တောင်ကုတ် - ပန်းတောင်းလမ်းပိုင်းကို AA ယာယီပိတ်

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်းကို ဆက်သွယ်ထားသော တောင်ကုတ် - ပန်းတောင်ကားလမ်းပိုင်းကို အာရက္ခတပ်တော်(AA)က ယာယီကန့်သတ်ပိတ်ပင်ထားကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်ထံမှ သိရသည်။

By Admin 15 Jun 2024

တောင်ကုတ် - ပန်းတောင်းလမ်းပိုင်းကို AA ယာယီပိတ်

DMG ၊ ဇွန် ၁၅ 

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်းကို ဆက်သွယ်ထားသော တောင်ကုတ် - ပန်းတောင်ကားလမ်းပိုင်းကို အာရက္ခတပ်တော်(AA)က ယာယီကန့်သတ်ပိတ်ပင်ထားကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကောင်စီက အဆိုပါလမ်းကိုအသုံးပြုပြီး ရခိုင်ဒေသအတွင်း စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေသဖြင့် ဇွန်လ ၁၂ ရက်မှစ၍ AA က ကန့်သတ်လိုက်ခြင်းဖြစ်သည်။ 

“ပဲခူးတိုင်းဘက်ကနေ တောင်ကုတ်ဘက်ကို စစ်ကူပို့ပေးနေတာတွေရှိတယ်။ ဒါကြောင့် အေအေက ပိတ်လိုက်တာ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

၎င်းကားလမ်းကို ရခိုင်တိုက်ပွဲစဖြစ်ချိန်ကပင် စစ်ကောင်စီက ပိတ်ဆို့ထားခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီက စစ်ရေးအတွက် အသုံးပြုနေသဖြင့် AA က တစ်ဖန် ပိတ်ဆို့လိုက်ခြင်းဖြစ်သည်။

ကားလမ်းပိတ်ထားခြင်းနှင့်ပတ်သက်၍ AA ပြောခွင့်ရသူ ဦးခိုင်သုခကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။

တောင်ကုတ်မြို့နယ်တွင် ဇွန်လအစောပိုင်းမှစ၍ စစ်ကောင်စီက လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းကာ စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်နေပြီး ယင်းအထဲတွင် စစ်သင်တန်းဆင်း မွတ်ဆလင်များလည်း ပါဝင်သည်။  

“တောင်ကုတ်မှာ အခု လှုပ်လှုပ်ရှားရှားတွေဖြစ်နေတယ်။ တိုက်ပွဲဖြစ်တော့မယ်ဆိုတဲ့ စကားသံတွေ ထွက်နေတယ်။ ဘာဆက်ဖြစ်လာမလဲတော့ မသိဘူး။ ဒေသခံတွေလည်း စိုးရိမ်ကြောက်လန့်နေကြတယ်” ဟု တောင်ကုတ်ဒေသခံ တစ်ဦးက ပြောသည်။ 

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး ဇွန်လ ၁၃ ရက်မှစ၍ စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ 

ပြီးခဲ့သည့် ဧပြီလကလည်း အမ်းမြို့နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသည့် အမ်း - ပဒါန်းကားလမ်းကို အသုံးပြုပြီး စစ်ကောင်စီက အမ်းတွင်စစ်အင်အားတိုးချဲ့နေသဖြင့် AA က ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ခြင်းရှိသည်။

ဗီဒီယိုများ