- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
- ရခိုင်ရေပိုက်နက်ထဲသို့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများ ခိုးဝင် ငါးဖမ်းမှု များပြားလာ
- တောင်ကုတ် စကခ (၅) ဌာနချုပ်ကို AA စတင်ထိုးစစ်ဆင်
- ထိုင်းမှာ မြန်မာများ ကွန်ဒိုဝယ်ယူမှု ယမန်နှစ်ထက် သုံးဆမြင့်တက်
ရခိုင်စစ်ပွဲမှာ မွတ်ဆလင်တွေကို ဘယ်လိုအသုံးချနေသလဲ
ရခိုင်စစ်မျက်နှာတွင် အေအေထိုးစစ်ကို လုံးဝ မဟန့်တားနိုင်တော့သည့် စစ်ကောင်စီသည် မွတ်ဆလင်လူမျိုးများကို အသုံးချပြီး နိုင်ငံတကာ၏ အာရုံစိုက်ခြင်းခံရအောင် ဖန်တီးလာခဲ့သည်။
10 Sep 2024
နေဝင်းစံ - ရေးသည်။
ရခိုင်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ခဲ့သည့် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့၏ တတိယအကြိမ် တိုက်ပွဲကာလအတွင်း စစ်ကောင်စီက မွတ်ဆလင်များကို လက်နက်တပ်ဆင်ပေးပြီး ရှေ့တန်းစစ်မျက်နှာများတွင် တိုက်ခိုက်ခိုင်းလျက်ရှိသည့် သက်သေအထောက်အထား များစွာ ထွက်ပေါ်ခဲ့သည်။
စစ်ကောင်စီစခန်းများကို AA သိမ်းပိုက်ပြီးချိန် ထုတ်ပြန်ချက်များတွင် စစ်ကောင်စီဖက်မှ ဝင်ရောက်တိုက်ခိုက်ရင်း သေဆုံးသွားသော မွတ်ဆလင်ရုပ်အလောင်းများ၊ လက်နက်ချအညံ့ခံသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲ မွတ်ဆလင်အများအပြား ပါဝင်နေသည်ကို တွေ့ရသည်။
ရခိုင်ပြည် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနှင့် ကျောက်ဖြူမြို့နယ်တွင် ကျေးရွာများနှင့် ဒုက္ခသည်စခန်းများမှ မွတ်ဆလင်များကို ပြည်သူ့စစ်ဝင်ရန် ခြိမ်းခြောက်ခြင်း၊ မက်လုံးပေးခြင်းတို့ဖြင့် စစ်ကောင်စီက ခေါ်ယူခဲ့သည်။ စစ်မှုမထမ်းလို၍ ထွက်ပြေးလွတ်မြောက်သူ အချို့ရှိသော်လည်း အများစုမှာ ဖိအားပေးမှုများကြောင့် စစ်မှုထမ်းရန် ပို့ဆောင်ခံခဲ့ရသည်။
ရခိုင်စစ်မျက်နှာတွင် အေအေထိုးစစ်ကို လုံးဝ မဟန့်တားနိုင်တော့သည့် စစ်ကောင်စီသည် မွတ်ဆလင်လူမျိုးများကို အသုံးချပြီး နိုင်ငံတကာ၏ အာရုံစိုက်ခြင်းခံရအောင် ဖန်တီးခဲ့ခြင်းလည်း ဖြစ်သည်။
မွတ်ဆလင်များကို စစ်မှုထမ်း စုဆောင်းခြင်း
မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်ပြည့်ပြီးသည့် အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုထမ်းရမည့်ဥပဒေကို အာဏာသိမ်းစစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သုံးရက်အကြာတွင် စစ်မှုထမ်းဟောင်းများနှင့် သက်ဆိုင်သည့် အရန်တပ်ဖွဲ့ဉပဒေကို ပြန်ဌာန်းလိုက်ပြန်သည်။
အရန်တပ်ဖွဲ့ဥပဒေနှင့် စစ်မှုထမ်းဥပဒေကို အကောင်ထည်ဖော်ပြီး ကာကွယ်ရေးအင်အား မြင့်တက်လာစေမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၂၇ ရက်တွင် ကျရောက်သည့် (၇၉) နှစ်မြောက် တပ်မတော်နေ့အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ရခိုင်ပြည်တွင် စစ်ကောင်စီထိန်းချုပ်နေရာများ - မြို့ပေါ်ရပ်ကွက်နှင့် ကျေးလက်များတွင် စစ်မှုထမ်းစာရင်းများကို ဖေဖော်ဝါရီလအတွင်းက စတင်ကောက်ယူခဲ့သည်။ စစ်မှုထမ်းခေါ်ယူရာတွင် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနှင့် ကျောက်ဖြူမြို့နယ်တို့ရှိ မွတ်ဆလင်များကို ဦးစားပေးခေါ်ယူခဲ့သည်။ ဒုက္ခသည်စခန်းများမှ မွတ်ဆလင်များလည်း စစ်မှုထမ်းရန် ခေါ်ဆောင်ခံခဲ့ရသည်ကို တွေ့ရသည်။
စစ်တွေမြို့နယ်တွင် ဘုမေကျေးရွာ၊ ဘာဆာကျေးရွာ၊ ဘောဒူဖဒုက္ခသည်စခန်း၊ အုန်းတောကြီး ဒုက္ခသည်စခန်းတို့မှ မွတ်ဆလင် ၁,၀၀၀ ကျော်ကို မတ်လအတွင်း စစ်မှုထမ်းခေါ်ယူပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ(စစ်တွေ)တွင် ၁၄ ရက်ကြာ စစ်သင်တန်းပေးခဲ့သည်။
ဧပြီလတွင်လည်း စစ်တွေမြို့နယ်ရှိ ဘုမေ၊ သဲချောင်း၊ ဘာဆာ၊ ဒါးပိုင်၊ သက္ကပြင် စသည့် မွတ်ဆလင်ကျေးရွာများမှ လူဦးရေ ၅၀၀ ကို စစ်သင်တန်းတက်ရန်အတွက် စစ်ကောင်စီက ခေါ်ဆောင်သွားကြောင်း သိရသည်။
မွတ်ဆလင်များမှာ စစ်သင်တန်း မတက်လိုသော်လည်း စစ်ကောင်စီကို မလွန်ဆန်နိုင်သဖြင့် လိုက်ပါသွားရကြောင်း စစ်တွေမြို့နယ်မှ မွတ်ဆလင်လူငယ် မောင်ကျော်နိုင်(အမည်လွှဲ)က ပြောသည်။
“အိမ်တစ်အိမ်မှာ သားက စစ်မှုမထမ်းဘဲ ထွက်ပြေးသွားရင် စစ်ကောင်စီက သူရဲ့မိသားစုဝင်တစ်ဦးကို ဖမ်းပြီးတော့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတယ်။ သင်တန်းမတက်ရင် မိဘတွေကို ဖမ်းပြီးတော့ နှိပ်စက်တာတွေရှိတယ်”
မွတ်ဆလင်များကို စစ်မှုထမ်းခေါ်ယူရာတွင် ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ ကိုယ်တိုင်ကွင်းဆင်းပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒုက္ခသည်စခန်း တာဝန်ရှိသူများကို အမိန့်ပေးခဲ့ခြင်းဖြစ်သည်။
စစ်သင်တန်းဆင်းသူများထဲမှ အများစုကို စစ်မြေပြင်သို့ ပို့ဆောင်ခဲ့ပြီး တချို့ကိုလည်း စစ်တွေမြို့နယ်အတွင်းက ကျေးရွာများတွင် ကင်းစောင့်ခိုင်းထားကြောင်း မွတ်ဆလင်အသိုင်းအဝိုင်းက ပြောသည်။
“သင်တန်းတက်ရသူတွေထဲ ရသေ့တောင်တိုက်ပွဲမှာ သေသွားတဲ့သူတွေလည်းရှိတယ်။ သင်တန်းတစ်ခါပေးရင် လူ ၂၀၀ ကျော်လောက်ရှိတယ်။ အခု သင်တန်းဆင်းတဲ့သူတွေကို ပလ္လင်ပြင်ကျေးရွာမှာ ကင်းစောင့်ခိုင်းထားတာတွေ ရှိတယ်” ဟု မွတ်ဆလင်လူငယ် မောင်ကျော်နိုင်(အမည်လွဲ)က ပြောသည်။
မေလအတွင်းကလည်း ဘုမေ၊ သဲချောင်း၊ ဘာဆာ၊ ဒါးပိုင်၊ သက္ကယ်ပြင်၊ အုန်းတောကြီး စသည့်ဒုက္ခသည်စခန်းများမှ မွတ်ဆလင်များကို စခန်းတစ်ခုမှ လူ ၁၅ ဦးစီ မဲစနစ်ဖြင့် ထပ်မံ ခေါ်ယူခဲ့ပြန်သည်။
“စစ်သင်တန်းတက်ဖို့ တစ်ယောက်မှ မသွားချင်တော့ဘူးလေ။ အဲဒါကြောင့် မဲစနစ်နဲ့ လုပ်လိုက်တာပါ။ လောလောဆယ်တော့ ဒီက ၁၅ ယောက်ကို ခေါ်သွားပါပြီ။ ဘယ်သူမှတော့ မသွားချင်ဘူး။ ဒါပေမယ့် ကျနော်တို့မှာ လွန်ဆန်လို့မရဘူး” ဟု သက္ကယ်ပြင်ဒုက္ခသည်စခန်းမှ အမျိုးသားတစ်ဦးက ပြောသည်။
ရခိုင်ပြည်အတွင်း စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ကျောက်ဖြူ၊ မာန်အောင်၊ ဂွမြို့နယ်များတွင် မွတ်ဆလင်မဟုတ်သော အခြားလူမျိုးများကိုလည်း စစ်မှုထမ်းရန် စာရင်းကောက်ယူခြင်းများ ရှိခဲ့သည်။
အမ်းမြို့နယ်အတွင်း ကျေးရွာဆယ်ရွာခန့်မှ ချင်းလူမျိုးများကို စစ်မှုထမ်းရန်အတွက် ဧပြီလအတွင်း စစ်ကောင်စီက ဖိအားပေးခဲ့ကြောင်း အမ်းဒေသခံတစ်ဦးက ပြောသည်။ မင်းဘူး-အမ်း ကားလမ်းတစ်လျှောက် ချင်းလူမျိုးနေထိုင်ရာ ကျေးရွာများမှ ခေါ်ယူခြင်းဖြစ်ပြီး တစ်ရွာလျှင် လူ (၂၀) စီပေးရန် တောင်းခဲ့ခြင်း ဖြစ်သည်။
“စစ်ကောင်စီထိန်းချုပ်ဆဲ ဒေသတွေမှာတော့ အာဏာသုံးပြီး စစ်မှုထမ်းဖို့ ခေါ်နေတာတွေကို တွေ့မြင်နေရတယ်။ သူတို့မှာ အာဏာရှိတော့ ဒေသခံတွေမှာလည်း မလွန်ဆန်နိုင်ဘူး” ဟု အမ်းမြို့နယ်မှ ချင်းလူငယ်တစ်ဦးက ပြောသည်။
မာန်အောင်မြို့နယ်တွင်လည်း မတ်လအတွင်းမှစတင်ကာ စစ်မှုထမ်းစာရင်းများကို ကောက်ယူခဲ့ပြီး အိမ်ခြေ ၁၅၀ အထက်ရှိ ကျေးရွာတစ်ရွာလျှင် လူ ၅၀ နှင့် အိမ်ခြေ ၂၀၀ အထက်ရှိကျေးရွာဆိုလျှင် လူ ၁၀၀ စာရင်းပေးရန် ညွှန်ကြားထားကြောင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
ဗမာ့ရေးရာနှင့်ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (BACS) ထုတ်ပြန်ချက်အရ စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) တွင် နိုင်ငံတစ်ဝန်းက လူငယ် ငါးထောင်နီးပါးနှင့် အပတ်စဉ် (၂) တွင် လူငယ် လေးထောင်ခန့် စစ်မှုထမ်းရန် စုဆောင်းခံခဲ့ရသည်။
စစ်ကောင်စီ အသက်သွင်းခဲ့သည့် စစ်မှုထမ်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက်က နိုင်ငံတစ်ဝန်းရှိ တိုင်းစစ်ဌာနချုပ်များတွင် ပြုလုပ်ခဲ့သည်။ ဧပြီလတွင်စတင်သည့် အခြေခံစစ်သင်တန်း သင်ကြားပြီး သုံးလအကြာတွင် သင်တန်းဆင်းခဲ့ခြင်းဖြစ်သည်။
တစ်နိုင်ငံလုံး စစ်မှုထမ်းသင်တန်းမဆင်းမီ ရခိုင်ပြည်အတွင်းက စစ်မှုထမ်းမွတ်ဆလင်များမှာ ရခိုင်စစ်မျက်နှာတွင် ရှေ့တန်းသို့ ပို့ဆောင်ခံခဲ့ရသည်။ အခြေခံစစ်သင်တန်းကို ရက်သတ္တနှစ်ပတ်ခန့် တက်ရောက်ပြီးသည်နှင့် ရှေ့တန်းစစ်မျက်နှာတွင် တာဝန်ထမ်းဆောင်ခဲ့ရခြင်းလည်း ဖြစ်သည်။
စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက် ခမရ (၅၃၆) ၊ (၅၃၇) နှင့် (၅၃၈) တပ်ရင်း (၃) ခုကို AA က နှစ်ပတ်ခန့်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မတ်လ ၁၇ ရက်တွင် ရသေ့တောင်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အလောင်းများအပြင် စစ်မှုထမ်းဥပဒေအား ခုတုံးလုပ်ပြီး စစ်ကောင်စီက စစ်သင်တန်းပေးထားသော မွတ်ဆလင်များ၏ ရုပ်အလောင်းများကိုလည်း တွေ့ရကြောင်း AA က ထုတ်ပြန်ခဲ့သည်။
ဘုမေကျေးရွာမှ ဦးရော်ဖိ(အမည်လွဲ)က “ဒါကတော့ ကျနော်တို့လူမျိုးတွေကို မြေစာခံအဖြစ် အသုံးပြုပြီး သတ်ဖြတ်နေတာလို့ ပြောချင်ပါတယ်” ဟု ပြောသည်။ (မြေစာခံ - နှစ်ဖက်ယှဉ်ပြိုင်တိုက်ခိုက်မှုကြားတွင် ဒုက္ခရောက်ရသူ)
စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်ဒေသများတွင် မွတ်ဆလင်များကို လုပ်ပိုင်ခွင့်အာဏာနှင့် တပ်မက်မှုများပေးပြီး စစ်ရေးတွင်အသုံးချရန် အင်အားစုဆောင်းနေခြင်းဖြစ်သည်ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။
“စစ်ကောင်စီကတော့ အချိုသတ်ပြီး ခံစစ်အတွက် လူအင်အားတွေဖြည့်တယ်။ ပြည်သူတွေဟာ မတော်မတရား စုဆောင်းခံနေရတဲ့အတွက် နာကျဉ်းမှုတွေများပြီး စစ်ကောင်စီကို တော်လှန်ချင်စိတ် ပိုပြီးဖြစ်လာတယ်။ ဒါတွေကို မွတ်ဆလင်အသိုင်းအဝိုင်းက လူတွေလည်း သိတယ်။ သူတို့ဟာ နှစ်ဖက်ကြားမှာ ညှပ်နေတာကိုလည်း နားလည်တယ်။ ဒါပေမယ့် မလွန်ဆန်နိုင်တော့ ဒုက္ခရောက်နေကြတယ်ပေါ့”
ဒုက္ခသည်များကို စစ်မှုထမ်းစေခြင်း
၂၀၁၂ ပဋိပက္ခကြောင့် ကျောက်ဖြူမြို့၊ ကျောက်တစ်လုံးဒုက္ခသည်စခန်းတွင် နေထိုင်နေရသည့် မွတ်ဆလင်များကို စစ်မှုထမ်းရန်အတွက် ဖေဖော်ဝါရီ ၂၂ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက် စည်းရုံးခဲ့ကြသည်။
စစ်မှုမထမ်းလိုသည့် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၄ ဦးမှာ ညဉ့်အချိန်တွင် ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ ထွက်ပြေးခဲ့ကြသည်။ စခန်းတွင်းကျန်ရှိခဲ့သည့် အမျိုးသား ၁၇၀ ကျော်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၃ ရက်တွင် အဓမ္မဖမ်းဆီးသွားသည်ဟု ထွက်ပြေးလွတ်မြောက်လာသူများက ပြောသည်။
ထွက်ပြေးလာသည့် အမျိုးသမီးတစ်ဦးက “ကျမတို့က ညမိုးချုပ်တာနဲ့ ထွက်ပြေးလာခဲ့တာမို့ လွတ်သွားခဲ့တာ။ မနက်မိုးလင်းတော့ ဒုက္ခသည်စခန်းကို စစ်သားတွေက ဝိုင်းလိုက်သလို ကျမရဲ့ ဆွေးမျိုးသားချင်းတွေ အပါအဝင် လူ ၁၀၀ ကျော်လောက်ကို ဖမ်းဆီးသွားတယ်လို့ သိခဲ့ရတယ်” ဟု ပြောသည်။
ထွက်ပြေးတိမ်းရှောင်လာသော မွတ်လင်အမျိုးသား၊ အမျိုးသမီး ၃၄ ဦးမှာ အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေတွင် ခိုလှုံနေကြကြောင်း အထက်ပါအမျိုးသမီးက ပြောသည်။
စစ်မှုထမ်းဥပဒေတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိသာ စစ်မှုထမ်းရမည်ဟု ပြဌာန်းထားသော်လည်း ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ စစ်မှုထမ်းခေါ်ယူရာတွင် အသက် ၁၈ နှစ်မှ ၅၅ နှစ်အထိ ပါဝင်သည်။
ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ ထွက်ပြေးလာသည့် အမျိုးသားတစ်ဦးက “အစက ခိုးဝင်ဘင်္ဂါလီတွေလို့ ပြောပြီးတော့ စစ်မှုထမ်းဥပဒေထုတ်ပြီးမှ “မင်းတို့က နိုင်ငံသားတွေပါ။ စစ်မှုထမ်းကို ထမ်းရမယ်။ နိုင်ငံအတွက် အလုပ်လုပ်ပေးရမယ်” ဆိုတာကတော့ မတရားဘူးလို့ မြင်တယ်။ ဒါကြောင့် ကျနော်တို့က စစ်ကောင်စီဆီမှာ စစ်မှုမထမ်းချင်တဲ့အတွက် ထွက်ပြေးလာတာ” ဟု ပြောသည်။
မွတ်ဆလင်များကို မက်လုံးပေးစည်းရုံးပြီး စစ်မှုထမ်းခေါ်ယူခဲ့သော်လည်း မွတ်ဆလင်များ ဆုံးရှုံးနေရသည့် နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်/ ဆေးကုသခွင့် စသည့် အခြေခံအခွင့်အရေးများ မရရှိကြကြောင်း ပြောကြသည်။
ကျောက်တစ်လုံးစခန်းမှ ခေါ်ဆောင်သွားသည့် မွတ်ဆလင်အမျိုးသား ၁၇၀ ကျော်ကို ကျောက်ဖြူမြို့အနောက်ဖက် မြို့အဝင်/ထွက်နေရာတွင်ရှိသည့် စစ်ကောင်စီ၏ ခမရ (၅၄၂) တပ်ရင်းတွင် ၁၄ ရက်ကြာ စစ်သင်တန်းပေးပြီး ငလပွေ့၊ စိုင်ခြုံကတိုးဆိပ်၊ မလကျွန်း၊ ပြင်ဖြူမော်၊ ပြိုင်စိပ်ကေ စသည့်နေရာများတွင် ကင်းစောင့်ခိုင်းထားကြောင်း ဒေသနေမွတ်ဆလင်များက ပြောသည်။
ရှုပ်ထွေးမှုများနှင့် မောင်တောဒေသ
ရခိုင်ပြည်တွင် မွတ်ဆလင်လူဦးရေ အများဆုံးရှိရာ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်မှ မွတ်ဆလင်များကို စစ်မှုထမ်းခေါ်ယူရာတွင် အခြားမြို့နယ်များနှင့် မတူညီသောထူးခြားချက်မှာ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များပါ စစ်ကောင်စီနှင့် ပူးပေါင်းပါဝင်လာခြင်းဖြစ်သည်။
မောင်တောခရိုင်တွင် စစ်ကောင်စီတပ်နှင့်ပူးပေါင်းပြီး အာရက္ခတပ်တော် (AA) ကို တိုက်ခိုက်နေသည့်အထဲတွင် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA)၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ အာရကန်ရိုဟင်ဂျာတပ်မတော် (ARA) တို့ ပါဝင်ကြောင်း AA တာဝန်ရှိသူများက ပြောဆိုထားကြပြီး ဒေသခံများကလည်း အတည်ပြု ပြောဆိုကြသည်။
ဘူးသီးတောင်မြို့၊ အမှတ် (၂) ရပ်ကွက်မှ ဟာကီမူမိုစတာ (၃၂ နှစ်)က “အိမ်တိုင်း တစ်ယောက်စီ စစ်မှုထမ်းရမယ်လို့ ဗျူဟာက အမိန့်ချတယ်။ အဲဒါကို အကောင်အထည်ဖော်ဖို့အတွက် မြို့ထဲကိုလာပြီး လူစုဖို့ အင်အားမရှိခဲ့ပါ။ အဲအချိန်မှာ ARSA နဲ့ ပူးပေါင်းလိုက်တော့ အင်အားအတော်အတန်ရသွားတယ်။ အဲတော့ ARSA က မြို့ထဲကိုဝင်လာပြီး ‘မင်းတို့ မသွားလို့မရဘူး’လို့ ခြိမ်းခြောက်တယ်။ ‘မလိုက်ရင် အသေသတ်ပစ်လိုက်မယ်’ ‘ပါးရိုက်မယ်’ လို့ ခြိမ်းခြောက်တယ်” ဟု ပြောပြသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့ကိုယ်တိုင် မွတ်ဆလင်များအား စစ်မှုထမ်းခေါ်ယူသည့်အပြင် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့များကိုလည်း စစ်မှုထမ်း ခေါ်ယူခိုင်းခဲ့ခြင်းဖြစ်သည်။
ဘူးသီးတောင်မြို့၊ အမှတ် (၅) ရပ်ကွက်မှ ဦးအာဘူတာယုတ်၏ သားဖြစ်သူ အသက် (၁၆) နှစ်အရွယ်မှာ ARSA အဖွဲ့ဝင်များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်မှုထမ်းရန်အတွက် အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။ နောက်တစ်နေ့တွင် ၎င်းကိုထားသည့် စခန်းအနီး တိုက်ပွဲဖြစ်ပွားလာသဖြင့် ထွက်ပြေးလွတ်မြောက်လာခဲ့သည်။
“အာဆာနဲ့ စစ်တပ်နဲ့ပေါင်းပြီး ရခိုင်နဲ့ မွတ်ဆလင်ကို ရန်တိုက်တာ။ ဘယ်လောက်ထိလဲဆိုရင် မွတ်ဆလင်တွေကို မြင်တာနဲ့ ရခိုင်သားမျက်လုံးတွေ ရဲလာတဲ့အထိ ရန်တိုက်ပစ်ခဲ့တာ” ဟု ဦးအာဘူတာယုတ်က ပြောသည်။
မောင်တောမြို့နယ်ရှိ အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်(ကျီးကန်းပြင်) ကို AA က မေလ ၂ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့ရာ ARSA၊ RSO အလောင်းများနှင့် လက်နက်ချ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်ရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက စစ်မှုထမ်းရန်ခေါ်ဆောင်ခံရသည့်အထဲတွင် ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူတောင်ကျေးရွာမှ မွတ်ဆလင်အမျိုးသား ၃၀ ခန့်လည်း ပါဝင်သွားခဲ့သည်။
ကျောက်ဖြူတောင်ရွာမှ အသက် ၂၅ နှစ်အရွယ် မာရေဂျန်က “စစ်ကောင်စီတပ်သားတွေက ကျမတို့အိပ်နေချိန် အိမ်ထဲကိုဝင်လာပြီး ကျမအမျိုးသားကို အတင်းအဓမ္မခေါ်တယ်။ ကျမက မပေးချင်ဘူး လို့ပြောတော့ ကျမကိုရိုက်နှက်ပြီး ကျမအမျိုးသားကို ဆွဲခေါ်သွားတယ်” ဟု ပြောသည်။ မာရေဂျန်အမျိုးသားမှာ တိုက်ပွဲအတွင်း အာရက္ခတပ်တော် (AA) ထံတွင် သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည်။
ဘူးသီးတောင် စကခ (၁၅) တပ်မဌာနချုပ်ကို AA က ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ မေလ ၄ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ချအညံ့ခံခဲ့သည်။ အလံဖြူထောင် လက်နက်ချသူများကို AA က ကွင်းပြင်ကျယ်ကြီးတွင် ခေါ်ယူစစ်ဆေးရာ၌ ဒု-တပ်မမှူးအပါအဝင် တပ်ဖွဲ့ဝင်များ၊ တပ်မိသားစုဝင်များနှင့် မွတ်ဆလင်များလည်း ရာနှင့်ချီ၍ ပါဝင်သည်ကို တွေ့ရသည်။
ဘူးသီးတောင်၊ မောင်တောတိုက်ပွဲများတွင် စစ်ကောင်စီနှင့် အာဆာအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်နေမှုကို စစ်ကောင်စီအရာရှိ ဗိုလ်မှူး လှိုင်ဝင်းထွန်းက နိုင်ငံခြားသတင်းဌာန THE DIPLOMAT နှင့် အင်တာဗျူးတွင် ဝန်ခံထားသည်။
“ဘူးသီးတောင်မြို့နယ်မှာ မွတ်ဆလင် ၇၅၀ ကို စစ်ကောင်စီက သင်တန်းပေးထားတာ ရှိတယ်။ အဲဒီ မွတ်ဆလင်တွေကို သင်တန်းပေးပြီးတော့မှ အာဆာအဖွဲ့ပါ ပူးပေါင်းပြီး သင်တန်းပေးတာတွေ၊ စစ်ရေးအရ လှုပ်ရှားတာတွေ ဆောင်ရွက်ခဲ့တယ်။ ပြီးတော့မှ ဒီလူတွေကို ဘူးသီးတောင်ပတ်ချာလည် နေရာတွေမှာ အင်အားတွေလိုက်ဖြည့်ပြီးတော့မှ စစ်ရေးအရ တိုက်ပွဲဝင်မယ်ဆိုပြီးတော့မှ တိုက်ပွဲအတွင်းကို စေခိုင်းတာ” ဟု ဗိုလ်မှူး လှိုင်ဝင်းထွန်းက ပြောသည်။
ဗိုလ်မှူး လှိုင်ဝင်းထွန်းသည် ဘူးသီးတောင်အခြေစိုက် တပ်ရင်းမှူးတစ်ဦးဖြစ်ပြီး အာရက္ခတပ်တော် (AA) ထံ လက်နက်ချ အညံ့ခံထားသူလည်း ဖြစ်သည်။
ရသေ့တောင်မြို့ကျရှုံးပြီးနောက် ဘူးသီးတောင်တွင် AA ထိုးစစ်ကို ခုခံရန်အတွက် စစ်ကောင်စီသည် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) ကို ချဉ်းကပ်ခဲ့ကြောင်း သူကဆိုသည်။
စစ်ကောင်စီက မွတ်ဆလင်များကို စစ်မှုထမ်းခေါ်ယူရာတွင် “နိုင်ငံသားကတ်ထုတ်ပေးမည်၊ လွတ်လပ်စွာ သွားလာခွင့်ပေးမည်၊ ဘူးသီးတောင်၊ မောင်တောတွင် ရခိုင်များကိုအဝင်မခံဘဲ မွတ်ဆလင်များ စောင့်ရှောက်ရမည်” စသည့် မက်လုံးပေးမှု၊ လူမျိုးရေးအရ သွေးထိုးလှုံဆော်မှုများအပြင် အဓမ္မခြိမ်းခြောက်ပြီးလည်း စစ်မှုထမ်းခေါ်ယူခဲ့ကြောင်း ယင်းဒေသမှ မွတ်ဆလင်များက ပြောပြသည်။
“စစ်ကောင်စီက ဘယ်လို မက်လုံးတွေပေးခဲ့လည်းဆိုတော့ (ရခိုင်တွေ ထွက်သွားပြီး ပြန်ဝင်လို့မရတော့ဘူး၊ မင်းတို့ မွတ်ဆလင်တွေကို အမျိုးမျိုးလုပ်ခဲ့တာတွေက ငါတို့စစ်တပ်က လုပ်တာမဟုတ်ဘူး၊ အကုန် ရခိုင်ကလုပ်တာ။ အခု မွတ်ဆလင်တွေနဲ့ပေါင်းပြီးတော့ ရခိုင်တွေကို အဝင်မခံတော့ဘူး) အဲလိုမက်လုံးတွေ ပေးခဲ့တယ်” ဟု ဘူးသီးတောင်မြို့၊ အမှတ် (၂) ရပ်ကွက်မှ ဟာကီမူမိုစတာက ပြောသည်။
ဟာကီမူမိုစတာက “စစ်ကောင်စီက အခုလိုလုပ်တာက ရခိုင်နဲ့ ကျနော်တို့ မွတ်ဆလင်နဲ့ သဟဇာတမဖြစ်အောင်၊ ရန်ဖြစ်အောင် လုပ်နေတာ။ ပြီးတော့ သူတို့ ရခိုင်နဲ့ မွတ်ဆလင်ကြားက အကျိုးအမြတ်တစ်ခု ထုတ်လို့ရအောင် လုပ်တာ” ဟု ဆက်ပြောသည်။
စစ်မှုထမ်းရန် လူကုန်ကူးခံရခြင်း
စစ်ကောင်စီထံ စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသည့်အထဲ ပြည်တွင်းမှ မွတ်ဆလင်များသာမက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြသည့် မွတ်ဆလင်များလည်း အပါအဝင်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသော မွတ်ဆလင်များမှာ စစ်ကောင်စီထံ စစ်မှုထမ်းရန် အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်ခံနေရကြောင်း Fortify Rights အဖွဲ့က ဇူလိုင်လ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
Fortify Rights ၏ စုံစမ်းစစ်ဆေးမှုအရ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် ဒုက္ခသည်များကို အတင်းအကြပ် ဖမ်းဆီးပြီးနောက် မြန်မာစစ်ကောင်စီထံ စစ်မှုထမ်းရန် ပို့ဆောင်နေသည်ဟု ဆိုသည်။
“မြန်မာစစ်ကောင်စီက ကျူးလွန်လျက်ရှိတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကနေ လွတ်မြောက်လာတဲ့ ရိုဟင်ဂျာ(မွတ်ဆလင်)တွေဟာ အခုဆိုရင် သူတို့အပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ထားတာတွေအတွက် အဓိကတာဝန်ရှိသူတွေရဲ့ စစ်မှုထမ်းတပ်သားအဖြစ် ပါဝင်ဖို့ အတင်းအကြပ် ခိုင်းစေခံနေရပါတယ်” ဟု Fortify Rights မှ Human Rights Associate ဖြစ်သူ Ejaz Min Khant က အစီရင်ခံစာတွင် ပြောထားသည်။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ အတင်းအကြပ်ဖမ်းဆီးလာသော မွတ်ဆလင်များကို မွတ်ဆင်လက်နက်ကိုင်များက မောင်တောမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းများထံ ပို့ဆောင်ခဲ့ကြသည်။ ၎င်းတို့ကို စစ်ကောင်စီက စစ်ရေးလေ့ကျင့်ခိုင်းပြီးနောက် လက်နက်တပ်ဆင်ကာ ရှေ့တန်းစစ်မြေပြင်သို့ အတင်းအကြပ်ပို့ဆောင်နေသည်ဟု စစ်သင်တန်းမှ ထွက်ပြေးလွတ်မြောက်လာသူများ၏ ပြောပြချက်အရ Fortify Rights က ထုတ်ပြန်သည်။
စစ်မှုထမ်းရန် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည့် အသက် ၁၇ အရွယ် မွတ်ဆလင်ဒုက္ခသည်တစ်ဦးက “သူတို့က ကျနော့်ကို သေနတ်နဲ့ချိန်၊ မျက်စိကို အဝတ်နဲ့ပိတ်စည်းပြီး လက်တွေ၊ ခြေတွေကို ကြိုးနဲ့ချည်ပြီး အဲဒီကနေ ဖမ်းခေါ်သွားကြတယ်။ ပြီးတော့ ကျနော့်ကို မြန်မာနိုင်ငံကို ခေါ်လာတယ်” ဟု ပြောကြောင်း Fortify Rights ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြီးခဲ့သည့် မတ်လနှင့် မေလအတွင်း မွတ်ဆလင်ဒုက္ခသည် ၁,၇၀၀ မှာ စစ်ကောင်စီထံ စစ်မှုထမ်းရန်အတွက် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရကြောင်း Fortify Rights က ဆိုထားသည်။
စစ်ကောင်စီထံစစ်မှုထမ်းရန် ဖမ်းဆီးခံရမှုများရှိနေ၍ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ မွတ်ဆလင်လူငယ်များမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒုက္ခသည်များက ပြောကြသည်။
“လမ်းသွားလမ်းလာ လူငယ်တွေကို စောင့်ကြည့်ပြီးဖမ်းတယ်။ ပြီးတော့ စစ်ကောင်စီဆီကို ပို့တယ်။ စစ်ကောင်စီက စစ်သင်တန်းပေးပြီးတော့ စစ်တိုက်ခိုင်းတာတွေရှိတဲ့အတွက် လူငယ်တွေက ထွက်ပြေးနေကြတာ။ တချို့ဆိုရင် စစ်ပွဲမှာသေသွားပြီလို့ သိရတယ်” ဟု ကူတူပါလောင် ဒုက္ခသည်စခန်းမှ မွတ်ဆလင်တစ်ဦးက ပြောသည်။
စစ်အုပ်စု၏ နိုင်ငံရေးအောက်လုံး
စစ်အုပ်စုသည် အာဏာနှင့် အကျိုးစီးပွားကို ရေရှည်ထိန်းချုပ်နိုင်ရန် နည်းလမ်းအမျိုးမျိုးကို ခေတ်အဆက်ဆက် ကျင့်သုံးလေ့ရှိပြီး လူ့အဖွဲ့အစည်းအတွင်းရှိ လူမျိုး၊ ဘာသာကွဲပြားမှုများကို လိုအပ်သလို အသုံးချခြင်းသည်လည်း နည်းဗျူဟာများအနက် တစ်ခုပင် ဖြစ်သည်။
မွတ်ဆလင်များကို အလုံးအရင်းနှင့် ပြည်သူ့စစ်ထဲ သွတ်သွင်းနေခြင်းမှာ တပ်သားသစ်လိုအပ်ချက်ကို အလွယ်တကူ ဖြည့်တင်းရန်နှင့် အခြားတစ်ဖက်တွင် ရခိုင်နှင့် မွတ်ဆလင် လူမျိုးတို့အကြား လူမျိုးရေးပဋိပက္ခကို ပုံဖော်ဖန်တီးပြီး တော်လှန်ရေးအရှိန်အဟုန်ကို လျှော့ချနိုင်ရန်အတွက် စစ်အုပ်စုက နိုင်ငံရေးအောက်လုံးကို ထုတ်သုံးနေခြင်းဖြစ်ကြောင်း ရှုမြင်ကြသည်။
“၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ မွတ်ဆလင်နဲ့ ရခိုင်တွေ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေဖြစ်ပြီး နှစ်ဖက်အသိုင်း အဝိုင်းတွေကြားမှာ တင်းမာမှုတွေ အရမ်းကိုရှိခဲ့တယ်။ အဲဒီတင်းမာမှုတွေကို (၁၀) စုနှစ်တစ်ခုကြာအောင် ဘယ်သူကမှ ပေါင်းစပ်လို့မရခဲ့ဘူး။ AA က ရအောင်ပေါင်းစပ်ပေးခဲ့တယ်။ အခုလိုမျိုး လူမျိုးနှစ်ခုကြားမှာ ဆက်ဆံရေးတွေ ကောင်းမွန်လာတဲ့အချိန်မှာ လူမျိုးရေးပဋိပက္ခဖြစ်ပွားမဲ့ အရေးတွေကို ကျနော်တို့က မလိုလားပါဘူး။ ထိန်းသိမ်းသင့်တယ်။” ဟု ဘာသာရေးဆရာတစ်ဦးဖြစ်သည့် ဦးခင်မောင်ဝင်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ရခိုင်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် မွတ်ဆလင်နှင့် ရခိုင်ကြားတွင် ဆက်ဆံရေးများ ကျဉ်းမြောင်းသွားခဲ့သည်။ အာရက္ခတပ်တော် (AA) က ရခိုင်ကို ဝင်ရောက်လာပြီးနောက်တွင် အသိုင်းအဝိုင်း နှစ်ခုကြား ကောင်းမွန်သော ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲနှင့်အတူ တိုက်ပွဲများရပ်တန့်နေချိန်တွင် မွတ်ဆလင်နှင့် ရခိုင် အသိုင်းအဝိုင်းနှစ်ခုကြားတွင် သဟဇာတဖြစ်ရေးကိုဦးတည်ပြီး အခမ်းအနားများကျင်းပခြင်း၊ ဆွေးနွေးဟောပြောခြင်း၊ ပွဲလမ်းသဘင်များတွင် အသိုင်းအဝိုင်းနှစ်ခုလုံးကို ပါဝင်စေခြင်းတို့ကို AA က ဦးဆောင်ဦးရွက်ပြုခဲ့သည်ကို တွေ့ရသည်။
အလားတူ ရခိုင်ပြည်အတွင်းက မတူကွဲပြားသည့် အသိုင်းအဝိုင်းနှစ်ခုကြား သဟဇာတဖြစ်ရေးကို ရခိုင်နှင့် မွတ်ဆလင်ကျောင်းသားများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ကျနော်တို့လည်း မွတ်ဆလင်ဒေသခံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ တည်ဆောက်ထားတဲ့ ကျေးလက်အုပ်ချုပ်ရေးတို့၊ ဘာသာရေးအဖွဲ့တို့၊ တရားစီရင်ရေးတို့ ရှိပါတယ်။ သူတို့မပါရင်လည်း ဒီလောက်များတဲ့ လူဦးရေကို ကျနော်တို့ မစီမံနိုင်ပါဘူး” ဟု ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောထားသည်။
အာရက္ခတပ်တော် (AA) က ရခိုင်ပြည်တွင် စစ်ကောင်စီကင်းစင်အောင် တိုက်ခိုက်သွားမည်ဟု ကြေညာထားသည်။ ရခိုင်စစ်မျက်နှာ ရက်ပေါင်း ၂၀၀ ကျော်အတွင်း စစ်ကောင်စီသည် ချင်းနှင့် ရခိုင်မှ မြို့နယ် ၁၁ ခုအထိ လက်လွှတ်ထားရပြီး မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွမြို့နယ်တို့ကို ထပ်မံမဆုံးရှုံးရေး အပြင်းအထန် ခုခံနေရသည်။
မွတ်ဆလင်အများစုနေထိုင်သော ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ စစ်ကောင်စီတပ်ရင်း ဌာနချုပ်များကို AA က တိုက်ခိုက်သိမ်းပိုက်ရာတွင် ဝေဖန်သံများ ထွက်ပေါ်ခဲ့သည်။ မောင်တောတွင် မွတ်ဆလင်အများအပြား သေဆုံးနေသည့်ဗီဒီယိုများ လူမှုကွန်ယက်ပေါ်ပျံ့နှံ့ခဲ့ပြီး AA တပ်ဖွဲ့ ပစ်ခတ်မှုကြောင့်ဟု စွပ်စွဲမှုများရှိနေသည်။
ဩဂုတ်လ ၅ ရက်နေ့က မောင်တောမြို့ထဲမှ ထွက်ပြေးလာသော မွတ်ဆလင်များမှာ စက်လှေများဖြင့် နတ်မြစ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးနေစဉ် AA တပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့၍ လူရာနှင့်ချီ သေဆုံးသွားသည်ဟု ပြောဆိုနေကြသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ AA ၏ ဩဂုတ်လ ၇ ရက် ထုတ်ပြန်ချက်တွင် “ဤသေဆုံးမှုမှာ မိမိတို့ ထိန်းချုပ်ထားသော နယ်မြေများ၌ ဖြစ်ပျက်ခဲ့ခြင်း လုံးဝမရှိသည့်အပြင် မိမိတို့အဖွဲ့အစည်းနှင့်လည်း မည်သို့မျှ မသက်ဆိုင်ကြောင်း” ဆိုထားသည်။
AA ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်အတွင်းမှ စစ်အုပ်စု အပြီးတိုင်ထွက်ခွာရမည် ဆိုပါကလည်း လူမျိုးရေးပြဿနာများကို ချန်ထားခဲ့မည့်ရည်ရွယ်ချက်ကို တွေ့မြင်နေရကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။
ကျောက်တော်မြို့နယ်မှ မွတ်ဆလင်တစ်ဦးက “တကယ်လို့ ရခိုင်မှာ စစ်ကောင်စီမရှိဘဲ AA ရဲ့ထိန်းချုပ်မှုအောက်ကို ရောက်သွားရင်တောင်မှ စစ်ကောင်စီက ရခိုင်ကို မတည်မငြိမ်ဖြစ်အောင် ပြုလုပ်ခဲ့မှာ သေချာတယ်။ စစ်ကောင်စီရဲ့လှည့်ကွက်တွေကို ကျနော်တို့က သတိထားဖို့ လိုအပ်တယ်” ဟု ပြောသည်။