ကမ်းတစ်ခုဖြစ်သည်။ 

ကျောက်နီမော်ကျေးရွာကို တောင်ပိုင်း၊ အလယ်ပိုင်း၊ မြောက်ပိုင်းဟူ၍ အပိုင်း (၃) ပိုင်းဖြင့် ဖွဲ့စည်းထားသည်။ 

တောင်ပိုင်းတွင် အစ္စလာမ်ဘာသာဝင်များဖြစ်သည့် ကမန်မျိုးနွယ်စုဝင်နှင့် မွတ်ဆလင်များနေထိုင်ကြပြီး မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် ရခိုင်လူမျိုးများ နေထိုင်သည်။ 

ဒေသခံများအေးချမ်းစွာ လုပ်ကိုင်စားသောက်နေထိုင်နေကြသည့် ထိုသို့ ကျေးရွာသည် ဇန်နဝါရီ ၈ ရက်မှာ မီးလောင်တိုက် အသွင်းခံလိုက်ရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၈ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံ ၂၆ ဦးသေဆုံးကာ ၂၇ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၃၉၈ မီးလောင်ပျက်စီးသွားခဲ့သည်။

 “ဂျက်လေယာဉ်က တောင်ပိုင်းဘက်ကို ကြဲချခဲ့တာ။ အဲဒီနေရာက မွတ်ဆလင်တွေနေတာ။ နေအိမ်တွေ ထူထပ်တော့ တောင်ပိုင်းရပ်ကွက်ကို မီးလောင်ရာကနေ အလယ်ပိုင်း၊ မြောက်ပိုင်းကို ကူးစက်ကုန်တာ။ ဗုံးကသုံးလုံးလောက် ကြဲချခဲ့တာ” ဟု ယင်းအကြောင်းသိသူ ဒေသခံတစ်ဦးက ပြောသည်။  

ဖြစ်စဉ်အတွင်း သေဆုံးသွားသူများမှာ မွတ်ဆလင်များဖြစ်ပြီး ၎င်းတို့မှာ ရေလုပ်သား၊ ကုန်သည်များအပြင် ကျောင်းသားအချို့ပါဝင်ကြောင်း အာရက္ခတပ်တော် (AA)က သေဆုံးသူများ၏ စာရင်းကိုအမည်နှင့်တကွ ထုတ်ပြန်ခဲ့သည်။ 

ယခုအချိန်ထိ အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသူများလည်း ရှိနေသေးကြောင်း သိရသည်။ အသက်သွေးချွေးများဖြင့်ရင်းကာ ဆောက်လုပ်စုဆောင်းထားသည့် ကျောက်နီမော်ဒေသခံများ၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများမှာ စစ်ကောင်စီ၏ မိနစ်ပိုင်းအတွင်း ဗုံးကြဲပစ်ခတ်ခဲ့မှုကြောင့် ပြာပုံအတိဖြစ်ခဲ့ရသည်။

ဗုံးကြဲမှုကြောင့် ကျောက်နီမော်ကျေးရွာတွင် နေအိမ်များ မီးလောင်ကျွမ်းနေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - APM။

လက်ရှိတွင် နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသည့် မိသားစုဝင်များနှင့် ဒဏ်ရာရရှိသူများအား လက်ရှိ ULA/AA က ဆေးဝါးအကူအညီနှင့် လူသားချင်းစာနာထောက်ထားမှုများ ပေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ 

“အခုကတော့ ULA က ကယ်ဆယ်ရေးပေးနေတာ ရှိတယ်။ အိမ်မရှိတော့တဲ့ သူတွေအတွက် တစ်ခြားရွာတွေက ထမင်းထုပ်တွေပေးလို့တော့ စားသောက်နေကြရတယ်။ ဆောင်းရာသီဖြစ်တဲ့အတွက် နေထိုင်ရေးတွေ အရမ်းအခက်အခဲရှိတယ်” ဟု ကျောက်နီမော် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ 

အာရက္ခတပ်တော်သည် ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်နေ့က စစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးရန်အသင့်ရှိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ယင်းနောက်ပိုင်းမှစပြီး စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုသည် သိသိသာ ထင်ရှားလာသည်။ ရခိုင်ပြည်အတွင်း အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ယခုနှစ် ၂၀၂၅ ခုနှစ် အစပိုင်းတွင် ဆက်တိုက်ပြုလုပ်လျက်ရှိသည်။  

ကျောက်နီမော် ဖြစ်စဉ်ကဲ့သို့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက်သေဆုံးမှု ဖြစ်စဉ်များ ထပ်ဆင့်ရှိနေသည်။ ဇန်နဝါရီ ၁၁ ရက်နေ့၊ နံနက် ၉ နာရီတွင် ကျောက်တော်မြို့ပေါ်ရှိ လူနေရပ်ကွက်နှင့် ဈေး၊ ဆေးရုံ၊ ရဲစခန်းတို့ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၁၅ လုံး ကြဲချခဲ့သည်။

ထိုပစ်ခတ်မှုအတွင်း အရပ်သား ၁၀ ဦးအထိ သေဆုံးခဲ့ပြီး ၂၇ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။ ဈေးဆိုင်များ၊ ဆေးရုံလူနာဆောင်၊ ပြင်ပလူနာဌာနနှင့် ဝန်ထမ်းအိမ်ရာတိုက်ခန်းတို့ ပျက်စီးသွားခဲ့ပြီး လူနာအချို့နှင့် ဆေးရုံဝန်ထမ်းအချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သည်။ 

အလားတူ ဇန်နဝါရီ ၅ ရက် ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ အင်ဇုံပြင်ကျေးရွာနှင့် တောင်ပေါက်အနီးအနားကို လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့၍ မွတ်ဆလင် အမျိုးသမီး ၃ ဦးနှင့် ရခိုင်အမျိုးသမီး ၁ ဦး သေဆုံးသွားခဲ့သည်။  ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ ကျေးရွာအချို့တွင် ဖုန်းလိုင်းရရှိ၍ ဒေသခံများဖုန်းပြောရန်သွားချိန် စစ်ကောင်စီက ဗုံးကြဲပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

ယင်းအပြင် ဇန်နဝါရီ ၃ ရက်ကလည်း မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ရှိ ဆေးရုံနှင့် စာသင်ကျောင်းကို ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်တိုင်တိုင် ဗုံးကြဲပစ်ခတ်ခဲ့၍ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်။ 

စစ်ကောင်စီ၏ လေကြောင်းပစ်မှတ်ကြောင့် အရပ်သားများ အသက်သေဆုံးခြင်းအပြင် အိုးအိမ်မဲ့ဘဝသို့ ရောက်ရှိခဲ့ကြရပြီး ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်သွားခဲ့ရသူများမှာလည်း ဒုနှင့်ဒေးပင်ဖြစ်သည်။ 

စစ်ကောင်စီအနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေထိုင်ရာ နေရာများအား ဦးတည်ပစ်မှတ်ထားတိုက်ခိုက်နေခြင်းမှာ သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ်သည်ဟု AA ဘက်က ပြောဆိုသည်။ 

“ဘာတိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိတော့တဲ့နေရာမှာ အခုလို အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်တာဟာ စစ်ကောင်စီအနေနဲ့ အလွန်ယုတ်မာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်သလို စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာလည်းဖြစ်တယ်” ဟု ဦးခိုင်သုခက DMG ကို ပြောသည်။

ဇန်နဝါရီ ၈ ရက် ညဉ့်အချိန်ထိ မီးလောင်ကျွမ်းနေသည့် ကျောက်နီမော်ကျေးရွာမှ နေအိမ်အဆောက် အအုံများ။ APM။

 

ကျောက်နီမော်ကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ် မေးမြန်းရန်ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ 

သို့သော်လည်း စစ်ကောင်စီ လော်ဘီများက Telegram Channel များတွင် ကျောက်နီမော်ဆိပ်ကမ်းမှာ ရခိုင်ကမ်း ရိုးတန်းတလျောက်ကိုသွားသည့် AA ထောက်ပို့ စက်လှေများရပ်နားသည့် ဆိပ်ကမ်းဖြစ်၍ ဗုံးကြဲခြင်းဖြစ်ကြောင်း ရေးကြသည်။

ယင်းအပြင် အဆိုပါ ဗုံးကြဲခံရသည့်နေရာမှာ စက်သုံးဆီသိုလှောင်သည့် နေရာဖြစ်သဖြင့် နေအိမ်အများ အပြားမီးလောင်ရခြင်းဟု ပြောဆိုကြသည်။

ရမ်းဗြဲဒေသများကတော့ မွတ်ဆလင်နေအိမ်များမှာ တစ်ဆောင်နှင့်တစ်ဆောင် နီးနီးကပ်ကပ်ရှိနေသဖြင့် မီးလောင်ကျွမ်းမှု ပိုမိုများပြားရခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

ယခု နှစ်ဆန်းပိုင်းတွင် ရမ်းဗြဲ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံမြို့နယ်အား စစ်ကောင်စီက ဗုံးကြဲပစ်ခတ်ခဲ့၍ ထိုဒေသများမှ အရပ်သား စုစုပေါင်း ၄၁ ဦးထက်မနည်း သေဆုံးခဲ့ရသည်။ အရပ်သား ၆၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း DMG စာရင်းအရ သိရသည်။  

ဗုံးကြဲမှုအတွင်း ဒဏ်ရာရရှိသွားသည့် ကျောက်နီမော်ကျေးရွာမှ ကလေးငယ်တစ်ဦး။ APM။

ထိုသို့ စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားများ အစုလိုက်အပြုံလိုက်သေဆုံးမှုမှာ လူ့အခွင့်အရေး ချိုးဖောက်မှုခံနေရဖြစ်ပြီး ထိုလုပ်ရပ်များသည်လည်း လူမျိုးတုန်းသတ်ဖြတ်မှုမြောက်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောဆိုကြသည်။
 
“အခုလို အစုလိုက်အပြုံလိုက် သေဆုံးမှုက Genocide (လူမျိုးတုန်းသတ်ဖြတ်မှု) တစ်ခုပဲ။ Geneva Convention သဘောတူညီချက် လက်မှတ်ထိုးတဲ့နေရာမှာ အရပ်သားပြည်သူတွေကို မထိခိုက်မနစ်နာစေရဘူးဆိုတဲ့ အချက်ပါတယ်။ အဲဒါကို အဓိက ချိုးဖောက်ပါတယ်” ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက DMG သို့ ပြောသည်။ 

ယင်းအပြင် အရပ်သားနေထိုင်ရာ နေရာများကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်နေခြင်းမှာ ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များတွင် အုပ်ချုပ်ရေးယန္တရားများ မလည်ပတ်နိုင်အောင် ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ရခိုင်နိုင်ငံရေးသမားများက သုံးသပ်ကြသည်။  

“စစ်ကောင်စီ အနေနဲ့ အာရက္ခတပ်ဖွဲ့ဝင်တွေပဲ ဆုံးဆုံး၊ အရပ်သားပဲသေသေ အရင်းမရှုံးဘူးဆိုတဲ့ သဘောပေါ့။ ဒါဟာ ULAရဲ့ အုပ်ချုပ်ရေး မတည်ငြိမ်အောင်ပေါ့။ ဒီလိုဒုက္ခပေးလို့ရတယ်ဆိုတဲ့ ခြိမ်းခြောက်မှုလည်းပါတယ်” ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

ကျောက်နီမော်ဆိပ်ကမ်းအား ယခင်ကတွေ့ရစဉ်။ ဓာတ်ပုံ - Ko Mg Lay။


 
ရခိုင်တိုက်ပွဲတစ်နှစ်ကျော်အတွင်း အာရက္ခတပ်တော်က ရခိုင်ပြည်ကမြို့နယ် ၁၄ ခုအထိ တိုက်ခိုက်သိမ်းပိုက်ထားပြီး လက်ရှိတွင် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့မှာ စစ်ကောင်စီထိန်းချုပ်ထားဆဲ ဖြစ်သည်။ 

ရမ်းဗြဲမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ်၊ မတ် ၁၁ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။

ကျောက်နီမော်ကျေးရွာသည် ရမ်းဗြဲတောင်ဘက်အစွန် မြို့နှင့် ၁၆ မိုင်ခန့်အကွာ ပင်လယ်ကမ်းခြေတွင် တည်ရှိပြီး တောင်ကုတ်၊ မာန်အောင်၊ ကျောက်ဖြူစသည့် မြို့နယ်များနှင့် ကူးသန်းဆက်သွယ်ရေး ကောင်းမွန်သည့် နေရာတစ်ခုလည်း ဖြစ်သည်။

ယခင်ကာလများက စစ်ဘေးစစ်ဒဏ် တစ်ခုမှမရှိခဲ့သည့် ရမ်းဗြဲမြို့နယ်ထဲက ကျောက်နီမော်ရွာသားများမှာ လက်ရှိတွင် ဆောက်တည်ရာမဲ့ ကြောက်ရွံ့စိတ်များနှင့်အတူ ဆုံးရှုံးသွားသည့် ဘဝ၊ အိုးအိမ်စည်းစိမ်များ ပြန်လည်ထူထောင်ရေးအတွက် စိန်ခေါ်မှုများပြည့်နှက်လျက်ပင်………