မဒေးကျွန်းနှင့် ရေလုပ်သားများ၏ရှေ့ရေးကို စိန်ခေါ်လာမည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း
အရင်တည်ဆောက်ထားတဲ့ စီမံကိန်းတွေကြောင့် ဒေသခံရေလုပ်သားတွေဟာ သားငါးများ ရှားပါးလာခြင်းနဲ့အတူ စီမံကိန်းကြောင့် မြစ်ကြောင်းအတွင်း ငါမဖမ်းရတဲ့နေရာတွေ များလာခြင်းကြောင့် ရေလုပ်သားတွေရဲ့ စားဝတ်နေရေးကို စိန်ခေါ်လျှက်ရှိနေပါတယ်။
26 Aug 2022
DMG ၊ ဩဂုတ် ၂၆
(ဆောင်းပါး)
အရှိန်အဟုန်နဲ့တိုးတက်လာနေတဲ့ တရုတ်နိုင်ငံရဲ့စီးပွားရေးကို အနောက်အာဖရိကနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်မယ့် Belt and Road Initiative စီမံကိန်းရဲ့ အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တည်ဆောက်နိုင်ဖို့ သဘာဝပတ်ဝန်းကျင်သက်ရောက်မှု အကဲဖြတ်စစ်တမ်းကောက်ယူခြင်းလုပ်ငန်းကို စတင်နေပြီဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ စစ်ရေး၊ စီးပွားရေးရဲ့ အဓိကပင်လယ်ထွက်ပေါက်ဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာစိုးမိုးရေး မဟာဗျူဟာမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းဟာ တရုတ်နိုင်ငံအတွက် အသက်တမျှအရေးကြီးတဲ့ စီမံကိန်းဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ဒီဆိပ်ကမ်းစီမံကိန်းကနေတစ်ဆင့် လူဦးရေသန်းခြောက်ရာကျော်ရှိတဲ့ အာဆီယံနိုင်ငံများဈေးကွက်အတွင်းသို့ တရုတ်ထုတ်ကုန်တွေကို ထိုးဖောက်ဖြန့်ချိမှာဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသများထိ ထိုးဖောက်ဝင်ရောက်နိုင်ဖို့ အဓိကကျတဲ့ ကမ္ဘာ့အကြီးဆုံးရင်းနှီးမြှုပ်နှံမှု ကုန်သွယ်ရေးလမ်းကြောင်းလည်း ဖြစ်ပါတယ်။
တရုတ်ရဲ့ ဒီစီမံကိန်းမှာ နိုင်ငံပေါင်းခုနှစ်ဆယ်ကျော်ပါဝင်ရမှာဖြစ်ပြီး ဒီစီမံကိန်းမှာပါဝင်မယ့် နိုင်ငံတွေကိုဖိတ်ခေါ်ပြီး တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ BRI ဖိုရမ်ကို သုံးကြိမ်အထိပြုလုပ်ထားခဲ့ပြီဖြစ်ပါတယ်။
ဒီစီမံကိန်းကိုတည်ဆောက်ဖို့ တရုတ်တို့ဘက်က လက်ရှိပြင်ဆင်လာတဲ့အချိန်ဟာ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းယူခဲ့မှုကြောင့် နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရချိန်လည်း ဖြစ်ပါတယ်။ စစ်တပ်က နိုင်ငံအာဏာသိမ်းယူမှုကိုဆန့်ကျင်တဲ့ အနောက်နိုင်ငံတွေရဲ့ စီပွားရေးပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ ငွေကြေးဖေါင်းပွမှုနဲ့ ဆင်းရဲမွဲတေမှုဒဏ်ကို ပြည်သူတစ်ရပ်လုံး အဆိုးဆုံးရင်ဆိုင်နေကြရတဲ့ကာလလည်း ဖြစ်ပါတယ်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းဟာ တရုတ်အတွက် အဓိကအရေးပါတဲ့ စီမံကိန်းဖြစ်သလို မြန်မာပြည်အတွက်လည်း ဝင်ငွေများစွာကိုရှာဖွေပေးနိုင်ဖို့ နိုင်ငံတော်အစိုးရက မျှော်လင့်ထားပါတယ်။
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ဟာ လက်ရှိအချိန်မှာလည်း ပြည်ထောင်အစိုးရကို ဝင်ငွေများစွာရှာပေးထားတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြီး တည်ရှိတဲ့နေရာဖြစ်ပါတယ်။ ဒီစီမံကိန်းတွေအပြင် နောက်ထပ်သဘာဝဓာတ်ငွေ့နဲ့လည်ပတ်ပြီး လျှပ်စစ်မီဂါဝပ်(၃၀၀)လောက် ထုတ်လွှတ်နိုင်ဖို့ စက်ရုံတွေကိုလည်း တည်ဆောက်လျှက်ရှိနေပါတယ်။
အခုတည်ဆောက်မယ့်စီမံကိန်းမှာ ရေနက်ဆိပ်ကမ်းနှစ်ခုပါဝင်မှာဖြစ်ပြီး ရေနက်ဆိပ်ကမ်းအတွက် စုစုပေါင်း မြေဧက (၆၄၃ ဒသမ ၈၈)ဧကကို အသုံးပြုတည်ဆောက်မှာဖြစ်ပါတယ်။ အခုတည်ဆောက်မယ့်စီမံကိန်းအတွင်း နောက်ထပ်မဒေးကျွန်းနဲ့ ရမ်းဗြဲကျွန်းကိုချိတ်ဆက်မယ့် တံတားတစ်စင်းပါဝင်ပြီး မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်းနဲ့ ကားလမ်းတစ်ခုကိုလည်း ထည့်သွင်းတည်ဆောက်မှာဖြစ်ပါတယ်။
ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ကုန်ကျငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ခုနှစ်ဘီလီယံခန့်မှန်းထားပြီး အဆင့်သုံးဆင့်ခွဲပြီး တည်ဆောက်မှာဖြစ်တယ်လို့သိရပါတယ်။ ပထမအဆင့်အနေနဲ့ မဒေးကျွန်းပေါ်က ရေနက်ဆိပ်ကမ်းကို စတင်တည်ဆောက်မှာဖြစ်ပြီး အမေရိကန်ဒေါ်လာ (၁ ဒသမ ၃)ဘီလီယံ သုံးစွဲလုပ်ဆောင်ဖို့ သဘောတူထားကြတာပါ။
ဒီစီမံကိန်းကို တရုတ်နိုင်ငံပိုင် CITIC Group နဲ့ မြန်မာအစိုးရလက်အောက်ခံ ကုမ္ပဏီဖြစ်တဲ့ Kyaukpyu Special Economic Zone Deep Seaport Co.Ltd တို့က တည်ဆောက်မှာဖြစ်ပါတယ်။ အစုရှယ်ယာပိုင်းကတော့ တရုတ်ဘက်က (၇၀ ရာခိုင်နှုန်း)နဲ့ မြန်မာဘက်က (၃၀ ရာခိုင်နှုန်း) ပိုင်ဆိုင်ကြမယ်လို့သိရပါတယ်။
စီမံကိန်းမှ ဒေသခံများအခွင့်အလမ်း
အစိုးရကုမ္ပဏီနဲ့ တစ်ချို့သော ဒေသခံစီပွားရေးသမားတွေကတော့ ဒီစီမံကိန်းဟာ ဒေသခံတွေကို အလုပ်အကိုင် အခွင့်အလမ်းပေါင်းများစွာကို ဖန်တီးပေးမယ်လို့ ကြွေးကြော်မက်လုံးပေးနေကြတာကို တွေ့ရပါတယ်။
ကျောက်ဖြူဒေသခံအများစုဟာ ဒီစီမံကိန်းကို စက်မှုဇုန်စီမံကိန်းဖြစ်တယ်လို့ အခုထိထင်မြင်နေကြဆဲဖြစ်တာကိုလည်း အံ့ဩစွာတွေ့နေရတုန်းပါ။ သို့သော်လည်း စီမံကိန်းဧရိယာအတွင်းက ဒေသခံလူထုအများစုကတော့ ဒီစီမံကိန်းကိုသဘောမကျကြဘဲ စိုးရိမ်မှုတွေမြင့်တက်နေတာကိုတွေ့ရပေမယ့် ဆန့်ကျင်ဖို့အထိတော့ မဝံ့ရဲကြပါဘူး။
အရင်တည်ဆောက်ထားတဲ့ စီမံကိန်းတွေကြောင့် ဒေသခံရေလုပ်သားတွေဟာ သားငါးများ ရှားပါးလာခြင်းနဲ့အတူ စီမံကိန်းကြောင့် မြစ်ကြောင်းအတွင်း ငါမဖမ်းရတဲ့နေရာတွေ များလာခြင်းကြောင့် ရေလုပ်သားတွေရဲ့ စားဝတ်နေရေးကို စိန်ခေါ်လျှက်ရှိနေပါတယ်။
အထူးသဖြင့် စီမံကိန်းစက်ရုံတွေနဲ့ ရေနံတင်ဆိပ်ကမ်းတည်ရှိရာ မဒေးကျွန်းရေလုပ်သားအများစုဟာ ရေလုပ်ငန်းကိုစွန့်ခွာရတော့မယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရကြောင်း ပြောဆိုကြတာကိုတွေ့ရပါတယ်။ သို့သော်လည်း ဒီလူတွေဟာ ရေလုပ်ငန်းကလွဲပြီး တခြားကျွမ်းကျင်တဲ့ အသက်မွေးဝမ်းကျောင်းအတတ်ပညာ မရှိကြပါဘူး။
ယင်းသဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ခဲ့တဲ့ကာလတုန်းကလည်း ကုမ္ပဏီတွေဘက်က ဒေသခံတွေကို အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးမယ်၊ ဒီစီမံကိန်းတည်ဆောက်လိုက်ရင် ဒေသဖွံ့ဖြိုးသွားမယ် စတဲ့ကတိတွေပေးခဲ့ကြပေမယ့် တစ်ကယ့်လက်တွေ့အခြေအနေမှာ ဒေသခံတွေဟာ မည်သည့်အလုပ်အကိုင် အခွင့်အလမ်းမှ မရရှိကြသလို စက်ရုံနားကတောင် ဖြတ်သန်းသွားလာခွင့်မရရှိကြဘူးလို့ မဒေးကျွန်း ဒေသခံတွေက ပြောကြပါတယ်။ ဒေသခံအများစုက ဒေသဖွံ့ဖြိုးရေးတွေလုပ်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပေမယ့် အိမ်ခြေခုနှစ်ရာရှိတဲ့ မဒေးကျွန်းမှာ ဒီနေ့ထိ ဖုန်းလိုင်းမမိတဲ့နေရာတွေ များစွာရှိနေတုန်းပဲဖြစ်ပါတယ်။
မဒေးကျွန်းမှာ ကျေးရွာလေးရွာတည်ရှိပြီး အိမ်ခြေ(၇၀၀)ကျော်၊ အိမ်ထောင်စု (၇၆၀)ကျော်နဲ့ လူဦးရေ (၃၀၀၀) ကျော်ရှိပါတယ်။ ဒီအိမ်ထောင်စုအားလုံးဟာ အခုရေနက်ဆိပ်ကမ်းတည်ဆောက်မယ့်ဧရိယာအတွင်း ရေလုပ်ငန်းနဲ့ အဓိကအသက်မွေးဝမ်းကျောင်း ပြုနေကြသူတွေဖြစ်ပါတယ်။
အခုရေနက်ဆိပ်ကမ်း တည်ဆောက်မယ့်သံဇစ်မြစ်အတွင်း ကျောက်ဖြူမြို့နယ်မှ မဒေးကျွန်းအပါအဝင် တစ်ခြားဒေသမှ ဒေသခံရေလုပ်သား အိမ်ထောင်စုပေါင်းလေးထောင်လောက် အသက်မွေးဝမ်းကျောင်းပြုလုပ်တဲ့ နေရာလည်းဖြစ်ပါတယ်။
ဒီကရလာတဲ့ငါးတွေဟာ ရေလုပ်ငန်းလုပ်တဲ့ ကျေးရွာတွေအပြင် လူဦးရေခုနှစ်သောင်းကျော်ရှိတဲ့ ကျောက်ဖြူမြို့ပေါ်လူထုရဲ့ အဟာရဓာတ်ကို အဓိကထုတ်ပေးနေတဲ့ သဘာဝအရင်းအမြစ်ပေါကြွယ်ဝတဲ့ နေရာလည်းဖြစ်ပါတယ်။ သံဇစ်မြစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေဟာ ဒီသံဇစ်မြစ်ကိုသာမှီခိုပြီး အဓိက အသက်မွေးဝမ်းကျောင်းပြုနေကြရတာပါ။
အခုတည်ဆောက်မယ့် ရေနက်ဆိပ်ကမ်းစီမံကိန်းကြောင့် ဒီသံဇစ်မြစ်ကြောင်းတစ်လျှောက် ရေလုပ်ငန်းများစွာကို ပျက်စီးသွားစေမှာဖြစ်ပြီး ဒီအတွက် တာဝန်ရှိသူတွေဘက်က ကြိုတင်ပြင်ဆင်မှုတွေနဲ့ ဒေသခံရေလုပ်သားတွေအတွက် ကြိုတင်ပြင်ဆင်ထားမှုတွေရှိနေဖို့ လိုအပ်မှာဖြစ်ပါတယ်။ သို့သော်လည်း ဒီနေ့အချိန်ထိ အစိုးရတာဝန်ရှိသူတွေဘက်မှာ ဒီအစီအစဉ်တွေရှိနေပုံကို မတွေ့ရသေးပါဘူး။
အရင်တည်ဆောက်ခဲ့တဲ့ ပိုက်လိုင်းစီမံကိန်းမှာ မြေယာပြဿနာတွေ များစွာရှိခဲ့ပေမယ့် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုမှာ မည်သည့်တာဝန်ယူမှုမျိုးမှ မရှိဖူးသလို ဒေသခံတွေရဲ့အခွင့်အရေးကိုလည်း လေးစားလိုက်မှုမျိုး မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း တရုတ်စီမံကိန်းတွေကို ဒေသခံအများစုက သဘောမကျကြတာဖြစ်ပါတယ်။
အခုဆိပ်ကမ်းတည်ဆောက်ဖို့ တင်ဒါအောင်ထားတဲ့ CITIC ကုမ္ပဏီဟာလည်း ဒေသခံစီပွားရေးသမားတွေနဲ့ ပူးပေါင်းပြီး လူထုကို ပျားရည်နဲ့ဝမ်းချမယ့် မက်လုံးတွေပေးနေတာတွေ၊ အရာမထင်တဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေကို အဖြစ်သဘောပြုလုပ်ပေးနေတာကို တွေ့ရပါတယ်။
သို့သော်လည်း မဒေးကျွန်းပေါ်မှာ ဒီစီမံကိန်းတည်ဆောက်လိုက်ပြီးတဲ့နောက် ကျွန်းပေါ်ကဒေသခံတွေနေထိုင်ဖို့ အလွန်ခက်ခဲသွားစေနိုင်ပြီး သံဇစ်မြစ်အတွင်းက အသက်မွေးဝမ်းကျောင်းလုပ်ငန်းဟာလည်း လုံးဝနီးပါး ပျက်စီးသွားစေမယ်ဆိုတာကိုတော့ ဘယ်စီးပွားရေးသမားကမှ ထုတ်ဖေါ်မပြောကြသလို ဒေသခံလူထုကလည်း အရိပ်အမြွက် မကျကြသေးပါဘူး။
စီမံကိန်း၏ ရက္ခိုင်နိုင်ငံရေးအကျိုးအမြတ်က ဘာလဲ
ဒီကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ပတ်သက်ပြီး ပထမဆုံးကြိုဆိုခဲ့တာက ရခိုင်အမျိုးသားပါတီ(ANP)ဖြစ်ပါတယ်။ အဲဒီတုန်းက အေအန်ပီပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဟာ ဒီစီမံကိန်းကို မီဒီယာပေါ်ကနေ လူသိရှင်ကြားကြိုဆိုပြခဲ့တာကို မှတ်မိကြမယ်ထင်ပါတယ်။ သူဆိုလိုရင်းကတော့ ဒီစီမံကိန်းကြောင့် ကားလမ်း၊ ရထားလမ်းတွေပေါ်လာမှာဖြစ်ပြီး ကျောက်ဖြူကနေ ကမ္ဘာတစ်ဝှမ်း ကုန်းလမ်းရေလမ်းကုန်သွယ်နိုင်မယ်လို့ ပြောဆိုခဲ့တာကိုတွေ့ရပါတယ်။ အခုလည်း ကျောက်ဖြူကနေ အာဆီယံနိုင်ငံများနဲ့ တရုတ်ထိ ကုန်းလမ်းရေလမ်းသွားလာလို့ရနေတယ်ဆိုတာ သူမသိခဲ့တာတော့ မဖြစ်နိုင်ပါဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)အရ ပြည်နယ်တွေဟာ သယံဇာတအမြတ်အစွန်း ခွဲဝေသုံးစွဲခွင့်မရှိသလို နိုင်ငံရေးအရလည်း ဘာဆုံးဖြတ်ခွင့်ကိုမှ ပေးမထားပါဘူး။ ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ကတင်ပို့နေတဲ့ သဘာဝဓာတ်ငွေ့တန်ဖိုးဟာ ၂၀၁၃ ကနေဒီနေ့ထိ တစ်နှစ်တင်ပို့မှုမှအသားတင်ရရှိငွေဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ (၁)ဘီလီယံကနေ (၁ ဒသမ ၅) ဘီလီယံအကြားရှိမယ်လို့ ခန်းမှန်းရပါတယ်။
မြန်မာနိုင်ငံက တင်ပို့နေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းလေးခုထိရှိနေပြီး ရက္ခိုင်ပြည်ကဓာတ်ငွေ့ပိုက်လိုင်းဟာ ဒီအထဲက ရာခိုင်နှုန်းအများစုကို တင်ပို့ရောင်းချပေးနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ တိတိကျကျဖေါ်ပြတဲ့ စာရင်းဇယားမရှိပါဘူး။
EITI ပြုလုပ်ထားတဲ့ သုတေသနစာရင်းအရ သဘာဝဓာတ်ငွေ့ရောင်းရငွေဟာ (2017-18)ခုနှစ်မှာ (၁ ဒသမ ၅) ဘီလီယံရရှိခဲ့ရာကနေ (၂၀၂၁-၂၂)ခုနှစ်မှာ (၃ ဒသမ ၁)ဘီလီယံအထိ တိုးမြင့်ရရှိခဲ့တာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံကတင်ပို့နေတဲ့ ဓာတ်ငွေ့ပိုက်လိုင်းလေးခုအနက် သုံးခုမှာ အထွက်နှုန်းကျဆင်းသွားပြီဖြစ်ပေမယ့် လက်ရှိရေနံဈေးနှုန်းမြင့်တက်မှုကြောင့် သဘာဝဓာတ်ငွေ့ထုတ်ယူရောင်းချမှုဟာ လက်ရှိ နိုင်ငံအာဏာကို ရယူထားတဲ့ စစ်ကောင်စီအတွက် ကြီးကျယ်တဲ့ငွေတွင်းကြီးလည်းဖြစ်ပါတယ်။
သို့သော်လည်း လွှတ်တော်ရှိနေစဉ်ကာလအတွင်းက ရက္ခိုင်လွှတ်တော်အမတ်များဟာ ရက္ခိုင်ပြည်ကတင်ပို့နေတဲ့ သဘာဝဓာတ်ငွေ့အမြတ်အစွန်းနဲ့ ပတ်သတ်ပြီး မေးခွန်းတွေ၊ အဆိုပြုတာတွေ လုံးဝမရှိခဲ့တာကို ထူးခြားစွာတွေ့ရပါတယ်။ ဒါဟာ ရက္ခိုင်နိုင်ငံရေးသမားတွေ မဖြစ်မနေသိရမယ့်အရေးလည်းဖြစ်သလို လွှတ်တော်တွင်းကနေ အကျိုးခံစားခွင့်ကို ရယူနိုင်အောင်ကြိုးစားရမယ့် ကိစ္စလည်းဖြစ်ပါတယ်။
ရက္ခိုင့်ပင်လယ်ပြင်အတွင်း နောက်ထပ်ထုတ်ယူဖို့ အဆင်သင့်တူးဖေါ်ပြီးသား သဘာဝဓာတ်ငွေ့တွင်း နှစ်ခုရှိနေပြီဖြစ်ပြီး နောက်ထပ်လုပ်ကွက်ပေါင်း (၂၃)ခုကလည်း ထပ်မံတူးဖေါ်နိုင်ဖို့ ရှာဖွေစမ်းသပ်ထားပြီးလည်း ဖြစ်ပါတယ်။
သို့သော် ရေနံနဲ့သဘာဝဓာတ်ငွေ့အရေးဟာ ရက္ခိုင်နိုင်ငံရေးသမားတွေ စိတ်ဝင်စားခဲ့ပုံမတွေ့ရဘဲ တစ်ချို့သော ရက္ခိုင်နိုင်ငံရေးသမားတွေက ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာ ဒေသခံတွေအတွက် ဖွံ့ဖြိုးလာမယ်လို့ အခြေအမြစ်မရှိတဲ့ မက်လုံးတွေပေးနေကြတာကို တွေ့ရပါတယ်။
၂၀၀၈ ခြေ/ဥအရ ရက္ခိုင်ပြည်ကထုတ်ယူနေတဲ့ သယံဇာတရရှိငွေဟာ ရက္ခိုင်ပြည်အတွက် ဘာအကျိုးခံစားခွင့်မှ မရရှိနိုင်ပါဘူး။ ဒီလိုအချိန်မှာ ရက္ခိုင်သယံဇာတတွေကို ထုတ်ယူခွင့်ပြုနေတာ၊ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲနဲ့ အကြီးစားစီမံကိန်းတွေကို လက်ခံနေခြင်းဟာ ရက္ခိုင်နိုင်ငံရေး သေဆုံးနေခြင်းသာဖြစ်တယ်လို့မြင်ပါတယ်။
သယံဇာတအလျှံပယ်ထုတ်ယူခံနေရတဲ့ ရက္ခိုင်ပြည်ဟာ ဆင်းရဲမွဲတေမှုတွေသာ မြင့်တက်လာနေပြီး မည့်သည့်အကျိုးခံစားခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်မှ နိုင်ငံရေးအရမရရှိခဲ့သလို အခုတည်ဆောက်မယ့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဟာလည်း ဒေသခံလူထုအတွက် ပဋိပက္ခနဲ့ဆင်းရဲတွင်းကိုသာ ပို့ပေးပါလိမ့်မယ်။
နိဂုံး
ချုပ်ပြောရရင် ရက္ခိုင်ပြည်ဟာ ကိုယ်ဖန်တီးနိုင်တဲ့နိုင်ငံရေးကို မတည်ဆောက်နိုင်ရင် တည်ဆဲ(၂၀၀၈)ခြေ/အရ ဘာအကျိုးခံစားခွင့်မှ မရရှိနိုင်ပါဘူး။ အခုတည်ဆောက်မယ့် ရေနက်ဆိပ်ကမ်းစီမံကိန်းဟာလည်း ဒေသခံလူထုရဲ့ နစ်နာမှုတွေကိုကာကွယ်ဖို့ ဒီနိုင်ငံမှာ ဥပဒေတွေတောင်မရှိသေးသလို လူထုရဲ့ ထိခိုက်နစ်နာမှုတွေကို အရေးဆိုနိုင်မယ့် လွှတ်တော်လည်းမရှိပါဘူး။
ဒီရေနက်ဆိပ်ကမ်းစီမံကိန်းကို တည်ဆောက်နိုင်ဖို့ တိကျပြတ်သားတဲ့ နိုင်ငံရေး၊ စီးပွားရေး ခွဲဝေမှုဟာ နိုင်ငံရေးအရမရှိသေးခင်ကာလမှာ တည်ဆောက်ခဲ့ပါက ဒေသခံတွေရဲ့အခွင့်အရေးကို လေးစားလိုက်နာမှုမရှိတဲ့ တရုတ်စီမံကိန်းအောက်မှာ စီမံကိန်းဧရိယာက ဒေသခံလူထုဟာ ဒေသကထွက်ခွာပြီး ဝမ်းစာရှာရဖို့သာမြင်မိပါတယ်။
မင်းထီး - ရေးသည်။