- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဆေးတစ်ခါကုဖို့ လမ်းစရိတ် တစ်သိန်းကုန်နေရတဲ့ ဒေသ
“အရေးပေါ် နေမကောင်းဖြစ်ကြတဲ့သူတွေဆိုရင် လုံးဝကို အသက်ပေးသွားရတယ်။ တစ်နှစ်ကို ရွာကတစ်ယောက် မဟုတ်ရင် တစ်ယောက်ကတော့ နေမကောင်းဖြစ်ပြီး သေဆုံးတာတွေရှိတယ်။"
07 Jul 2023
အခန်းကျဉ်းလေးတစ်ခုတွင် အလုပ်အကိုင်ပင်ပန်း၍ စောင်အထပ်ထပ်လွှမ်းခြုံကာ လဲလျောင်းနေသည့် အမျိုးသားတစ်ဦးမှာ ကိုယ်ခန္ဓာ နာကျင်ကိုက်ခဲ့နေသဖြင့် အသံအမျိုးမျိုးထွက်ပြီး အိပ်ယာထဲတွင် ခွေနေလျှက်ရှိသည်။
ဘေးပတ်ဝန်းကျင်တွင် သစ်ရွက်ခြောက်များ၊ သစ်သီးစေ့များနှင့် အပင်မြစ် အပိုင်းအစအချို့ကို အမျိုးသမီးတစ်ဦးက ၅ လက်မခန့်ရှိသည့် ကျောက်ဆုံငယ်တစ်ခုအတွင်းသို့ထည့်ကာ အရည်ပျော်သွားအောင်အထိ ထုထောင်းလျှက်ရှိနေသည်။
နာကျင်သည့်ဒဏ်ကို အလူးအလဲခံနေရသူမှာ အသက် (၅၀)ကျော်အရွယ် ဦးခိုင်မောင်ဝင်းဖြစ်ပြီး ကျေးရွာတွင် ဆေးရုံ၊ ဆေးပေးခန်းများ မရှိသည့်အတွက် ဖျားနာသည့်ဝေဒနာကို မိမိနေအိမ်တွင်နေထိုင်လျက် ရက်အတော် ကြာ ကြိတ်မှိတ် ခံစားနေရခြင်းဖြစ်သည်။
“ဒီနေရာမှာ လူတစ်ယောက် ရောဂါအသည်းအသန်ဖြစ်ရင် ဆေးရုံ၊ ဆေးခန်းရောက်ရင် အသက်ရှင်နိုင်တယ်၊ ဆေးရုံ၊ ဆေးခန်း မရောက်ရင်တော့ အသက်ဆုံးရှုံးသွားနိုင်တယ်”ဟု အရင်က နေမကောင်းဖြစ်သည့် လူနာများကို သွားပို့ရာတွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ဦးခိုင်မောင်ဝင်းက ပြောပြနေခြင်းဖြစ်သည်။
ဦးခိုင်မောင်ဝင်းသည် ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်ရေတံခွန် အထက်အပိုင်းရှိ သလူပြကျေးရွာတွင် နေထိုင်သူဖြစ်သည်။
စိုင်းဒင်တောင်တန်းပေါ်တွင် ဝါးခုတ်ကာ တစ်နေ့တာစားဝတ်နေရေးကို ဖြေရှင်းနေရသူဖြစ်ပြီး တောင်ပေါ်ဒေသတွင် နေထိုင်သူဖြစ်သောကြောင့် တစ်ခါတစ်ရံ တောင်ယာလုပ်ငန်းကိုလည်း လုပ်ကိုင်သူတစ်ဦးဖြစ်သည်။
“စိုင်းဒင်အထက်ပိုင်းမှာရှိတဲ့ လူတွေက ဝါးခုတ်ပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြတာဖြစ်တယ်။ တောင်တန်း၊ တောင်ကုန်းက ဝါးစည်းတွေကို ထမ်းရတဲ့အတွက် တစ်ခါတစ်လေမှာ ခန္ဓာကိုယ်ကိုက်ခဲပြီး နေမကောင်း ဖြစ်လေ့ရှိတယ်။ ဒါပေမဲ့ သောက်မဲ့ဆေးတွေက ဒီနေရာမှာမရှိဘူး”ဟု ဦးခိုင်မောင်ဝင်းက သူနေမကောင်းဖြစ်ခဲ့သည့် အကြောင်းအရာကို ရှင်းပြသည်။
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ စိုင်းတင်အထက်ပိုင်းတွင် သလူပြကျေးရွာအပြင် ဩရမအုပ်စုမှာ ပါဝင်သည့် ဩရမ၊ ချောင်းမြေ၊ ကုလားအုတ်၊ မင်းကိုင်း၊ သလူကျွန်း ၊ လက်ပံကိုင်း ၊ ရေပူ၊ လေဝေ ၊ အောင်ချမ်းမြေ၊ ခါလာဦး၊ ကုံးမောင်လေး စသည့်ဒေသများသည် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကျန်းမာရေးအခွင့်အလမ်းများ ဆုံးရှံးနေကြသည်ဟု ဒေသခံများထံမှ သိရသည်။
သလူပြကျေးရွာတွင် အိမ်ခြေ ၃၀ ကျော်ရှိပြီး လူဦးရေ ၁၀၀ ကျော် နေထိုင်သည့် ကျေးရွာလေးတစ်ခုဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ကျေးရွာရှိ ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းမှာ ကဏ္ဍအသီးသီးတွင် နောက်ကျကျန်ခဲ့မှုများရှိသည်။
စိုင်းဒင်အထက်ပိုင်းရှိ ကျေးရွာများက ဒေသခံများမှာ နေမကောင်းဖြစ်လျှင် သုံးစွဲမည့် ဆေးဝါးများမရှိသဖြင့် မြို့ပေါ်သို့ ဆေးခန်းသွားပြရန်မှာလည်း စိန်ခေါ်မှုတစ်ရပ်ဟုပင် ခံစားနေကြရသူများဖြစ်သည်။ ကျေးရွာရှိ လူကြီးများက သတ်မှတ်ထားသည့် ဆေးဖက်ဝင်အပင်များကိုသာ အသုံးပြု၍ နေမကောင်းဖြစ်သူများကို ကုသမှုများ ရှိနေခြင်းဖြစ်သည်။
ကျေးရွာတွင်နေထိုင်ကြသည့် ဒေသခံများမှာ ဆင်းရဲချို့တဲ့သည့်အတွက် မိမိကျေးရွာအတွင်းတွင် ခေတ်မီဆေးဝါးများကို မရောင်းချနိုင်ပေ။
“ရွာမှာအကုန်လုံးက တစ်နေ့လုပ်မှ တစ်နေ့စားရတာ။ ဆေးဆိုင်တွေဖွင့်ဖို့ကတော့ ပိုက်ဆံအရင်းအနှီးတွေ မရှိဘူးဖြစ်နေကြတယ်”ဟု ဦးခိုင်မောင်ဝင်းကပြောသည်။
ရွာကနေ၍ နေမကောင်းဖြစ်ကြသူများမှာ ဘူးသီးတောင်မြို့ပေါ်သို့ အရေးပေါ်သွားရောက် ဆေးခန်းပြလျှင် လမ်းခရီးစရိတ်အဖြစ် ငွေကျပ်(၁)သိန်းနီးပါးခန့် ကုန်ကျသည်။ ထို့အထဲတွင် အထွေထွေအသုံးစရိတ်များ မပါဝင်ချေ။
ထို့ကြောင့် တောင်ပေါ်က ဝါးများကိုတစ်ရက်လုံး ခုတ်လှဲထမ်းချပြီးမှ ငွေ (၅၀၀၀)ကျပ်သာရရှိသည့် ဦးခိုင်မောင်ဝင်းအတွက် မြို့ပေါ်သို့ သွားရောက်ဆေးခန်းပြရန်မှာ အိမ်မက်ပင်မက်ခွင့် မရှိပေ။
လက်ပံကိုင်းကျေးရွာနေ ဦးဦးကျော်စိန်သည် ဝါးခုတ်၍ရရှိသည့် ဝင်ငွေအချို့ဖြင့် မြို့ပေါ်သို့သွားရောက်ကာ မိသားစုတစ်လတာ စားဝတ်နေရေးအတွက် ရိက္ခာစုဆောင်းနေသူ တစ်ဦးဖြစ်သည်။ ဘူးသီးတောင်မြို့ပေါ်သို့ သွားရောက်လျှင် ရေစီးကြမ်းသည့် စိုင်းဒင်ရေတံခွန်ကို ဖြတ်ကျော်ရသည့်အတွက် တစ်ခါတစ်ရံ အသက်အန္ဓရာယ်နှင့်လည်း ရင်ဆိုင်ရသည်ဟုဆိုသည်။
လက်ပံကိုင်းကျေးရွာကနေ ဘူးသီးတောင်မြို့ပေါ်သို့ သွားရောက်လျှင် ကျောက်လွှာအသီးသီးက စီးကျနေသည့် စမ်းချောင်းတွင် လှေ(ဘုတ်) နှစ်နာရီကြာ စီးသွားရသည်။ ယင်းမှတစ်ဆင့် ကျောက်လွှာပြင်ပေါ်တွင် ရှိနေသည့် ရေအိုင်ချိုင့်ခွက်အသီးသီးကို မနင်းမိအောင်သတိပြုကာ ခြေလျှင်ဖြင့် တစ်နာရီကြာ ဆက်လျှောက်သွားပြီးမှ စိုင်းဒင်ရေတံခွန်သို့ ရောက်ရှိသည်။
နောက်ထပ် စိုင်းဒင်ရေတံခွန်ကနေ လှေ(ဘုတ်) တစ်တန်နှင့် ကားတစ်တန် ထပ်စီး၍ ဆက်လက်သွားရောက်ပြီးမှ ဘူးသီးတောင်မြို့ကို ရောက်ရှိသည့်အတွက် အရေးကိစ္စများကြုံလာလျှင် မြို့ပေါ်ကိုရောက်ရှိဖို့ အချိန်များစွာ ကြာမြင့်သလို လမ်းခရီးကလည်း ခက်ခဲကြမ်းတမ်းသည်ဟု ဦးဦးကျော်စိန်ကဆိုသည်။
လက်ပံကိုင်းကျေးရွာက စိုင်းဒင်ရေတံခွန်အောက်သို့ရောက်ရှိရန် အသွားအပြန် ကုန်ကျစရိတ်အဖြစ် လှေခ (၃၀၀၀၀)ကျပ်ကုန်သည်။ ယင်းရေတံခွန်ကနေပြီး ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဆိပ်ကမ်းကို ရောက်ရှိဖို့အတွက် လှေခအဖြစ် (၄၀၀၀၀)ကျပ် ထပ်မံ၍ကုန်ကျမှုရှိသည်။
ထို့ဆိပ်ကမ်းမှတစ်ဆင့် ကားဖြင့်ဘူး သီးတောင်မြို့ပေါ်ကိုသွားရောက်လျှင် ငွေကျပ် (၃၀၀၀၀)နီးပါးခန့် ကုန်ကျမှု ရှိသည်ဟုသိရသည်။
“မြို့ပေါ်ကို တစ်ခါရောက်ရှိဖို့အတွက် နာရီအတော်ကြာသွားရတယ်။ သွားတဲ့အခါမှာလည်း မိုးရွာလို့ ရေစီးသန်ရင် မြို့ပေါ်ကို လုံးဝသွားလို့မရဘူး။ လမ်းတွေမှာရှိတဲ့ ချိုင့်ခွက်တွေထဲကို ကျသွားမှာကြောက်ရတယ်”ဟု သွားလာရခက်ခဲသည့် လမ်းကြောင်းအခြေအနေကို ဦးဦးကျော်စိန်က ပြောပြခြင်းဖြစ်သည်။
ဩရမကျေးရွာအုပ်စုတွင် နေထိုင်ကြသည့် ဒေသခံများမှာ ဆောင်းရာသီနှင့် နွေရာသီရောက်ရှိလာလျှင် အလုပ်ပိုမို လုပ်ကိုင်ကာ ရရှိသည့်ဝင်ငွေများဖြင့် မြို့ပေါ်သို့သွားရောက်၍ စားနပ်ရိက္ခာများကို ရှာဖွေစုဆောင်းရသည်။
မိုးရာသီကျရောက်လာလျှင် တောင်ပေါ်က စီးဆင်းသည့်ရေများမှာ ရေစီးသန်သောကြောင့် ကျောက်ကြမ်း၊ ကျောက်ချော လမ်းများမှာ လူအသက်ကိုပင်မမူပဲ ယူဆောင်သွားနိုင်သောကြောင့် မိုးရာသီအတွက် ကြိုတင်၍ စားဝတ်နေရေး ရှာဖွေထားရခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က မိုးရာသီကာလတွင် နေမကောင်းဖြစ်နေသည့် သလူကျွန်းကျေးရွာက အမျိုးသားတစ်ဦးနှင့် ဩရမကျေးရွာက အမျိုးသမီးတစ်ဦးတို့မှာ မြို့ပေါ်သို့ ဆေးခန်းသွားပြစဉ် လမ်းခရီး ခက်ခဲကြမ်းသောကြောင့် နှစ်ဦးစလုံးမှာ မြို့ပေါ်ရှိ ဆေးရုံ၊ ဆေးခန်းသို့ မရောက်နိုင်ပဲ လမ်းခုလပ်တစ်နေရာတွင် သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းရှိသည်။
“အရေးပေါ် နေမကောင်းဖြစ်ကြတဲ့သူတွေဆိုရင် လုံးဝကို အသက်ပေးသွားရတယ်။ တစ်နှစ်ကို ရွာကတစ်ယောက် မဟုတ်ရင် တစ်ယောက်ကတော့ နေမကောင်းဖြစ်ပြီး သေဆုံးတာတွေရှိတယ်။ အဓိကတော့ ဆေးဝါးတွေ မရှိတာကြောင့် သေဆုံးတာဖြစ်တယ်”ဟု သလူကျွန်းကျေးရွာက အကြီးအကဲတစ်ဦးဖြစ်သည့် ဦးမောင်လှသိန်းက ဆိုသည်။
အဆိုပါ သေဆုံးမှုဖြစ်စဉ်များမှာ မိုးရာသီရောက်လျှင် နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရသည့် အဖြစ်အပျက်များ ဖြစ်သည်။
ချောင်းမြေကျေးရွာရှိ မမလှဦးမှာ မွေးကင်းစ (၈)လအရွယ် သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားသည့်မိခင် တစ်ဦးဖြစ်သည်။ သားဦးကို ပထမဆုံး မွေးဖွားရသောကြောင့် သားနှင့်မိခင် အသက်လုပြီး မွေးဖွားဖြစ်ခဲ့ပုံကို ရှင်းပြသည်။
“သားလေးကို မွေးတဲ့အချိန်မှာ မိုးတွေက အရမ်းကိုရွာတယ်။ ဗိုက်ကအရမ်းကိုနာတာ၊ ကလေးကို မမွေးနိုင်လို့ မြို့ပေါ်ဆေးရုံကို ပို့ကြဖို့လုပ်ကြတယ်။ လမ်းခရီးက အဆင်မပြေတော့ ရွာမှာပဲသားလေးနဲ့အတူ အသက်လုပြီးတော့ မွေးဖွားခဲ့ရတယ်”ဟု သူမကပြောသည်။
ဩရမအထက်ပိုင်းရှိ တစ်ချို့ရွာများက ဘူးသီးတောင်မြို့ပေါ်သို့ ရောက်ရှိဖို့အတွက် တောလမ်းခရီးကိုလည်း ဖြတ်လျှောက်သွားရကာ လမ်းခရီးတွင် တစ်ညအိပ်ရသည့် အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။
“အစိုးရတစ်ရပ်အနေနဲ့ လုပ်မယ်ဆိုရင် အခုလုပ်ရင် အခုရတယ်။ ခေတ်အဆက်ဆက်က မလုပ်ခဲ့ကြလို့ အခုလိုဖြစ်နေတာ။ လမ်းပန်းဆက်သွယ်ရေးကလည်း အရင်ကတည်းက ခက်ခဲနေတာဖြစ်တယ်။ အုပ်ချုပ်ခဲ့ကြတဲ့ အစိုးရတွေက အဲဒီနေရာကို အမြဲတမ်း လျစ်လျူရှုထားလို့ဖြစ်တယ်။ အစိုးရတွေရဲ့ အပယ်ခံဖြစ်နေတဲ့ နေရာတွေဖြစ်တယ်”ဟု ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။
အစိုးရကနေ စိုင်းဒင်ရေတံခွန်ပေါ်ရှိ ကျေးရွာများကို လမ်းဖောက်လုပ်မည်ဆိုလျှင် မြေသားလမ်းဖောက်လုပ်၍ ရရှိပြီး ဘတ်ဖိုးများနှင့် ဇောက်ချလုပ်ကိုင်လျှင်လည်း အချိန်အနည်းငယ်ဖြင့် ပြီးစီးနိုင်သည်ဟု ဦးအောင်သောင်းရွှေက ဆက်ပြောသည်။
ဩရမအုပ်စုအတွင်းရှိ ကျေးရွာများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဒေသရှိ ကျောင်းသား၊သူများမှာလည်း ပညာသင်ကြားခွင့်များ ဆုံးရှုံးနေကြသည်။ မူလတန်းကျောင်းသာ ရှိသည့်အတွက် အလယ်တန်းနှင့် အထက်တန်းကျောင်းကို ဆက်လက်မတက်ရောက်နိုင်ပဲ အပြင်လုပ်ငန်းခွင်သို့ ရောက်ရှိသွားကြသည့် ကလေးများက ပိုမိုများပြားလျှက်ရှိနေသည်။
စီးပွားရေးလုပ်ငန်းများမှာလည်း အဖက်ဖက်က နောက်ကျကျန်ခဲ့မှုများရှိလာသောကြောင့် တောင်ပေါ်ဒေသတွင် နှစ်ပေါင်းများနေထိုင်ခဲ့ကြသည့် ဒေသခံများမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့်နေရာများသို့ ပြောင်းရွှေ့မှုများ ရှိလာသည်။
စိုင်းဒင်အထက်ပိုင်းရှိ ကျေးရွာများတွင် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များဖြစ်သည့် ခမီတိုင်းရင်းသားများနှင့် မြိုတိုင်းရင်းသား(အနည်းစု)တို့ နေထိုင်ရာ အရပ်ဒေသဖြစ်သည်။ အခုလို့ လမ်းပန်းဆက်သွယ် ခက်ခဲကြမ်းတမ်းသည့်အတွက် ကျန်းမာရေးအပိုင်းမှာ အခြားနေရာများထက် နောက်ကျကျန်ခဲ့မှုများရှိနေသည်ဟု ဒေသခံများကပြောသည်။
ရခိုင်ပြည်အတွင်းတွင် ခမီလူမျိုးများမှာ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပေါက်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တောမြို့နယ်များတွင် နေထိုင်လျှက်ရှိကြသည်။ လက်ရှိလူဦးရေမှာ (၁)သိန်းခန့်ရှိသည်ဟု သိရသည်။
ရေပူရွာသည် အရင်ကအိမ်ခြေ (၄၀)ကျော်ရှိပြီး ခမီလူမျိုးများနေထိုင်သည့် ကျေးရွာတစ်ခုဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ သား၊သမီးများ၏ ရှေ့ဆက်ပညာသင်ကြားရေး အခြေအနေများကြောင့် အိမ်ခြေ (၃၀)ကျော်မှာ နေရာအသီးသီးကို ပြောင်းရွှေ့သွားကြသည်ဟု ရေပူကျေးရွာကဒေသခံ ဦးကျော်သာအောင်က ပြောသည်။
“စားဝတ်နေရေးအခက်အခဲတွေ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ၊ ပညာရေးအခက်အခဲတွေ၊ ကျန်းမာရေးအခက်အခဲတွေကြောင့် ရွာမှာရှိတဲ့သူတွေက တခြားနေရာတွေကို ပြောင်းရွှေ့သွားကြတယ်။ သား၊သမီးတွေရဲ့ ရှေ့ဆက်ပညာရေးအတွက် ပိုက်ဆံရှိတဲ့သူတွေက မြို့နဲ့နီးတဲ့နေရာတွေကို ပြောင်းရွှေ့သွားကြတယ်။ အခုရွာမှာ ဦးလေးတို့ပဲရှိတော့တယ်”ဟု သူကဆိုသည်။
ဩရမကျေးရွာအုပ်စုတွင် အိမ်ခြေ (၅၀၀)ကျော်နှင့် လူဦးရေ (၁၄၀၀)ကျော် နေထိုင်လျှက်ရှိပြီး နှစ်စဉ်နှစ်တိုင်း မိုးရာသီရောက်လျှင် အိမ်ထောင်စု (၁၀)ကျော်လောက်မှာ ပြောင်းရွှေ့မှုများရှိနေခြင်းဖြစ်သည်။
ထိုသို့ပြောင်းရွှေ့မှုများမှာ အရင်ကထက် ပိုမိုများပြားလာသောကြောင့် မျိုးနွယ်စုများ တကွဲတပြားစီဖြစ်၍ ပျောက်ကွယ်သွားမှာကို စိုးရိမ်ပူပန်မှုများရှိနေကြသည်။
စိုင်းဒင်အထက်ပိုင်းရှိ ဩရမအုပ်စုမှာတည်ရှိသည့် ကျေးရွာများ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချော့မွေ့စေရန် လက်ရှိအုပ်ချုပ်နေသည့် အစိုးရက ပြုလုပ်ပေးစေချင်သည်ဟု ဒေသခံများက တောင်းဆိုကြသည်။
“အုပ်စုအနေနဲ့ ဆေးပေးခန်းတစ်ခုလောက် ကျန်းမာရေးဌာနက ချပေးနိုင်ရင်တော့ ဒီမှာရှိတဲ့ ပြည်သူတွေအတွက် အဆင်ပြေသွားမယ်။ အခု အဲလိုမျိုးမရှိတော့ ဒီမှာရှိတဲ့လူတွေက ဆေးတစ်လုံးလိုချင်တာနဲ့ အသက်တွေကို အများကြီးပေးဆပ်ခဲ့ရတယ်”ဟု ချောင်းမြေဒေသခံ ကိုကြာလှအောင်က ဆိုသည်။
“လမ်းပန်းဆက်သွယ်ရေး ခက်ခဲ့တဲ့အတွက် ရွာတွေက ဖွံ့ဖြိုးမှုအရမ်းကို နောက်ကျနေကြတယ်။ ကျန်းမာရေးလည်း ဆိုးဆိုးဝါးဝါးဖြစ်တဲ့ ဒေသဖြစ်တယ်။ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေဖို့အတွက် အစိုးရက လမ်းတွေဖောက်လုပ်ပေးသင့်တယ်။ အခုက ဘာမှလုပ်ပေးတာတော့ မရှိဘူး”ဟု အနောက်တံခါး လူမှုကူညီကယ်ဆယ်ရေးအသင်း(WDAB) အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုအောင်ချေက ရှင်းပြသည်။
အဆိုပါ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်တွင် လက်ရှိအုပ်ချုပ်နေသည့် စစ်ကောင်စီ သယံဇာတရေးရာ ဝန်ကြီးဦးသန်းထွန်းကို (DMG)က ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိပါ။
မြို့ပေါ်သို့ ဆေးခန်းသွားပြရန် အိမ်မက်၊မက်ခွင့်ပင် မရှိသည့် ဦးခိုင်မောင်ဝင်းက “ဆေးပေးခန်း တစ်ခုလောက်တော့ လိုချင်တယ်။ မဟုတ်ရင်တော့ မြို့ပေါ်သို့ မရောက်နိုင်ပဲ လမ်းမှာသေဆုံးတာတွေ ပိုများပြားလာမယ်။ အခုဆိုရင်လည်း ကျနော်က ဒီမှာရှိတဲ့ တိုင်းရင်းဆေးနဲ့ပဲ ဒီရောဂါကိုနိုင်အောင် ရင်ဆိုင်နေရတယ်”ဟု ဆိုသည်။
သူဖြစ်ချင်သည့်ဆန္ဒကို ပြောပြီးနောက် ဇနီးဖြစ်သူက အရည်ပျော်အောင် ထုထောင်းထားသည့် တိုင်းရင်းဆေးခွက်ကို မော့ကာ ဦးခိုင်မောင်ဝင်းတစ်ယောက် နှစ်ခြိုက်စွာ အိပ်ပျော်သွားလေသည်။
မြတ်ဆွေ - ရေးသည်။