- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
လက်မောင်းပြတ်ပေါ်က သေရာပါအမှတ်အသား
ဇူလိုင်လ ၈ ရက်နေ့မှာ ကိုဦးကျော်လှိုင်ရဲ့ ခန္ဓာကိုယ်၊ ခေါင်း၊ လက်နှစ်ဖက်နဲ့ ဘယ်ဖက်ခြေထောက်ပြတ်တွေကို ပလက်စတိတ်အိတ်နဲ့ သီးခြားစီခွဲပြီး ပီနံအိတ်ခွံထဲထည့်ကာ အုတ်နီခဲတွေနဲ့တွဲလောင်းချည်ထားတာကို ကစ္ဆပနဒီမြစ်ကမ်းဘေးမှာ ထပ်ပြီးရှာတွေ့ခဲ့ပါတော့တယ်။
26 Jun 2021
DMG ၊ ဇွန် ၂၇
(Feature)
အသက် ၂၂ အရွယ်ရှိတဲ့ မစုချေဟာ သူမရဲ့ အသက် ၂ နှစ်ကျော်သာရှိသေးတဲ့ သမီးလေးကို လက်တစ်ဖက်နဲ့ တင်းကြပ်စွာချီကာ ကျောက်တော်မြို့ဘက်ခြမ်းမှာရှိတဲ့ ကစ္ဆပနဒီမြစ်ကမ်းဘေးက နေရာတစ်ချို့ဆီကို ကျွန်မကို ခေါ်ဆောင်သွားပါတယ်။ မြစ်ကမ်းဘေးက နေရာအချို့ဆီကို သူမက လက်ညှိုးထိုးညွှန်ပြရင်း လင်ယောကျ်ားဖြစ်သူ ရက်စက်စွာသတ်ဖြတ်ခံခဲ့ရတဲ့အကြောင်းကို ပြောပြပါတယ်။
ယောကျ်ားဖြစ်သူရဲ့ တစစီပိုင်းဖြတ်ခံထားရတဲ့ ခြေ၊ လက်၊ ခန္ဓာကိုယ်တွေကို တွေ့ရှိခဲ့တဲ့ ကစ္ဆပနဒီမြစ်ကမ်း ဘေးက ဒီနေရာကို ဘယ်တော့မှမေ့မရနိုင်ဘူးလို့ သူမကပြောပါတယ်။ ဒီသတ်ဖြတ်မှုဟာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ ဖြစ်ပွားခဲ့တာပါ။ ရက်စက်မှုတွေပြည့်လျှံနေတဲ့ ဒီသတ်ဖြတ်မှုကို ကြားမိ၊ မြင်မိသူတိုင်းက အော့နှလုံးနာခဲ့ကြရပါတယ်။
မစုချေဟာ အသက် ၃၁ နှစ်အရွယ် ကိုဦးကျော်လှိုင်နဲ့ ၂၀၁၅ ခုနှစ်မှာ လက်ထပ်ထိမ်းမြှားခဲ့ပြီး ၃ နှစ်အကြာမှာ သမီးလေးတစ်ယောက်ကို ဖွားမြင်ခဲ့ပါတယ်။ သမီးလေးရဲ့အမည်ကိုတော့ စုလှိုင်ဝင်းလို့ပေးထားပါတယ်။ သူတို့မိသားစုဟာ ရခိုင်ပြည်၊ ကျောက်တော်မြို့က ပိုက်သည်ရပ်ကွက်မှာ ချို့တဲ့စွာနေထိုင်ကြတာဖြစ်ပါတယ်။
ကိုဦးကျော်လှိုင်က သံဗူး၊ သံဆိုးတွေကောက်ပြီး ရောင်းလိုက်၊ ရေအငှား ထမ်းလိုက်၊ ကြုံရာအလုပ်မှာ ဝင်လုပ်လိုက်နဲ့ ဇနီးမယားနဲ့သမီးလေးကို ရိုးသားစွာရှာဖွေကျွေးမွေးခဲ့သူပါ။ သူ့ရဲ့ ဘယ်ဘက် လက်မောင်းမှာတော့ တစ်ဦးတည်းသော သမီးလေးရဲ့အမည် “စုလှိုင်ဝင်း” ဆိုတာကို ဆေးမှင်ထိုးထားပါတယ်။
မြန်မာနိုင်ငံရဲ့ မိုးရာသီဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်းမှာ ကောက်ယူစုဆောင်းထားတဲ့ သံဗူး၊ သံဆိုးတွေကိုရောင်းချဖို့အတွက် ကိုဦးကျော်လှိုင်ဟာ နေအိမ်ကထွက်သွားရာကနေ မိသားစုနဲ့ လူ့လောကကြီးကိုပါ နှုတ်ဆက်ထွက်သွားခဲ့ရပါတယ်။
ကိုဦးကျော်လှိုင်ကို တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့ သတင်းစကားကို ကြားရတဲ့အခါ ယောကျ်ားဖြစ်သူအဖမ်းခံထားရတဲ့ ပြည်တော်သာရပ်ကွက်က ရွှေကျောင်းဓမ္မာရုံဆီကို မစုချေ တစ်ယောက်ထဲအပြေးသွားခဲ့ပေမယ့် လင်ယောကျ်ားကိုပြန်မခေါ်လာနိုင်ခဲ့သလို တွေ့ခွင့်လည်းမရခဲ့ပါဘူး။ လက်နက်တွေကိုင်ဆောင်ထားတဲ့ စစ်သားတွေကိုမြင်တာကြောင့် ရှေ့မတိုးခဲ့ဘဲ လှည့်ပြန်ခဲ့ရပါတယ်။ အဲဒီနေ့ ကနေ ယောကျ်ားဖြစ်သူ အိမ်ပြန်မလာတော့ဘူးလို့ မစုချေက ပြောပြပါတယ်။
နောက်တစ်နေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက်စောစောကနေ မစုချေဟာ လင်ယောကျ်ားဖြစ်သူကို ဖမ်းထားတယ် ဆိုတဲ့နေရာကို အဝေးတစ်နေရာကသွားပြီး ချောင်းကြည့်ခဲ့သလို စစ်သားတွေဆီသွားပြီးတော့လဲ သူမရဲ့ ယောကျ်ားကိုပြန်ပေးဖို့ သွားတောင်းခဲ့တယ်လို့ဆိုပါတယ်။
“စစ်သားတွေက နင့်ယောကျ်ားကို ပြန်လွှတ်လိုက်ပြီ၊ ဒီမှာမရှိတော့ဘူး၊ နောက်ဒီနေရာကို ဘယ်တော့မှ မလာနဲ့လို့ပြောလိုက်တယ်” လို့ မစုချေကပြောပြပါတယ်။
ကိုဦးကျော်လှိုင်ကို တပ်မတော်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားတာကို မြင်တွေ့လိုက်တယ်ဆိုတဲ့ သူတစ်ဦးတော့ ရှိပါတယ်။ သူကတော့ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှာ နေထိုင်တဲ့ ဦးလွမ်းသာဦး ဆိုသူပါ။
“သူ(ဦးကျော်လှိုင်)က ပုလင်းတွေရွေးနေတာကို အပြစ်မလို အပြစ်ရှာပြီး သူ့ကိုဖမ်းပြီးတော့ ရှေ့ကရွှေကျောင်း ဓမ္မရုံဆီခေါ်သွားတယ်” ဟု ဦးလွမ်းသာဦးက ပြောပြပါတယ်။
ရွှေကျောင်းဓမ္မာရုံမှာ သီတင်သုံးနေထိုင်တဲ့ ဆရာတော်စန္ဒိမာက ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းမှာ ရေချိုးထွက်လာစဉ် ဓမ္မာရုံရဲ့ညာဘက်ခြမ်းက ပိန္နဲပင်အောက်မှာ အင်္ကျီမပါဘဲ လက်နှစ်ဖက်ကို နောက်ပြန်ကြိုးတုတ်ကာ ဒူးထောက်ထိုင်နေပြီး မျက်နှာတွေဖူးရောင်နေတဲ့ လူတစ်ယောက်ကို မြင်တွေ့ခဲ့ရတယ်လို့ ဆရာတော်က မိန့်ပါတယ်။
“မျက်နှာက ဖူးရောင်နေတော့ မျက်နှာကိုလည်း မမှတ်မိတော့ဘူး၊ သူက ဆရာတော်၊ ဆရာတော်လို့ ခေါ်ပြီးတော့ သူကိုချည်းထားတာကိုပြတယ်။ အဲဒီလိုပြတော့ စစ်သားတွေက ဝိုင်းပြီးတော့ကြည့်နေတယ်။ ဆရာတော်ကလည်း ဘာမှမပြောခဲ့ဘူး၊ ရေချိုးပြီးတာနဲ့ ကျောင်းထဲပြန်ဝင်လာတယ်” လို့ ဆရာတော်က မိန့်ပါတယ်။
ဆရာတော်ဆွမ်းသုံးပြီး အဲဒီနေရာဆီပြန်လာကြည့်တဲ့အခါ တိုင်တွေစိုက်ပြီး တာပေါ်လိပ်စနဲ့ကာထားတဲ့ မြင်ကွင်းကို တွေ့မြင်ခဲ့ရတယ်လို့မိန့်ပြန်ပါတယ်။
“အဲဒီအထဲက သူ(ဦးကျော်လှိုင်) နေ့စဉ်အော်နေတာကို ကြားတယ်။ တာပေါ်လိပ် ကာထားတယ်။ ထွက်ကြည့် လို့လဲ မကောင်းဘူးလေ၊ စစ်သားတွေကလည်း အမြဲတမ်းစောင့်ပြီးတော့ ရှိနေတာကို၊ ညအိမ်ဖို့ ဝင်သွားတဲ့ အခါမှာ ရှိသေးတယ်။ နောက်တရက် ထွက်လာတော့ တာပေါ်လင်လိပ်တွေလည်းမတွေ့တော့ဘူး၊ လူလည်း မရှိတော့ဘူး”
ဇူလိူင်လ ၅ ရက်နေ့မှာတော့ ဆရာတော်စန္ဒိမာက အဲဒီနေရာကို နောက်ထပ်တစ်ခါ ပြန်သွားကြည့်တဲ့အခါ စစ်ဦးထုတ်တစ်လုံးသာ ပိန္ဒဲပင်အောက်မှာတွေ့ခဲ့ရလို့ မိန့်ပါတယ်။
ကိုဦးကျော်လှိုင် ပျောက်ဆုံးသွားတဲ့ ၆ ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင်လ ၇ ရက်နေ့မှာတော့ ရွှေကျောင်းဓမ္မာရုံရဲ့ အရှေ့ဖက် ကစ္ဆပနဒီမြစ်ကမ်းဘေးမှာ ညာဖက်ခြေထောက်အစိတ်အပိုင်းတစ်ခုကို ဒေသခံတွေက တွေ့ရှိခဲ့ကြ ပါတယ်။ မစုချေကတော့ အဲဒီခြေထောက်ပြတ်ဟာ သူမယောကျ်ားရဲ့ ခြေထောက်မဖြစ်ဖို့ ဆုတောင်းခဲ့ တယ်လို့ ဆိုပါတယ်။
“ကျမယောကျာ်းက အလုပ်ကြမ်းတွေလုပ်တယ်။ မြေတွေတူးတယ်၊ သစ်တွေထမ်းတယ်။ ပင်ပန်းလို့ အကြော ဆွဲတာရှိပါတယ်၊ အဲဒါကြောင့် ကျမဆံပင်ချည်တဲ့ဆံကွင်းနဲ့ ညာဖက်ခြေထောက်ဒူးမှာ ချည်းပေးထားပါတယ်။ အဲဒါကပါလာတယ်”
အကြောဆွဲတတ်တဲ့ ကိုဦးကျော်လှိုင်ရဲ့ ညာဘက်ခြေထောက်မှာ မစုချေကိုယ်တိုင်စည်းပေးလိုက်တဲ့ ဆံစည်းကွင်းဟာ ကစ္ဆပနဒီမြစ်ကမ်းဘေးမှာတွေ့ရှိတဲ့ ခြေထောက်ပြတ်မှာ တွေ့လိုက်ရပြီးတဲ့ အခါမှာတော့။
ဇူလိုင်လ ၈ ရက်နေ့မှာ ကိုဦးကျော်လှိုင်ရဲ့ ခန္ဓာကိုယ်၊ ခေါင်း၊ လက်နှစ်ဖက်နဲ့ ဘယ်ဖက်ခြေထောက်ပြတ်တွေကို ပလက်စတိတ်အိတ်နဲ့ သီးခြားစီခွဲပြီး ပီနံအိတ်ခွံထဲထည့်ကာ အုတ်နီခဲတွေနဲ့တွဲလောင်းချည်ထားတာကို ကစ္ဆပနဒီမြစ်ကမ်းဘေးမှာ ထပ်ပြီးရှာတွေ့ခဲ့ပါတော့တယ်။
ကိုဦးကျော်လှိုင်ရဲ့လက်မောင်းမှာ သေရာပါအမှတ်အသားအဖြစ် ဆေးမှင်ထိုးထားတဲ့ သမီးဖြစ်သူ “စုလှိုင်ဝင်း”ရဲ့နာမည်ဟာ ကစ္ဆပနဒီမြစ်ကမ်းဘေးမှာတွေ့ရှိတဲ့ လက်ပြတ်တစ်ဖက်ပေါ်မှာ မစုချေကိုယ်တိုင် ထင်ရှားစွာမြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီလို ခန္ဓာကိုယ်အပိုင်းအပြတ်တွေ တွေ့ရှိတာကို ကျောက်တော်မြို့မရဲစခန်းက စခန်းမှူးကိုယ်တိုင် လာရောက် စစ်ဆေးခဲ့ပါတယ်။ ကိုဦးကျော်လှိုင်သေဆုံးမှုနန့်ပတ်သက်လို့ ရဲစခန်းမှာ (ပ) ၃၁/၂၀၂၀ လူသတ်မှုပုဒ်မ ၃၀၂ ၊ အလောင်းဖျက်ဖျက်မှု ပုဒ်မ ၁၁၄ တို့နဲ့ အမှုဖွင့်ထားတယ်လို့ အကူအညီပေးနေတဲ့ ကျောက်တော်မြို့ခံ ဦးကျော်လှမြင့်က ပြောပါတယ်။
“အခုထက်တိ သူရဲ့အမှုမှာ တရားခံဘယ်သူလဲ၊ ဘယ်သူသတ်သွားတာလည်း၊ ဘယ်အဖွဲ့အစည်းက သတ်သွားတာလည်းဆိုတာကို ရုံးတင်စစ်ဆေးတာရယ်၊ ဖမ်းဆီးတာရယ်၊ ပေါ်ပေါက်တာရယ်ကို ဘာမှ မတွေ့ရဘူး၊ အဲဒါကြောင့် အစိုးရအနေနဲ့လည်း ပြစ်မှုကျူးလွန်သူတွေကို ပီပီပြင်ပြင် ပေါ်ပေါက်အောင် လုပ်စေချင်တယ်” လို့ ဦးကျော်လှမြင့်က တောင်းဆိုပါတယ်။
ကိုဦးကျော်လှိုင် မရှိတော့တဲ့နောက်မှာ မစုချေနဲ့ သမီးဖြစ်သူ စုလှိုင်းဝင်းတို့ဟာ အမေတစ်ခု သမီးတစ်ခု ဖြစ်ခဲ့ရပါပြီ။ ကိုဦးကျော်လှိုင်ရဲ့ ရှာဖွေကျွေးမွေးမှုတွေ မရှိတော့တဲ့နောက်၊ ချစ်ခင်ယုယမှုတွေ မရှိတော့တဲ့ နောက်မှာ သားအမိနှစ်ယောက်ရဲ့ ဘဝရပ်တည်ရေးဟာလည်း မရေမရာ၊ မသေမချာဖြစ်လို့နေပါတယ်။
ကိုယ်ခန္ဓာဝဝဖြိုးဖြိုးရှိတဲ့ မစုချေဟာ အလုပ်ကြမ်းတွေ လုပ်ကိုင်နိုင်စွမ်းမရှိပေမယ့် သားအမိနှစ်ယောက် စားဝတ်နေရေးအတွက် ငတ်တစ်ခါပြတ်တလှည့်နဲ့ ရုန်းကန်လို့နေပါတယ်။
“ငတ်လို့မခံနိုင်တော့ဘူးဆိုရင် အလုပ်လိုက်တယ်။ အလုပ်လိုက်ပေမယ့် တစ်ရက်ကို ငွေလေးထောင်ပဲ ရပါတယ်။ တစ်ရက်လုံး ထမ်းမှပေါ့။ ကျမအများကြီးလည်း မထမ်းနိုင်ဘူး”
မစုချေဟာ အသက်ရှူကျပ်တဲ့ရောဂါရှိတာကြောင့် နေ့စဉ်အလုပ်မလုပ်နိုင်ဘဲ ချေးလိုက်ငှားလိုက် သုံးစွဲလိုက်နဲ့ ဘဝခရီးကြမ်းကို သမီးလေး စုလှိုင်ဝင်းရဲ့မျက်နှာပေါ်က အပြုံးရိပ်တွေနဲ့ဘဲ ဖြတ်သန်းနေပါတယ်။
သေဆုံးသွားတဲ့ လင်ယောကျ်ား ကိုဦးကျော်လှိုင်အတွက် တရားမျှတမှုရရှိနိုင်ဖို့ မစုချေတစ်ယောက် စိတ်ထဲက လိုလားနေပေမယ့် လက်တွေ့မှာဖြစ်လာနိုင်ပါ့မလား။
မစုချေတစ်ယောက် သမီးဖြစ်သူကို ပွေ့ချီရင်း သတိရခြင်း၊ လွမ်းဆွတ်ခြင်းတွေပြည့်နှက်နေတဲ့ ကစ္ဆပနဒီ မြစ်ကမ်းဘေးကို မကြာခဏသွားနေပါတော့တယ်။
ခင်သရဖီဦး ရေးသားသည်