သယံဇာတထုတ်ယူမှု စီမံကိန်းများနဲ့ ရက္ခိုင့်အရေး

ရက္ခိုင်ရဲ့ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေကို ပြန်လည်ရယူနိုင်ဖို့ နိုင်ငံရေးအရ လမ်းကြောင်းဖွင့်လေ့မရှိတဲ့ မြန်မာနိုင်ငံအစိုးရအဆက်ဆက်(ဗမာအင်ပါယာ)အောက်ကနေ ရုန်းထွက်နိုင်ဖို့နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝရရှိရေး (ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်)အတွက် လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ပြီး (၂၀၀၉)ခုနှစ်က ကချင်ပြည်မှာ စတင်တည်ထောင်ခဲ့တဲ့ ရက္ခိုင်တပ်တော်(AA)ဟာ (၂၀၁၅)မှာ ရက္ခိုင်ပြည်ထဲကို ဝင်ရောက်ခဲ့ပါတယ်။

By Admin 09 Dec 2022

သယံဇာတထုတ်ယူမှု စီမံကိန်းများနဲ့ ရက္ခိုင့်အရေး

DMG | ဒီဇင်ဘာ ၉

(ဆောင်းပါး)

ပင်လယ်ပြင်နဲ့ ရိုးမတောင်တန်းကြီးတို့က အလျားလိုက်ဝန်းရံထားတဲ့ ရက္ခိုင်ပြည်ဟာ ရေထွက်သယံဇာတပေါင်းများစွာနဲ့ သစ်တောထွက် သယံဇာတများစွာကို ပိုင်ဆိုင်ထားတဲ့အပြင် အလွန်ရှားပါးပြီး ဈေးနှုန်းမြင့်မားတဲ့ တိုက်တယ်နီယမ်သတ္တုတွေ၊ နှစ်သန်းရာချီမှ ဖြစ်ပေါ်တတ်တဲ့ အလွန်ရှားပါးတဲ့ သက်ရင့်မာဖယ် အလှဆင်ကျောက်တွေအပြင် ဒီနေ့ကမ္ဘာ့လူသားတွေအတွက် မရှိမဖြစ်အသုံးပြုလာနေကြတဲ့ သဘာဝဓာတ်ငွေ့လို တန်ဖိုးမြင့်ရတနာပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့ ပထဝီနိုင်ငံရေးကိုပိုင်ဆိုင်ထားတဲ့ နေရာဖြစ်ပါတယ်။

ရက္ခိုင်ရိုးမတောင်တန်းကြီးကို မြစ်ဖျားခံစီးဆင်းနေကြတဲ့ ရေချိုချောင်းကြီးတွေ၊ အိန္ဒိယနယ်စပ်ကနေ စီဆင်းလာတဲ့ ရေချိုချောင်းကြီးတွေဟာ ရက္ခိုင်ပြည် အရှေ့ဘက်ကနေ အနောက်ဘက် ဘင်္ဂလားပင်လယ်အော်နဲ့ ချိတ်ဆက်ထားပြီး စိုက်ပျိုးမြေဩဇာတွေက အလိုအလျောက်ဖြစ်ထွန်းပေးနေပါတယ်။ရေချိုချောင်းမကြီးတွေဟာ ရက္ခိုင်ပြည်အတွင်း ဖြတ်သန်းရင်း ဘင်္ဂလားပင်လယ်နဲ့ချိတ်ဆက်ချိန်မှာ ရေငံအဖြစ် ပြောင်းလဲနေတဲ့ ရေချိုတစ်ဝက်၊ ရေငံတစ်ဝက် နေရာအများစုဟာ ပင်လယ်ပြင်မှာရှိနေတဲ့ ရေနေသတ္တဝါတွေကို သားဥချနိုင်ဖို့ သဘာဝက အလိုအလျောက်ဖန်တီးထားတဲ့ ဗိမာန်ကြီးတစ်ခုပါဘဲ။

နှစ်ဆယ့်တစ်ရာစု စီးပွားရေးမှာ ကမ္ဘာကြီးကို ဈေးကွက်ရှာဖွေကုန်သွယ်ဖို့ အကောင်းဆုံးလမ်းကြောင်းဖြစ်တဲ့ သမုဒ္ဒရာထွက်ပေါက်ကို ပိုင်ဆိုင်ထားပြီး သဘာဝကဖန်တီးထားတဲ့ တန်ချိန်ငါးသိန်းဆန့်တဲ့ သင်ဘောတွေ ဝင်ရောက်နိုင်တဲ့ ဆိပ်ကမ်းနေရာတွေဟာ ရက္ခိုင်ပြည်အတွင်းနေထိုင်ကြတဲ့ လူဦးရေသန်းသုံးဆယ်အတွက် ချမ်းသာကြွယ်ဝလို့ရနိုင်တဲ့ သဘာဝနဲ့ သယံဇာတတွေဖြစ်ပါတယ်။

တစ်ဖက်မှာ ကာလတိုအတွင်း အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာနေပြီး လူဦးရေသန်းတစ်ထောင်ကျော်ရှိနေတဲ့ တရုတ်နိုင်ငံရဲ့ သမုဒ္ဒရာထွက်ပေါက်အတွက် မျက်စိကျနေတဲ့ စီးပွားရေးစစ်ရေး ထွက်ပေါက်ဖြစ်နေပါတယ်။ အရှေ့မျှော်ဝါဒကို အကောင်အထည်ဖေါ်နေတဲ့ တရုတ်ပြိုင်ဘက် အိန္ဒိယရဲ့ စိန်လည်ဆွဲစီမံကိန်းကြီးဟာလည်း အိန္ဒိယနိုင်ငံရဲ့ သမုဒ္ဒရာစိုးမိုးရေးနဲ့ အိန္ဒိယတိုက်လုံခြုံရေးအတွက် ရက္ခိုင်ပြည်ဟာ မဟာဗျူဟာမြောက်နေရာ ဖြစ်ပါတယ်။ တရုတ်ရဲ့ စင်္ကြံလမ်းလို့ လူသိများတဲ့ ပိုးလမ်းမစီမံကိန်းနဲ့ အိန္ဒီယရဲ့ စီးပွားရေး၊ စစ်ရေး၊ မဟာဗျူဟာ နေရာထဲမှာ ရက္ခိုင်ပြည်ဟာ အရေးကြီးတဲ့အခန်းကဏ္ဌက ပါဝင်နေပါတယ်။

ရက္ခိုင်ပြည်ရဲ့ လက်ရှိအခြေအနေ

ဗမာအင်ပါယာအောက်မှာ နှစ်ပေါင်းနှစ်ရာကျော် ကျရှုံးနေခဲ့တဲ့ ရက္ခိုင်ပြည်ဟာ ဆင်းရဲမွဲတေခြင်း၊ လူမှုရေး ဘာသာရေး ပဋိပက္ခဖန်တီးခံရခြင်း၊ သယံဇာတပေါင်းများစွာကို ထုတ်ယူရောင်းချခံနေရခြင်း၊ အလုပ်အကိုင်နဲ့ ဈေးကွက်မရှိခြင်းတွေကြောင့် အရွယ်ရောက်တဲ့ အမျိုးသား၊အမျိုးသမီးအများစုဟာ ပြည်ပစွန့်ခွာနေကြပြီး လူ့အရင်းအမြစ်တောင် ရှားပါးသထက် ရှားပါးလာနေတာကိုပါ ကြုံတွေ့နေကြရပါတယ်။ ရှိသမျှသယံဇာတကို လက်ဝါးကြီးအုပ် ဂုတ်သွေးစုတ်ယူနေတဲ့ မြန်မာပြည်ထောင်စုအစိုးရရဲ့ ဖန်တီးမှု ခွဲခြားဆက်ဆံမှုအောက်မှာ ရက္ခိုင်ပြည်ဟာ နိုင်ငံရဲ့အဆင်းရဲဆုံးထိ နေရာယူထားနေဆဲဖြစ်ပါတယ်။ ရက္ခိုင်အပြည်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘီလီယံများစွာ ရှိနေပေမယ့် ရက္ခိုင်ပြည်သူလူထုဟာ မည်သည့်အကျိုးခံစားခွင့်မှ မရှိတဲ့အပြင် အလုပ်အကိုင်အခွင့်အလမ်းလေးတောင် မရနိုင်ဘဲ ပြည်ပစွန့်ခွာမှုဟာ နှစ်စဉ်တိုးလာနေတာကိုသာ တွေ့နေရပါတယ်။

ရက္ခိုင်ရဲ့ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေကို ပြန်လည်ရယူနိုင်ဖို့ နိုင်ငံရေးအရ လမ်းကြောင်းဖွင့်လေ့မရှိတဲ့ မြန်မာနိုင်ငံအစိုးရအဆက်ဆက်(ဗမာအင်ပါယာ)အောက်ကနေ ရုန်းထွက်နိုင်ဖို့နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝရရှိရေး (ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်)အတွက် လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ပြီး (၂၀၀၉)ခုနှစ်က ကချင်ပြည်မှာ စတင်တည်ထောင်ခဲ့တဲ့ ရက္ခိုင်တပ်တော်(AA)ဟာ (၂၀၁၅)မှာ ရက္ခိုင်ပြည်ထဲကို ဝင်ရောက်ခဲ့ပါတယ်။

(၂၀၁၉)မှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ဟာ တိုက်ပွဲများစတင်ပြင်းထန်ခဲ့ကြပြီး ရက္ခိုင့်တပ်တော်ဘက်က ရက္ခိုင်ပြည်ကို ကွန်ဖက်ဒရိတ်အဆင့်ရလိုကြောင်း ကြွေးကြော်ကာ ရက္ခိုင်လူထုရဲ့ ဝန်းရံထောက်ခံမှုကို အပြည့်အဝရရှိထားပါတယ်။ ရက္ခိုင့်တပ်တော်ဟာ (၂၀၂၀)မှာ ရက္ခိုင်တစ်ပြည်လုံးနီးပါးကို ဩဇာတည်ဆောက်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ရက္ခိုင့်တပ်တော်ဟာ (၂၀၂၀)မှာ အုပ်ချုပ်ရေးကို စတင်ကိုင်တွယ်လာခဲ့ပြီး တရားစီရင်ရေးနဲ့ အခုဆိုရင် အခွန်ကဏ္ဌတွေကိုပါ ကိုင်တွယ်ထားတာကို တွေ့ရပါတယ်။

သို့သော်လည်း အခိုင်အမာနေရာယူထားတဲ့ မြန်မာစစ်တပ်ဟာ ရက္ခိုင်ပြည်အတွင်း နေရာစုံမှာရှိနေဆဲဖြစ်ပြီး ရက္ခိုင့်တပ်တော်ဟာ အပြည့်အဝအုပ်ချုပ်လို့မရသေးသလို ကိုယ်တိုင်သိမ်းပစ်ထားတဲ့နေရာလည်း မရှိသေးပါဘူး။ သို့သော်လည်း လူထုထောက်ခံမှုကို အပြည့်အဝရရှိထားပြီး ဩဇာတည်ဆောက်ထားနိုင်တာကြောင့် တရားစီရင်ရေးယန္တရားကြီးဟာ ကောင်းစွာလည်ပတ်နိုင်တာကိုတွေ့ရပါတယ်။ ရက္ခိုင့်တပ်တော်ရဲ့ တရားစီရင်ရေးယန္တရား လုပ်ဆောင်လာပြီးတဲ့အချိန်ကစပြီး မြန်မာအစိုးရရဲ့ တရားစီရင်ရေးလုပ်ငန်းဟာ မြို့နယ်အများစုမှာ ပျောက်ကွယ်လုနီးပါး၊ ပျက်သုန်းလုနီးပါးအထိ လူထုထောက်ခံမှုကို ရရှိထားကိုတွေ့ရပါတယ်။

မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ဟာ (၂၀၂၀) နိုဝင်ဘာလ(၁၂)ရက်နေ့မှာ အပစ်အခတ်ရပ်စဲခဲ့ကြပြီး (၂၀၂၁)နိုဝင်ဘာလ (၉)ရက်နေ့မှာ တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်။ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ဟာ (၂၀၂၂)ခုနှစ်အတွင်း နှစ်ဖက်အပြန်အလှန်ဖမ်းဆီးတာတွေကို လုပ်ဆောင်ခဲ့ကြပြီး စစ်ကောင်စီဘက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ အရပ်သားတွေကို ဖမ်းဆီးတာတွေကို ဖိအားပေးလုပ်ဆောင်လာခဲ့သလို ရက္ခိုင့်တပ်တော်ဘက်ကလည်း အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်၊ မောင်တောနယ်စပ်က စစ်ကောင်စီရဲ့ စစ်စခန်းပေါင်းလေးဆယ်ကျော်ကို ချေမှုန်းပြီး နယ်မြေတွေကိုသိမ်းပစ်ခဲ့နိုင်ပါတယ်။

စစ်ကောင်စီဘက်က လူထုကိုဖိအားပေးတဲ့စစ်ဆင်ရေးကို ပြုလုပ်လာခဲ့ပြီး လူထုစားနပ်ရိက္ခာပိတ်ဆို့တာတွေ၊ ကုန်းလမ်းရေလမ်းပိတ်ဆို့တာတွေ စတဲ့ လူထုဗဟိုပြုဖြတ်တောက်ရေးဗျူဟာကို အသုံးချလာခဲ့ပြီးတဲ့နောက် (၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၂၄)ရက်နေ့မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲခြင်းကို အလွတ်သဘောပြုလုပ်ခဲ့ကြကြောင်း နှစ်ဘက်တပ်တွေ ထုတ်ပြန်ခဲ့ပါတယ်။

ရက္ခိုင်ပြည်အတွင်းက ဂုတ်သွေးစုတ်နေတဲ့ စီမံကိန်းများ

ရက္ခိုင်ပြည်အတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ များစွာရှိနေတဲ့ နေရာဖြစ်ပါတယ်။ ထင်ရှားတဲ့ စီမံကိန်းတွေကတော့ ကုလားတန်ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ကျောက်ဖြူရေနံတင်ဆိပ်ကမ်းစီမံကိန်းနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ နေပူတောင် မာဖယ်အလှဆင်ကျောက်ထုတ်လုပ်ရေးစီမံကိန်း၊ အခုကျောက်ဖြူမြို့နယ်မှာ တည်ဆောက်နေတဲ့ လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း စတဲ့စီမံကိန်းတွေအပြင် အခုတရုတ်နိုင်ငံက တည်ဆောက်မဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းတွေ ဖြစ်ပါတယ်။

ဒီစီမံကိန်းတွေကိုပြန်ကြည့်ရင် ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိမယ့် စီမံကိန်းတွေ မဟုတ်ဘူးဆိုတာတော့ လူတိုင်းသိပြီးဖြစ်ပါတယ်။ ဒီစီမံကိန်းတွေရဲ့ အကျိုးခံစားခွင့်ကို နိုင်ငံရေးအရ ဆုံးဖြတ်ပိုင်ခွင့်ကို ရရှိနိုင်မှသာ ရနိုင်မှာဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရဟာ ရက္ခိုင်ပြည်က နိုင်ငံခြားဝင်ငွေ များစွာရရှိနိုင်တဲ့ သယံဇာတထုတ်ယူတဲ့စီမံကိန်းတွေကို ပိုင်ဆိုင်ထားပါတယ်။ အထူးသဖြင့် ရက္ခိုင်ပြည်က သဘာဝဓာတ်ငွေ့ရောင်းချနေတဲ့ ဝင်ငွေဟာ လက်ရှိစစ်ကောင်စီကိုလည်း အများကြီးအထောက်အပံ့ပြုနေတာပါ။

မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့ရောင်းချမှုဟာ ပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်ငွေအများဆုံးဖြစ်ပြီး (၂၀၂၀)ခုနှစ်က တင်ပို့ရောင်းချမှုဟာ အမေရိကန်ဒေါ်လာ (၃ ဒသမ ၃)ဘီလီယံထိ ရှိခဲ့ပါတယ်။ လက်ရှိရောင်းချနေတဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လေးခုမှာ ရက္ခိုင်ကမ်းလွန်ဓာတ်ငွေ့ ထုတ်လုပ်မှုဟာ တစ်ခုချင်းအလိုက် အများဆုံးဖြစ်ပြီး တစ်ရက်ကို ကုဗပေသန်းပေါင်း(၅၄၀)ထိ ထုတ်ယူရောင်းချနေတာဖြစ်ပါတယ်။ တနင်္သာရီတိုင်းက ထုတ်ယူနေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ (၂၀၂၅)ခုနှစ်လောက်မှာ ရပ်ဆိုင်းရမယ်လို့ Chevron နဲ့ Total က ခန့်မှန်းထားပါတယ်။

ရက္ခိုင်ကမ်းလွန်က လုပ်ကွက်တွေအတွင်း လက်ရှိထုတ်ယူရောင်းချနေတဲ့ (A-1 နဲ့ A-3)လုပ်ကွက်အတွင်း လုပ်ငန်းတိုးချဲ့ဖို့အတွက် အမေရိကန်ဒေါ်လာ (၄၇၃)သန်း လျာထားကြောင်း POSCO က ကြေညာထားပါတယ်။ ဒါကိုကြည့်ရင် လက်ရှိလုပ်ကွက်တစ်ခုတည်းအတွင်း နိုင်ငံခြားဝင်ငွေများစွာကို ရရှိနေတာဖြစ်ပါတယ်။ POSCO ဟာ (၂၀၂၁)ခုနှစ် ပထမသုံးလအတွင်း နေ့စဉ်သဘာဝဓာတ်ငွေ့ကုဗပေသန်း (၅၇၀) ရောင်းချခြင်းက ရရှိတဲ့အမြတ်ငွေစုစုပေါင်း ကိုးရီးယားဝမ် (၃၀ ဒသမ ၄)ဘီလီယံနဲ့ ဒုတိယမှာ ကုဗပေသန်း(၅၂၀) ရောင်းချမှုအတွက် ကိုးရီးယားဝမ် (၃၇ ဒသမ ၇)ဘီလီယံထိ ရရှိခဲ့ကြောင်း ဖေါ်ပြထားတာကို တွေ့ရပါတယ်။

ရက္ခိုင်ပြည်အတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်အဖြစ် ရက္ခိုင်ပြည်တောင်ပိုင်းမှာ နောက်ထပ်စမ်းသပ် ရှာဖွေထားတဲ့ (A-6- နဲ့ A-7)ကို Woodside မှ ဦးဆောင်ပြုလုပ်ကာ တနင်္သာရီမှာ အဓိကတူးဖေါ်နေတဲ့ Total နဲ့ Shell တို့က အစုရှယ်ယာရှင်အဖြစ် ပါဝင်နေတာကိုတွေ့ရပါတယ်။ ဒါဟာ ရက္ခိုင်ပြည်အတွင်းက သဘာဝဓာတ်ငွေ့သိုက်တွေကို အပြောင်ရှင်းဖို့ဖြစ်ပြီး ရက္ခိုင်လူထုအတွက် ဘာအကျိုးခံစားခွင့်မှ ရှိနေမှာမဟုတ်သေးပါဘူး။

အခုတည်ဆောက်မယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းဟာ အမေရိကန်ဒေါ်လာ ခုနှစ်ဘီလီယံ ကုန်ကျမှာဖြစ်ပြီး စီမံကိန်းကာလ နှစ်ပေါင်းခုနှစ်ဆယ် ကြာမြင့်မှာဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ တရုတ်နိုင်ငံက အစုရှယ်ယာ ခုနှစ်ဆယ်ရာခိုင်နှုန်းပါဝင်ပြီး မြန်မာကတော့ သုံးဆယ်ရာခိုင်နှုန်းပါဝင်မှာ ဖြစ်ပါတယ်။ အပြီးသတ် သဘောတူညီမှုစာချုပ်ကို NLD အစိုးရလက်ထက်မှာ လုပ်ဆောင်ခဲ့ပြီး လက်ရှိစစ်ကောင်စီလက်ထက်မှာ အကောင်အထည်ဖေါ်လုပ်ဆောင်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

အခုစစ်ကောင်စီလက်ထက်မှာ NLD အစိုးရလက်ထက်က ရပ်တန့်ထားခဲ့တဲ့ နေပူတောင်စီမံကိန်းကို အကောင်အထည်ဖေါ်လုပ်ဆောင်ဖို့ ပြန်လည်ပြင်ဆင်လာခဲ့တာကိုတွေ့ရပါတယ်။ နေပူတောင်စီမံကိန်း မာဖယ်အလှဆင်ကျောက်လုပ်ငန်းကို ဗီယက်နန်နိုင်ငံ SIMCO Song Joint Stock Company က ရရှိခဲ့ပြီး စာချုပ်သက်တမ်းမှာ (၂၀၃၂)အထိ လုပ်ဆောင်မှာဖြစ်ပါတယ်။ စုစုပေါင်း မာဖယ်ကျောက်ဧရိယာမှာ (၅၈၇ ဒသမ ၅၂)ဧက ဖြစ်ပါတယ်။

ဒါဟာအလွန်တန်ဖိုးမြင့်တဲ့ စီမံကိန်းဖြစ်ပြီး ခရီးသွားလုပ်ငန်းတွေအတွက် လေ့လာကြည်ရှု့စရာ ကမ္ဘာ့ရှားပါး ရတနာသိုက်ကြီး ဖြစ်ပါတယ်။ ဒီစီမံကိန်းက ရက္ခိုင်လူထုအတွက် ဘာအကျိုးခံစားခွင့်မှမရှိသလို ဒေသခံတွေ ဆန့်ကျင်ခဲ့ကြပေမယ့် ဘာထူးခြားမှုမှမရှိခဲ့သလို အခုအချိန်မှာ ပြန်လည်ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

NLD အစိုးရလက်ထက် သဘောတူခဲ့တဲ့ နောက်ထပ်စီမံကိန်းပေါင်းများစွာ ထပ်မံပြုလုပ်ဖို့ ကျန်ရှိနေသေးသလို ဒီစီမံကိန်းတွေကနေ ရက္ခိုင်လူထုအတွက် အကျိုးအမြတ်ရလာနိုင်ဖို့ လမ်းစမမြင်ရသေးပါဘူး။ ရက္ခိုင်လူထုရဲ့ သဘောထားဆန္ဒမပါတဲ့ စီမံကိန်းတွေဟာ ရက္ခိုင်လူထုအတွက် ကျိန်စာသင့်နေဆဲဖြစ်ပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းကနေ ရုန်းမထွက်နိုင်သရွှေ့ သယံဇာတနဲ့စီမံကိန်းကျိန်စာသင့်နေအုံးမှာဖြစ်ပါတယ်။

မောင်ခိုင်ထွန်း(ပြည်သစ်)-ရေးသည်