အတိတ်က ရခိုင့်နိုင်ငံတော်နှင့် ပစ္စုပ္ပန် ရခိုင်တို့၏အိမ်မက်
ရခိုင်ဘုရင်များ အထွဋ်အထိပ်ရောက် အုပ်စိုးခဲ့စဉ်ကာလ အေဒီ ၁၅ ရာစုမှ ၁၇ ရာစုအတွင်း ရခိုင်ပြည်၏ အကျယ်အဝန်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသနှင့် အိန္ဒိယနိုင်ငံ တြိပူရဒေသများကိုပါ လက်အောက်ခံအဖြစ် သိမ်းသွင်းထားခဲ့သည်။
11 Aug 2020
မင်းထီး ရေးသားသည်
“ရခိုင့်သယံဇာတ ရေမြေကို ရခိုင်တို့ပိုင်သည်၊ ရခိုင်တို့စီမံမည်၊ ရခိုင်တို့ဆုံးဖြတ်မည်” “ရခိုင့်သယံဇာတဖြင့် ရခိုင်ပြည်ကို တိုးတက်စေရမည်”
ထိုတောင်းဆိုသံများသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင်ပြုလုပ်ခဲ့သည့် ရခိုင်ပြည် ရခိုင့်သယံဇာတ စီမံခန့်ခွဲ ပိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ရရှိရေးအတွက် ရခိုင်လူထုဆန္ဒဖေါ်ထုတ်ပွဲမှ အသံများဖြစ်သည်။
ထောင်ပေါင်းများစွာသော ရခိုင်ပြည်သူလူထုတို့သည် ရခိုင်ပြည်နယ်မြို့တော်စစ်တွေမှ ရခိုင့်သယံဇာတများကို အုံလိုက်ကျင်းလိုက် ထုတ်ယူရောင်းချနေသည့် သယံဇာတမြို့တော်ကျောက်ဖြူအထိ လမ်းပေါ်တက်ပြီး ခရီးရှည် လမ်းလျှောက်ချီတက်ခဲ့ကြသည်။
ထိုသို့ချီတက်ရာ၌ ရခိုင်အောင်လံများ၊ ရခိုင်ပြည်နယ်အလံတို့ကို ကိုင်ဆောင်ကာ စစ်တွေ-ကျောက်ဖြူ လမ်းတစ်လျှောက်ရှိ ရပ်ရွာတိုင်းမှ ကြိုဆိုပူးပေါင်းခြင်း၊ စားသောက်ရေးကိစ္စများ အချိုရည်အစ ရေသန့်ဘူးအဆုံး ကူညီပေးကြခြင်း၊ ရိုးရာမုန့်များပြုလုပ်ကျွေးမွေးခြင်း နည်းမျိုးစုံဖြင့် ပူးပေါင်းပါဝင်ကြသည်ကို တွေ့ရသည်။
လူထုဆန္ဒထုတ်ဖော်ပွဲတွင် ရခိုင်နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ရဟန်းသံဃာများဦးဆောင်ဝန်းရံခဲ့ကြပြီး ဒီမိုကရေစီအရေးတော်ပုံ ကာလကိုပယ်လိုက်လျှင် မြန်မာနိုင်ငံအတွင်း အကြီးမားဆုံး သယံဇာတ၊ စီမံခန့်ခွဲ ပိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်အတွက် တရားဝင်တောင်းဆိုခဲ့သည့် နိုင်ငံရေးလှုပ်ရှားမှုကြီး ဖြစ်ပေသည်။
ရွှေဂက်စ် မြို့တော် ကျောက်ဖြူမြို့မှာလည်း လူပေါင်းသုံးသောင်းခန့် ဝန်းရံပူးပေါင်းကြပြီး ရခိုင်လူထု သယံဇာတရပိုင်ခွင့် လူထုလှုပ်ရှားမှုခရီးစဉ် ပြီးဆုံးခဲ့သည်။
ရခိုင်လူထုသည် သယံဇာတတောင်းဆိုလှုပ်ရှားမှု အရေးတော်ပုံကြီးကို ဘာကြောင့်ပြုလုပ်တောင်းဆိုကြရ ပါသလဲ။ ဘာကြောင့် ရခိုင်လူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြပါသလဲ။ မြန်မာနိုင်ငံအတွင်း တခြား တိုင်းရင်းသားဒေသများတွင် မတွေ့ရဘဲ သည်ထူးခြားသည့်လှုပ်ရှားမှုကို ရခိုင်မှာ ဘာကြောင့်ပြုလုပ်ခဲ့ကြ သလဲ။ သည်အကြောင်းအရာများကိုပြောမည်ဆိုလျှင် ရခိုင်လူမျိုး၊ ရခိုင်ပြည်နယ်သည် ဘာလဲ၊ ဘယ်လဲ ဆိုသည်ကို အရင်ဦးဆုံး သိထားရန်လိုအပ်ပေလိမ့်မည်။
ရခိုင်သည် ဘာလဲ (?)
အတိတ်သမိုင်းထဲမှ ရခိုင်နှင့် လက်ရှိရခိုင်တို့၏ အခြေအနေကို နှိုင်းယှဉ်လေ့လာကြည့်ကြရမည်။
ရခိုင်ပြည်နယ်၏ ပထဝီအနေအထား
ရခိုင်ပြည်နယ်သည် သယံဇာတပေါကြွယ်ဝပြီး အရှေ့ဘက်တွင် ကျယ်ပြန့်ထူထပ်သော ရခိုင်ရိုးမ တောင်တန်းကြီးက ရခိုင်တို့၏သဘာဝဘေးအန္တရာယ်ကို ကာရံထားပြီး ရခိုင်ပြည်၏ သဘာဝအရ ပေးထားသော သမိုင်းနယ်မြေဖြစ်ပါတယ်။
ကြီးမားကျယ်ပြန့်သော ရခိုင်ရိုးမတောင်ကြီးကိုမြစ်ဖျားခံကာ အနောက်ဘက်သို့စီဆင်းနေသော ရေချို ချောင်းကြီးများက ရခိုင်လူထုအတွက်လိုအပ်သော ခရီးသွားလုပ်ငန်းများ၊ ကုန်တင်ကုန်ချလုပ်ငန်းများ၊ နွေရာသီစိုက်ခင်းများအတွက် သဘာဝပေးထားချက် ပထဝီအနေအထားမှာ အလွန်လှပပေသည်။
အနောက်ဘက်တစ်လျှောက် ဘင်္ဂလားပင်လယ်အော်က ကာရံထားကာ တောင်နှင့်မြောက်ကို သွယ်လျှသော ကောက်ကြောင်းမြေပြင်ပုံသဏ္ဍန်ဖြင့် လှပရှည်လျားပြီး ညီညာသောကမ်းခြေများ၊ ရေနက်ဆိပ်ကမ်း တည်ဆောက်နိုင်သော ကမ်းခြေနေရာများက နိုင်ငံခြားခရီးသွားလုပ်ငန်းများနှင့် ကမ္ဘာ့ ကုန်သွယ်ရေးလုပ်ငန်းများကို စီးကြိုနေလေသည်။
ရခိုင့်ပြည်နယ်သည် ပင်လယ်ပြင်ကြီးကိုပိုင်ဆိုင်ထားပြီး ရေငံပင်လယ်ထွက်ကုန်များ၊ ရေနံနှင့်ဂစ်ကဲ့သို့သော ရခိုင်တစ်မျိုးသားလုံးအတွက် ချမ်းသာဖွံ့ဖြိုးနိုင်သည့် အဖိုးတန်သယံဇာတများ၊ သစ်တောထွက်သယံဇာတများ၊ တိုက်တက်နီယံကဲ့သို့သော ကမ္ဘာ့ရှားပါးသယံဇာတများ၊ ကြီးမားကျယ်ပြန့်သော တောင်တန်းကြီး များကို မြစ်ဖျားခံကာစီဆင်းနေသော ရေချိုချောင်းကြီးများကို ပိုင်ဆိုင်သောကြောင့် ကြီးမားကျယ်ပြန့်သော ရေကာတာလျှပ်စစ်လုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် ပထဝီအားဖြင့်အလွန်ကောင်းမွန်သော မြေနေရာ များစွာကိုလည်း ပိုင်ဆိုင်ထားသည်။
ရခိုင်ပြည်နယ်သည် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၀ မိနစ်နှင့် ၂၁ ဒီဂရီ ၃၀ မိနစ်အကြား၊ အရှေ့လောင်တီ တွတ် ၉၂ ဒီဂရီ ၁၀ မိနစ်နှင့် ၉၄ ဒီဂရီ ၂၀ မိနစ်အကြားတွင်တည်ရှိပြီး စတုရန်းမိုင်ပေါင်း ၁၄၂၀၀ ကျယ်ဝန်းသည်။
နယ်နိမိတ်အားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့နှင့် ဆက်စပ်နေသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ စုစုပေါင်းလူဦးရေ (၃၁၈၈၈၀၇)ဦးရှိသည်ဟု ဆိုသည်။
တစ်ချိန်က ရခိုင့်နိုင်ငံတော်
ရခိုင်ပြည်နယ်သည် တစ်ချိန်က ဘုရင့်နိုင်ငံတော်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့ပြီး ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦးခေတ် စသည့်ခေတ်အဆက်ဆက် ကိုယ်ပိုင်ဘုရင့်နိုင်ငံတော်နှင့် နေထိုင်လာခဲ့သည့် လူမျိုးဖြစ်သည်။
၁၇၈၄ ဗမာဘုရင်ထံတွင် စစ်ရှုံးပြီး ရခိုင်နိုင်ငံတော်ဆိတ်သုဉ်းနေခဲ့သည်။ ၁၉၄၈ ဗြိတိသျှဆီမှ လွပ်လပ်ရေးကို တခြားတိုင်းရင်းသားများနှင့်အတူ ရယူကာ မြန်မာနိုင်ငံတော်ဖြစ်လာခဲ့ပြီးနောက်ပိုင်း ၁၉၇၄ မှာ ရခိုင်သည် မြန်မာနိုင်ငံ၏ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ခံထားရခြင်းဖြစ်သည်။
မြောက်ဦးခေတ် ရခိုင်နိုင်ငံတော်သည် (၁၆)ရာစု (၁၇)ရာစုနှစ်များတွင် ကမ္ဘာ့ကုန်သွယ်ရေး ဆိပ်ကမ်း မြို့တော်။ ဒတ်ချ်နှင့် ပေါ်တူဂီတို့သည် အိန္ဒိယနှင့် အင်ဒိုနီးရှားဖြစ်လာမည့် ဂျာဘားကျွန်းများကြားက သင်္ဘောလမ်းကြောင်းမှာ မြောက်ဦးနှင့် အဓိကရောင်းဝယ်ကူးသန်းမှုများ လုပ်ဆောင်ခဲ့ကြသည်။
ဂျာဘားကိုအုပ်စိုးခဲ့သော အရှေ့အိန္ဒိယကုမ္ပဏီသည် ရခိုင်နိုင်ငံ၏မြို့တော် မြောက်ဦးမှာ အခြေချခဲ့သည်။ လက်ရှိအချိန်ထိ မြောက်ဦးမြို့ကိုလေ့လာကြည့်လျှင် ပေါ်တူဂီများစခန်းချနေထိုင်ခဲ့သော နေရာများကို တွေ့နိုင်ကာ ကြီးကျယ်ခန့်ငြားခဲ့သည်ဆိုသည်ကိုမူ မြောက်ဦးတွင်တည်ထားသည့် စေတီဘုရားများမှ လက်ရာများကို ကြည့်လျှင်သိနိုင်ပေသည်။
ဘင်္ဂါဆယ့်နှစ်မြို့ကို သိမ်းယူအုပ်ချုပ်ထားပြီး နေရာဒေသကို “ပြည်ထောင်” အလိုက် “လူမျိုး” အလိုက် အုပ်ချုပ်ခဲ့သည့် ပြည်ထောင်စုနိုင်ငံလည်း ဖြစ်သည်။ မှတ်တမ်းများအရ ထိုင်းလူမျိုးများနှင့် ဂျပန်ဆာမူရိုင်း များကပင် ရခိုင်ဘုရင်အား ခစားရသည်ဟုဆိုသည်။
အနန္ဒစန္ဒြားမင်းကျောက်စာကိုလေ့လာခြင်းဖြင့် ရခိုင်သမိုင်းသည် နှစ်ထောင်ချီကြခဲ့ပြီဆိုသည်ကို သိနိုင်ပြီး စန္ဒြားမင်းအဆက်ဆက်အသုံးပြုခဲ့သော ဒင်္ဂါးများကို အေဒီငါးရာစုမတိုင်ခင်ကတည်းက သုံးစွဲခဲ့သည်ဟု ပညာရှင်များက အတည်ပြုပြောဆိုကြသည်။
ရခိုင်ဘုရင်များ အထွဋ်အထိပ်ရောက် အုပ်စိုးခဲ့စဉ်ကာလ အေဒီ ၁၅ ရာစုမှ ၁၇ ရာစုအတွင်း ရခိုင်ပြည်၏ အကျယ်အဝန်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသနှင့် အိန္ဒိယနိုင်ငံ တြိပူရဒေသများကိုပါ လက်အောက်ခံအဖြစ် သိမ်းသွင်းထားခဲ့သည်။
၎င်းအချိန်က ရခိုင်နိုင်ငံတော်၏အကျယ်အဝန်းမှာ ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကမြို့တော်မှ ယခု မွန်ပြည်နယ်၊ မော်လမြိုင်ကမ်းခြောက်တစ်လျှောက်နှင့် ယခု ဧရာဝတီမော်တင်စွန်းထိကျယ်ဝန်းသည့် ကမ်းရိုးတန်းနိုင်ငံဖြစ်သည်။
ရခိုင်စာပေ
ရခိုင်စာပေဟာ(အေဒီ ၁ ရာစု)ကပင် စတင်ထွန်းကားခဲ့သည်ဟု သမိုင်းပညာရှင်များက ဆိုထားကြသည်။ ဓညဝတီမြို့ဟောင်းအနီး တောင်ပေါက်ကြီးကျောက်စာမှာ အသောကခေတ်ကအသုံးပြုခဲ့သော ဗြမ္မဏီ အရေးအသားကို အသုံးပြုရေးထိုးထားသည်ကို ကြည့်ခြင်းအားဖြင့် ဓညဝတီခေတ် ရခိုင်စာပေထွန်းကား ကျယ်ပြန့်မှုကို မြင်တွေ့နိုင်ပေသည်။ တစ်ခြားအေဒီ ၆ ရာစုမှာ ဂုတ္တပအက္ခရာဖြင့် ရေးထိုးခဲ့သော ဒေဓမ္မာ ကျောက်စာများစွာကိုလည်း တွေ့ရမည်ဖြစ်သည်။
ရခိုင်၏ အထင်ရှားဆုံးကျောက်စာဖြစ်သည့် အေဒီ(၇၂၉)မှာရေးတိုးထားသော အနန္ဒစန္ဒြမင်းကျောက်စာမှာ ဂါထာပေါင်း ၆၅ ဂါထာနှင့် ရခိုင်းမင်းဆက်များကို အစဉ်လိုက်ရေးထိုးမှတ်တမ်းတင်ထားခဲ့သည့် ကျောက်စာ မျိုးဖြစ်ကာ မြန်မာမှာသာမက အိန္ဒိယနိုင်ငံမှာပါ အစောဆုံးကျောက်စာဟုသိရသည်။
လေးမြို့ခေတ် (အေဒီ ၁၁ ရာစု ၁၅ ရာစု)တွေမှာ ကျောက်စာ အရေးအသားများသာမက ရတု၊ ကဗျာ၊ အလင်္ကာ အရေးအသားများပါ ထွန်းကားနေပြီဖြစ်ပေသည်။ (ဗျည်း ၃၃လုံး)မှာ လေးမြို့ခေတ်မှာ စတင် ပေါ်ထွန်းခဲ့သည်ဟု သမိုင်းပညာရှင်များကောက်ချက်ချ အတည်ပြုပြောဆိုကြသည်ကို တွေ့ရှိရသည်။
နောက်ထပ် အထင်ရှားဆုံးကျောက်စာများဖြစ်ကြသည့် လောင်းကြတ်တောင်မော်ကျောက်စာ၊ မဟာ မင်းထီးနဂါးရုပ်ကျောက်စာတို့မှာ အထင်ရှားဆုံးကျောက်စာများဖြစ်ပြီး လောင်းကြတ်တောင်မော် ကျောက်စာမှ အရှည်ပေ ၃၀ ရှိပြီး မြန်မာပြည်မှာ အကြီးဆုံးကျောက်စာဖြစ်ပေသည်။
မြောက်ဦးခေတ်မှာ ရေးစပ်ခဲ့ကြသည့် ဘဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်း၊ နန်းတွင်းမိညို၏ ကိုယ်ရည်သွေး ရတုနှင့် ဥက္ကာပျံ၏ ၁၂ လရာသီ ရတုတို့ ဖြစ်ကြသည်။ ရခိုင်စာပေများမှာ အေဒီ(၁၇၈၄) ရခိုင်နိုင်ငံကို ဗမာ ဘုရင်များ သိမ်းပြီးနောက်ပိုင်း တစ်စတစ်စ မှေးမှိန်လာရာကနေ အေဒီ (၁၈၂၄-၂၆)ခုနှစ် ဗြိတိသျှ လက်အောက်သို့ကျရောက်သောအချိန်မှစပြီး တစ်ဖြည်းဖြည်းမှေးမှိန်လာကာ ယခုအချိန်တွင် ပျောက်ကွယ်သည့်အဆင့်သို့ ရောက်နေပြီဖြစ်သည်။
လက်ရှိ ရခိုင်ပြည်ဆင်းရဲမွှဲတေမှု
၁၉၄၈ ဗြိတိသျှအစိုးရမှ ရခိုင်၊ ဗမာ၊ မွန်၊ ရှမ်း၊ ကယား၊ ကရင်၊ ချင်း၊ ကချင် စသည့် ကိုယ်ပိုင်နယ်မြေများကို ပေါင်းစည်းကာ လွပ်လပ်ရေးကိုရယူခဲ့ကြသည့်နောက်ပိုင်း မြန်မာနိုင်ငံကို စတင်မွေးဖွားလာခဲ့သည်။
လွတ်လပ်ရေးပေးခဲ့ပြီးသည့်နောက်ပိုင်း မြန်မာနိုင်ငံအတွင်းမှ ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေကို အနည်းငယ် တင်ပြပေးမည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းက ပြထားသည့် အချက်အလက်တချို့နှင့် ရခိုင် ပြည်နယ်၏ ဆင်းရဲမွဲတေမှုပြ ကိန်းဂဏန်းကို အောက်ပါအတိုင်းတွေ့ရပေသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်၏ လျှပ်စစ်ဓါတ်အားသုံးစွဲမှုမှာ ၃၀ မီဂါဝပ်ရှိပြီး တစ်နိုင်ငံလုံးရှိ လျှပ်စစ်ဓါတ်အားပမာဏ၏ (၁ ဒသမ ၈ ရာခိုင်နှုန်း)၊ ရေကောင်းရေသန့်ရရှိမှု (၃၇ ဒသမ ၇ ရာခိုင်နှုန်း)၊ အိမ်သာမရှိတာ (၆၂ ဒသမ ၉ ရာခိုင်နှုန်း)၊ ရေဒီယို (၃၀ ဒသမ ၉ ရာခိုင်နှုန်း)၊ တီဗွီ (၂၂ ဒသမ ၁ ရာခိုင်နှုန်း)၊ ကြိုးဖုန်း (၂ ဒသမ ၈ ရာခိုင်နှုန်း)၊ လက်ကိုင်ဖုန်း (၁၅ ဒသမ ၈ ရာခိုင်နှုန်း)၊ ကွန်ပျူတာ (၁ ဒသမ ၂ ရာခိုင်နှုန်း) နှင့် ဘာပစ္စည်းမှမရှိတာ (၅၅ ဒသမ ၂ ရာခိုင်နှုန်)ဆိုပြီး ကိန်းဂဏန်းအချက်အလက် အရ ဖေါ်ပြထားတာကိုတွေ့ရှိရပြီး မြန်မာနိုင်ငံ၏ (၂၀၁၅)ခုနှစ် ဆင်းရဲမွဲတေမှုစစ်တမ်းအရ ဒုတိယ အဆင်းရဲဆုံးပြည်နယ်အဖြစ်မှ အဆင်းရဲဆုံးပြည်နယ်တခုအဖြစ်သို့ ပြိုင်ဖက်မရှိ ရပ်တည်နေတာကို တွေ့ရ ပါတယ်။
ရခိုင်လူထုပိုင် သယံဇာတများ
စစ်အစိုးရလက်ထက် ရခိုင်ပင်လယ်ပြင်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့များကို ရှာဖွေခွင့်ပေးလိုက်ပြီးနောက် ရခိုင်ပြည်နယ်အတွင်း သဘာဝသယံဇာတများရှိနေသည့် နေရာများကိုသတ်မှတ်ခဲ့သည်။
လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်အတွင်း ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍမှာ လုပ်ကွက်ပေါင်း ၂၅ ကွက်၊ ကုန်းတွင်းလုပ်ကွက် (၂)ကွက်နှင့် ကမ်းလွန်လုပ်ကွက် (၂၃)ကွက်ရှိသည့်အနက် စစ်အစိုးရလက်ထက်မှသည် ဒီမိုကရေစီ အရပ်သားတစ်ပိုင်းအစိုးရ (ဦးသိန်းစိန်အစိုးရ) လက်ထက်အထိ ပြည်တွင်းပြည်ပ ကုမ္ပဏီများကို လုပ်ပိုင်ခွင့်များ အသီးသီးချထားပေးခဲ့သည်ကိုတွေ့ရသည်။
ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ကွက် (၂၅)ကွက်ထဲမှ စစ်အစိုးရလက်ထက်မှာ ရခိုင့်ကမ်းလွန် ပင်လယ် ပြင်၌ လုပ်ကွက်အမှတ် A-1, A-2, A-3, A-6, AD-1, AD-6, AD-7, AD-8 နှင့် ကုန်းတွင်းလုပ်ကွက်များ အဖြစ် လုပ်ကွက်အမှတ်(L)နှင့် (M)တို့ကို အသီးသီး တူးဖေါ်ထုတ်လုပ်ခွင့် ပေးထားခဲ့သည်။
ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃-၂၀၁၄ ခုနှစ်တွင် A-4, A-5, A-7, AD-2, AD-3, AD-5, AD-9, AD-10 နှင့် AD-11 တို့ကို ပြည်တွင်းပြည်ပကုမ္ပဏီများအား စမ်းသပ်ရှာဖွေတူးဖေါ်ထုတ်လုပ်ခွင့်များ ပေးထားခဲ့ပြီး ဖြစ်သည်။
၂၀၀၄ ခုနှစ်တွင် A3 နှင့် A1 လုပ်ကွက်၌ ကိုးရီးယားနိုင်ငံ ဒေဝူးအင်တာနယ်ရှင်နယ်ကုမ္ပဏီက ရွှေသဘာဝ ဓါတ်ငွေ့သိုက်ကြီးကိုရှာဖွေတွေ့ရှိခဲ့သည်။ စီမံကိန်း အစုရှယ်ယာရှင်များအဖြစ် ကိုးရီးယား ဒေဝူး အင်တာနယ်ရှင်နယ်ကုမ္ပဏီမှ ၅၁ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံမှ GAIL က (၈ ဒသမ ၅ ရာခိုင်နှုန်း)နှင့် ONGC က (၁၇ ရာခိုင်နှုန်း)၊ ကိုးရီးယားနိုင်ငံ KOGAS က (၈ ဒသမ ၅ ရာခိုင်နှုန်း)နှင့် မြန်မာအစိုးရပိုင် မြန်မာ့ ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း(MOGE)က (၁၅ ရာခိုင်နှုန်း)တို့ကို အသီးသီးရရှိကြသည်။
ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းမှာ ၂၀၀၉-၂၀၁၀ ခန့်မှစ၍ လယ်ယာမြေများ မတရားသိမ်းယူမှု၊ မမျှတသော မြေယာလျော်ကြေးပြဿနာများ၊ မြေယာလျော်ကြေးလုံးဝမရရှိဘဲ သိမ်းဆည်းခံရမှုများ၊ လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများကိုသာ ရခိုင်ဒေသခံပြည်သူများ ခံစားကြရသည်။ သယံဇာတထုတ်ယူရောင်းချခြင်းက ရရှိသည့်အခကြေးငွေများကိုမူ ရခိုင်ဒေသခံများ ယနေ့အထိ မခံစားကြရသေးသည့်အပြင် ရခိုင်ပြည်သူလူထု လိုလားသည့် သယံဇာတခွဲဝေမှု၊ ပိုင်ဆိုင်မှု ၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် ရောင်နီမှာလည်း ရခိုင်လူထုနဲ့ဝေးကွာနေဆဲဖြစ်သည်။
၂၀၁၅ မှာ ရခိုင့်တပ်တော်(AA) ရခိုင်ပြည်နယ်အတွင်းဝင်ရောက်လာပြီးနောက်ပိုင်း ရခိုင်လူထုဟာ ရခိုင် လူထုမျှော်လင့်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍတွေကို ဦးဆောင်နိုင်ဖို့ မျှော်လင့်လာကြ တာကိုတွေ့ရပြီး ဒီမိုကရေစီပြည်ထောင်စု နိုင်ငံရေးဟာ ရခိုင်လူထုနှလုံးသားကို ယုံကြည်ရလောက်သည့် နိုင်ငံရေးမဖြစ်နိုင်ဟု ယုံကြည်နေကြသည်ကို တွေ့ရသည်။
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု အများဆုံးရှိနေသည့် ရခိုင်ပြည်သည် သဘာဝသယံဇာတများစွာနှင့် ပင်လယ် ထွက်ပေါက်ကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် ကမ္ဘာ့ဈေးကွက်ကြီးကို ကုန်သွယ်ရောင်းဝယ်နိုင်သည့် ဆိပ်ကမ်း များစွာနှင့် တောတောင်သစ်တောကြီးများကိုပါ ရခိုင်ပြည်မှ ပိုင်ဆိုင်ထားပေသည်။
ရခိုင်ပြည်သည် လူဦးရေထူထပ်သည့်အိမ်နီးချင်းဈေးကွက်ကြီးကို ပိုင်ဆိုင်ထားပြီး တစ်ချိန်က ကိုယ်ပိုင် နိုင်ငံတော်နှင့် ယဉ်ကျေးမှုမြင့်မားပြီး ကမ္ဘာ့ကုန်သွယ်ရေးဆိပ်ကမ်းမြို့အဖြစ်လည်း ထင်ရှားကျော်ကြားခဲ့သည်။
လက်ရှိကာလတွင် အဆင်းရဲဆုံးနိုင်ငံထဲမှ အဆင်းရဲဆုံးပြည်နယ်တစ်ခုအဖြစ် ပြိုင်ဘက်မရှိ ရပ်တည်နေရ ခြင်းဟာ ရခိုင်လူထု၏ နှလုံးသားကိုနာကျင်စေပြီး တစ်ချိန်က ရခိုင့်နိုင်ငံတော်သည် ရခိုင်တို့အတွက် ပြန်လည်တမ်းတဖွယ် အိမ်မက်တစ်ခုဖြစ်လာပေသည်။