ကျောက်ဖြူတွင် စစ်ကောင်စီက မီးသတ်ဝန်ထမ်းများကို လုံခြုံရေးအဖြစ် အသုံးပြုနေ

ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ မီးသတ်ဝန်ထမ်းများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ လုံခြုံရေးတာဝန် ထမ်းဆောင်နေကြရပြီး မြို့အနီး စစ်ဆေးရေးဂိတ်များ၌ ကင်းစောင့်ခြင်း၊ စစ်ဆေးမေးမြန်းခြင်းတို့ကို လုပ်ဆောင်နေကြရသည်။ 

By Admin 17 Mar 2025

ပုံစာ - စစ်တွေမြို့ရှိ မီးသတ်တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၀ ခုနှစ်အတွင်းတွေ့ရစဉ်။
ပုံစာ - စစ်တွေမြို့ရှိ မီးသတ်တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၀ ခုနှစ်အတွင်းတွေ့ရစဉ်။

DMG ၊ မတ် ၁၇

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ မြို့ပေါ် လုံခြုံရေးနှင့်ပတ်သက်၍ မီးသတ်ဝန်ထမ်းများကို အသုံးပြုနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ 

ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ မီးသတ်ဝန်ထမ်းများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ လုံခြုံရေးတာဝန် ထမ်းဆောင်နေကြရပြီး မြို့အနီး စစ်ဆေးရေးဂိတ်များ၌ ကင်းစောင့်ခြင်း၊ စစ်ဆေးမေးမြန်းခြင်းတို့ကို လုပ်ဆောင်နေကြရသည်။ 

“အခုဆိုရင် ဂိတ်တွေမှာ မီးသတ်ဌာနက လူတွေကိုပါ အင်အားဖြည့်ထားတယ်။ တခါတလေ အရာရှိ အဆင့်ရှိတဲ့ မီးသတ်ဝန်ထမ်းတွေကိုလည်း တွေ့ရတယ်။ သူတို့လုပ်ရတဲ့ တာဝန်တွေကတော့ လူတွေလာရင် မေးလား စစ်လား လုပ်ရတယ်။ ကင်းစောင့်ရတယ်” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီကမြို့ပေါ်နှင့် မြို့အနီးပတ်ဝန်းကျင်တို့သာ ထိန်းချုပ်ထားနိုင်ပြီး ၎င်းတို့ထိန်းချုပ်ထားဆဲဖြစ်သည့် ငလပွေ့၊ ကျောက်တလုံး၊ ကင်းမွန်းတောင်နှင့် နှမ်းဖဲတောင်ကျေးရွာရှိ စစ်ဆေးရေးဂိတ်များတွင် မီးသတ်ဝန်ထမ်းများကို နေရာချပေးထားခြင်း ဖြစ်သည်။

စစ်ကောင်စီက စစ်ရေးနှင့်ဆက်စပ်သည့် ကိစ္စရပ်များတွင် မီးသတ်ဝန်ထမ်းများပါ အသုံးပြုလာခြင်းမှာ စစ်ကောင်စီအနေဖြင့် လုံခြုံရေးအင်အား လျော့နည်းလာခြင်းကြောင်းဟု ပြောဆိုမှုများရှိနေသည်။    

“ကျောက်ဖြူတိုက်ပွဲမှာ စစ်ကောင်စီက အသေအကြေ ခုခံနေရတယ်။ ရဲစခန်းနဲ့ စစ်တပ်ရင်း တွေမှာ ဆိုရင် ဘယ်သူမှ မကျန်တော့တဲ့အထိ ရှေ့တန်းကို ပို့ထားရလို့ အဲဒီ လုံခြုံရေးဂိတ်တွေမှာ မီးသတ်ကို အစားထိုးလာရတာဖြစ်တယ်။ အခုလက်ရှိတော့ မီးသတ်က လူတွေကို လက်နက်ပေးတာမျိုး မရှိသေး ပေမယ့် သူတို့ဟာ စစ်သားတွေ၊ ရဲတွေလိုမျိုး အလုပ် လုပ်နေရာတာဖြစ်တယ်” ဟု မီးသတ်ဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ခလရ (၃၄)၊ ခမရ (၅၄၂)၊ ခမရ (၅၄၃)၊ အမှတ် (၃၂) ရဲတပ်ရင်း၊ ဓညဝတီ ရေတပ်ဌာနချုပ်နှင့် တောင်မော်ကြီးရေတပ်ဌာနခွဲတို့ရှိပြီး ယင်းတပ်ရင်း ဌာနများမှ တပ်ဖွဲ့ဝင် များကို ရှေ့တန်းစစ်မျက်နှာသို့ အလုံးအရင်း ပို့ဆောင်ထားကြောင်း သိရသည်။

ဓညဝတီရေတပ်ဌာနချုပ်အနီး စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲမှာ ရက် ပေါင်း ၂၀ ကျော် ကြာမြင့်လာပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးရပ်လုံးအသုံးပြုတိုက်ခိုက်နေ ၍ နေ့စဉ်တိုက်ပွဲပြင်းထန်လျက်ရှိသည်။