- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
ကျောက်တော် လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သား ၈ ဦးထက်မနည်း သေဆုံး
ရခိုင်ပြည်၊ ကျောက်တော်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ဈေးအတွင်းသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် အရပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၇ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ကနဦးစုံစမ်းသိရှိရသည်။
11 Jan 2025

DMG ၊ ဇန်နဝါရီ ၁၁
ရခိုင်ပြည်၊ ကျောက်တော်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ဈေးအတွင်းသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် အရပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၇ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ကနဦးစုံစမ်းသိရှိရသည်။
ကျောက်တော်မြို့ပေါ်ရှိ လူနေထူထပ်သောနေရာများကို ဇန်နဝါရီလ ၁၁ ရက် နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သုံးကြိမ်အတွင်း ဗုံးအရေအတွက် (၁၅) လုံးခန့် ကြဲချခဲ့သည်ဟု အာရက္ခတပ်တော် (AA)က ထုတ်ပြန်ထားသည်။
ကျောက်တော်ဒေသခံတစ်ဦးက “လေယာဉ်က ဗုံးကြဲချတာ တစ်ကြိမ်တည်းမဟုတ်ဘူး အကြိမ်ကြိမ်လာကြဲတာ၊ ဘယ်နှစ်လုံးမှန်းတောင် ခန့်မှန်းလို့မရဘူး။ မြို့ထဲက နေရာတော်တော်များများမှာကျတယ်။ သေတဲ့သူ၊ ဒဏ်ရာရတဲ့သူတွေဆိုလည်း များတယ်လို့ကြားတယ်၊ နေရာများတော့ ဘယ်နှစ်ယောက်ဆိုတာ ပြောဖို့ခက်တယ်” ဟု ပြောသည်။
စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေရာတွင် ၅ ဦး သေဆုံးခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် ၃ ဦး ထပ်မံ သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက DMG ကို ပြောသည်။
ကလေးသူငယ်၊ အမျိုးသမီးများအပါအဝင် ဒဏ်ရာရရှိသူ ၂၇ ဦးခန့်ရှိပြီး ယင်းအထဲတွင် ဒဏ်ရာအခြေအနေ စိုးရိမ်ရသူများလည်း ပါဝင်ကြောင်းနှင့် သေဆုံးဒဏ်ရာရရှိသူ အရေအတွက်မှာ ယခုထက်ပိုများနိုင်ကြောင်းလည်း ၎င်းကဆက်ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးသူများမှာ ဈေးရောင်း၊ ဈေးဝယ်များ၊ လမ်းသွားလမ်းလာများ ဖြစ်ကြပြီး ဈေးဆိုင်တန်း၊ နေအိမ်အဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုရှိကြောင်းလည်း အာရက္ခတပ်တော် (AA)က ထုတ်ပြန်ထားသည်။
“မနက်စောစောဆိုတော့ လူတွေဈေးရောင်း၊ ဈေးဝယ်နဲ့ အသွားအလာများကြတယ်လေ။ ဒီလို လူနေရပ်ကွက်တွေကို ဗုံးကြဲချတာက ပြည်သူတွေကိုသတ်ဖို့အတွက် သတ်သတ်လုပ်တာ” ဟု နောက်ထပ် ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။
ဇန်နဝါရီလ ၈ ရက်နေ့ကလည်း ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၂၆ ခန့်သေဆုံးပြီး ၂၇ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသူများလည်းရှိကြောင်း အာရက္ခတပ်တော် (AA)က ထုတ်ပြန်ထားသည်။