- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်ကောင်စီ၏ အာဏာစက်ကွင်းထဲက ၁၁ မျဉ်းစောင်းများ ဘဝ
" ဒီမှာ စစ်ကောင်စီရဲ့ အမျိုးမျိုး ဖိနှိပ်တာခံရတာတော့ ဟုတ်တာပေါ့။ ကိုယ့်အိမ်ကိုလည်း တော်တော်လေး ပြန်ချင်တယ်။ ဒါပေမယ့် လေကြောင်းအန္တရာယ်ရှိနေတော့ ဒီမှာပဲ ဆက်နေရမယ့် အနေအထားပါ"
15 Jan 2025
အောင်မင်း - ရေးသည်။
“တိုက်ပွဲမှာ ပိတ်မိမှာစိုးလို့ ဒီကို ထွက်ပြေးခဲ့ပေမယ့် ဒီမှာလည်း အကျယ်ချုပ်ကျနေသလိုပါပဲ” ဟု ညည်းညူသံဖြင့် ထုတ်ပြောလာသူက အသက် ၃၀ အရွယ် ကိုကျော်ကျော် (အမည်လွှဲ)ဖြစ်သည်။
လုံခြုံမှုမရှိခြင်း၊ ဖမ်းဆီးခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ လုပ်ငန်းခွင်ကန့်သတ်ခံရခြင်းနှင့် အကူညီမရရှိခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းစသည့် အဆင်မပြေမှုများစွာဖြင့် နေထိုင်နေရသောအဖြစ်ကို ကိုကျော်ကျော်တစ်ယောက် ဖွင့်ဟနေခြင်းပင်။
ကိုကျော်ကျော်သည် မိသားစု (၄) ဦးနှင့်အတူ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် နေထိုင်နေသူဖြစ်သည်။ သူသည် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့မှ ဖြစ်သည်။
ဂွမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေချိန် ပြီးခဲ့သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှစ၍ နေရပ်စွန့်ခွာ တိမ်းရှောင်ကာ ရေကြည်မြို့နယ်၌ ခိုလှုံနေခြင်းဖြစ်သည်။
“အခု ကိုယ့်အိမ်က ထွက်လာတာ လေးလနီးပါးရှိသွားပြီ။ စားဝတ်နေရေးနဲ့ အလုပ်အကိုင်တွေ အခက်အခဲ တော်တော်ခံရတယ်” ဟု ကိုကျော်ကျော်က ပြောသည်။
ထို့သို့ အကျပ်အတည်းများစွာကို ကိုကျော်ကျော်တစ်ယောက်တည်း နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ကြုံတွေ့နေရခြင်းမဟုတ်ပေ။ ဧရာဝတီတိုင်းတွင် စစ်ဘေးရှောင်နေသည့် တောင်ကုတ်၊ သံတွဲနှင့် ဂွ မြို့နယ်တို့မှ သိန်းနှင့်ချီသည့် ရခိုင်ဒေသခံများလည်း အပါအဝင်ပင်။
၎င်းတို့သည် ဧရာဝတီတိုင်းရှိ ရေကြည်၊ ပုသိမ်၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ ချောင်းသာ၊ သာပေါင်း စသည့်မြို့နယ်များတွင် စစ်ဘေးတိမ်းရှောင်နေကြသည်။
လက်ရှိတွင် ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင်များမှာ ကူညီထောက်ပံ့မှု လုံးဝမရရှိသည့်အပြင် လုပ်ငန်းလုပ်ကိုင်ခွင့် ကန့်သတ်ခံရခြင်းနှင့် အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် အကျပ်အတည်များစွာနှင့် ကြုံတွေ့နေကြသည်။
“ကူမယ့်သူလည်း မရှိတော့ တချို့ဆို အလှူခံစားနေရတဲ့ အခြေအနေဖြစ်နေပြီ” ဟု ဂွမြို့မှ စစ်ဘေးရှောင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်မှစ၍ ပုသိမ်တွင် စစ်ဘေးရှောင်နေသည့် ရခိုင်ဒေသခံများကို စစ်ကောင်စီက ငါးဖမ်းခွင့်ပိတ်ပင်လိုက်သဖြင့် ရေလုပ်ငန်းလုပ်ကိုင်နေသည့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ရင်ဆိုင်နေရသည်။
လုပ်ငန်းခွင်များတွင်လည်း နိုင်ငံသားစိစစ်ရေးကဒ်ပြား ၁၁ မျဉ်းစောင်းမှတ်ပုံတင် ကိုင်ဆောင်ထားသည့် ရခိုင်ဒေသခံများမှာ အလုပ်မရသည်အထိ ခွဲခြားဆက်ဆံခံနေရသည်။
“ကြုံရာကျပန်း လုပ်ကြတဲ့သူတွေထဲမှာမှ အမျိုးသားတွေကိုဆိုရင် “ရခိုင်” လို့ အသံကြားတာနဲ့ ဘာအလုပ်မှ မပေး ကြတော့ဘူး။ အဲဒါတွေ ကြုံကြရတယ်” ဟု ကိုကျော်ကျော်က ဖွင့်ဟသည်။
ဧရာတီတိုင်းရောက် ရခိုင်စစ်ဘေးရှောင်များထဲတွင် အိမ်ငှားနေထိုင်သူများ၊ ဆွေမျိုးများအိမ်၌ နေထိုင်သူနှင့် အုန်းခြံများ၌ တဲထိုးနေထိုင်သူများလည်း ရှိနေသည်။
ထိုသို့ ခိုလှုံနေသူများကို စစ်ကောင်စီက အတင်းအဓမ္မဖိအားပေး နေရာပြောင်းရွှေ့ခိုင်းမှုကြောင့် ထောင်နှင့်ချီသည့် ရခိုင် စစ်ဘေးရှောင်များမှာ ထပ်မံအခက်ကြုံရပြန်သည်။
ပုသိမ်မြို့နယ်ရှိ ချောင်းသာ၊ ရွှေသောင်ယံမြို့တွင် ယာယီနေထိုင်နေသည့် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီက တစ်ပတ်အတွင်း အပြီးပြောင်းရွှေ့ကြရန် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်က အမိန့်ထုတ်ခဲ့သည်။
ယင်းနေရာများတွင် စစ်ဘေးရှောင်များနေထိုင်ပါက ကမ်းခြေဟိုတယ်ဇုန် ညစ်ညမ်းမှုနှင့် ခရီးသွားများအနှောင့်အယှက် ဖြစ်စေသည်ဟုဆိုကာ ဧရာဝတီတိုင်းဝန်ကြီးချုပ်က အမိန့်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ရေကြည်နှင့် ကျုံပျော်မြို့နယ်တို့တွင် ရောက်ရှိနေသည့် ရခိုင်စစ်ဘေးရှောင်များကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်မှစ၍ ဒီဇင်ဘာ ၂၅ ရက်အတွင်း နေရာရွှေ့ပြောင်းရန် စစ်ကောင်စီက ဖိအားပေးခဲ့သည်။ လက်ရှိတွင် နေရာရွှေ့ပြောင်းပေးလိုက်ရသည့် စစ်ဘေးရှောင်များမှာ ကျုံပျော်နှင့် ဟင်္သာတမြို့နယ်ဘက်သို့ ရွှေ့ပြောင်းနေကြသည်။
ဒေသတွင်း တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ လေကြောင်း၊ လက်နက်ကြီး အန္တရာယ်များကြောင့် လုံခြုံစိတ်ချမည်ဟု ယူဆသည့် နေရာသို့ တိမ်းရှောင်လာကြသော်လည်း စစ်ဘေးရှောင်များမှာ စစ်ကောင်စီ၏ ဖိနှိပ်မှုကြောင့် အခက်အခဲများစွာကို ရင်ဆိုင်နေရသည်။
“သူတို့က ပြောင်းပေးဆိုလည်း ပြောင်းပေးရတာပေါ့။ အဲလိုမှမဟုတ်ရင် အရေးယူခံရမယ်လေ။ အရေးယူခံရရင် ပိုပြီးတော့ ဒုက္ခရောက်မှာပေါ့” ဟု ရေကြည်မြို့နယ်မှ ပြောင်းရွှေ့ပေးခဲ့ရသည့် သံတွဲမြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီ ဒေါ်နုနု (အမည်လွှဲ)က ပြောသည်။
“ကျမတို့က ဒီဖက်မှာ အသိမိတ်ဆွေတွေ ရှိတော့ တော်သေးတယ်။ ပိုက်ဆံလည်း မရှိ၊ ဆွေမျိုးလည်း မရှိတဲ့သူတွေက အများကြီး ဒုက္ခရောက်ကြပါတယ်” ဟု ဒေါ်နုနုက ပြောပြသည်။
ဟင်္သာတမြို့နယ်ရှိ အသိမိတ်ဆွေ နေအိမ်တစ်ခုတွင် ခိုလှုံနေသော်လည်း အိမ်ငှားရမ်းနေထိုင်ရန် စီစဉ်ထားသည်ဟု သူက ဆက်လက်၍ပြောသည်။
သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စစ်ဘေးရှောင်များအပေါ် လူသားတစ်ယောက်၏ လွတ်လပ်စွာရွှေ့ပြောင်းနေထိုင်ခွင့်အား လေးစားလိုက်နာပြီး အဓမ္မပြောင်းရွှေ့ခိုင်းခြင်း မပြုလုပ်ရန် ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၂၅ ရက်တွင် တောင်းဆိုထားသည်။
“အဓိကတော့ စစ်ဘေးရှောင်တွေကို လူ့အခွင့်အရေးနဲ့ အညီ ရွှေ့ပြောင်းနေထိုင်ခွင့် ရှိတယ်ဆိုတာကို လက်ခံပေးဖို့နဲ့ အတင်းရွှေ့ပြောင်းခိုင်းတာမလုပ်ဖို့ကို အဲဒီက အာဏာပိုင်တွေကို တောင်းဆိုချင်ပါတယ်” ဟု ဂွမြို့နယ်စစ်ဘေးရှောင် ကူညီရေးပူးပေါင်းအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်အောင်လင်းက ပြောသည်။
ရွှေ့ပြောင်းပေးရမည့် စစ်ဘေးရှောင်များအတွက် စိတ်မကောင်းဖြစ်မိပြီး ၎င်းတို့အတွက် အတက်နိုင်ဆုံး ကြိုးစားကူညီသွားမည်ဖြစ်ကြောင်းလည်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းအပြင် ပုသိမ်၊ ငါးသိုင်းချောင်းမြို့သို့ ရွှေ့ပြောင်းလာသည့် ရခိုင်က စစ်ဘေးရှောင်များမှာ နေအိမ်ငှားရမ်းရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ငွေကြေးပေးဆောင်နေရသည်။
နေအိမ် ငှားရမ်းမည်ဆိုလျှင် ငှားရမ်းခအပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ငွေကျပ် ၅ သောင်းအထိပေးမှသာ ငှားရမ်းခွင့်ရကြောင်း စစ်ဘေးရှောင်များက ဆိုကြသည်။
“စားဖို့သောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေကြတာ တစ်ယောက်ကို ငါးသောင်းတောင်းလိုက်တော့ အကြွေးတင်ကြရုံပဲ ရှိမယ်။ အုပ်ချုပ်ရေးမှူးတွေအနေနဲ့လည်း ဒီလိုဖိနှိပ်မနေဘဲ စစ်ရှောင်တွေဘက်ကို နည်းနည်းလောက် ကြည့်ပေးသင့်တယ်” ဟု ဧရာဝတီတွင် စစ်ဘေးရှောင်နေသည့် သံတွဲဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ရေးပဋိပက္ခကြောင့် အိုးပစ်အိမ်ပစ် နေရပ်စွန့်ခွာထွက်ပြေးလာသူသည့် စစ်ဘေးရှောင်များကို ဖိနှိပ်ခြင်းထက် လူသားချင်း စာနာမှုအကူညီများသာပေးသင့်ကြောင်း လူမှုကူညီရေးလုပ်ဆောင်နေသူများက ပြောဆိုကြသည်။
“စစ်ဘေးရှောင်ဆိုတာက အသက်လုံခြုံရေးအတွက် စစ်ပွဲနဲ့ ဝေးရာမှာ ရှောင်နေကြတဲ့သူတွေဖြစ်တယ်။ အဲလူတွေကို ခွဲခြား ဆက်ဆံတာထက် နွေးထွေးကူညီမှုတွေပေးရမယ်။ လူသားဖြစ်တဲ့အတွက် လူသားတစ်ယောက် အပေါ်လေးစားရမယ်” ဟု ရခိုင်က လူမှုကူညီရေးလုပ်ဆောင်နေသူ စာရေးဆရာ ဝေဟင်အောင်က ပြောသည်။
ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင်များမှာ ဖိနှိပ်ခံရမှုအပြင် စစ်ကောင်စီ၏ အစစ်အဆေး တင်းကြပ်မှု၊ ဖမ်းဆီးမှုများကြောင့် စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့နေရသည်။
စစ်ဘေးရှောင်များ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများကို ဧည့်စာရင်း မကြာခဏ စစ်ဆေးခြင်း၊ အိမ်ထောင်စုစာရင်း တောင်းခြင်း၊ မိသားစုဓာတ်ပုံတောင်းခြင်းအပြင် တည်းခိုရာနေအိမ်များမှ ဒေသခံများကိုယ်တိုင် အာမခံပေးရသည်အထိ စစ်ဆေးမှုတင်းကြပ်နေခြင်းဖြစ်သည်။
ယင်းအပြင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးခံရလျှင် ခန္ဓာကိုယ်အနှံ့ ကသိကအောက် ဖြစ်စေသည့်အထိ စစ်ဆေးခံရမှုနှင့်အတူ ဖမ်းဆီးခံရမှုများရှိကြောင်း စစ်ဘေးရှောင်များက ဖွင့်ဟသည်။
ရခိုင်ဒေသတွင် AA က စစ်ရေးအောင်မြင်မှု ပိုမိုရရှိလာသည်နှင့်အမျှ စစ်ကောင်စီသည် ၎င်းတို့ ထိန်းချုပ်ရာ နေရာများရှိ ရခိုင်ဒေသခံများကို အကြောင်းအမျိုးမျိုးပြကာ ဖိနှိပ်ခြင်း၊ ဖမ်းဆီးခြင်းများကို ပို၍ လုပ်ဆောင်နေသည်။
“အခုက တပ်သားသစ် စုဆောင်းနေတာတွေရှိတော့ တချို့ ရခိုင်က စစ်ဘေးရှောင်တွေကိုဖမ်းပြီး စစ်မှုထမ်းခိုင်းတာတွေလည်း ကြားမိတယ်။ အဲဒါကြောင့် ကျနော်တို့လည်း တော်တော်အသွားအလာ ဆင်ခြင်နေရတယ်” ဟု ကိုကျော်ကျော်က ပြောသည်။
အာရက္ခတပ်တော် (AA) ၏ ဂွမြို့သိမ်းတိုက်ပွဲ စသည့် အချိန်မှစ၍ ဧရာဝတီတိုင်းတွင် စစ်ကောင်စီက စစ်ရေးပြင်ဆင်မှုနှင့်အတူ လုံခြုံရေးတင်းကြပ်မှု၊ ရခိုင်ဒေသခံများကို တင်းကြပ်စွာစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်၊ ညနေပိုင်းက ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာတွင် စစ်ဘေးရှောင်နေသည့် ဂွမြို့နယ်မှ ဒေသခံ ၁၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ရေကြည်၊ ငပုတောနှင့် ပုသိမ်မြို့နယ်တို့တွင် စစ်ဘေးရှောင်နေသည့် ရခိုင်ဒေသခံ ၄၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အာရက္ခတပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုကာ ရခိုင်ဒေသခံများကို စစ်ကောင်စီကဖမ်းဆီးနေခြင်းမှာ ရခိုင်လူမျိုးအပေါ် စိုးရိမ်ချက် မြင့်မားနေမှုကို ပြသနေခြင်းဟု စာရေးဆရာ ဝေဟင်အောင်က ပြောသည်။
“ရခိုင်လို့ အသံကြားတာနဲ့ အေအေဆိုပြီး တန်းစွပ်စွဲတာ။ ဒီစွပ်စွဲချက်တွေက အရင်ကတည်းကလည်း ရှိပါတယ်။ ရခိုင်လူမျိုးအပေါ် စိုးရိမ်ချက်က တော်တော်မြင့်တယ်လို့ ပြောလို့ရတယ်” ဟု သူက ဆိုသည်။
လက်ရှိတွင် AA သည် ရခိုင်ပြည်အတွင်းက ဂွ၊ တောင်ကုတ်၊ သံတွဲအပါအဝင် မြို့နယ်ပေါင်း ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ် ထားသည်။
သို့ဖြစ်၍ ကိုကျော်ကျော်အပါအဝင် ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင်များမှာ စစ်ကောင်စီ၏ အာဏာစက်ကွင်းထဲမှ ထွက်ပြေးလွတ်မြောက်လိုလျှင် လွတ်မြောက်နိုင်ပြီဖြစ်သည်။
AA ထိန်းချုပ်ရာ ဒေသများကို စစ်ကောင်စီသည် လေကြောင်းဖြင့် မကြာခဏ ဗုံးကြဲတိုက်ခိုက်နေသဖြင့် နေရပ်ပြန်ချင်သော်ငြား အသက်တစ်ချောင်းဆုံးရှုံးမည်ကို စိုးရိမ်ချက်ကြောင့် ဖိနှိပ်ခံရမှုဒဏ် အမျိုးမျိုးကြားတွင် ဆက်လက်နေထိုင်ရန် ကိုကျော်ကျော် တစ်ယောက် ဆုံးဖြတ်ထားသည်။
" ဒီမှာ စစ်ကောင်စီရဲ့ အမျိုးမျိုး ဖိနှိပ်တာခံရတာတော့ ဟုတ်တာပေါ့။ ကိုယ့်အိမ်ကိုလည်း တော်တော်လေး ပြန်ချင်တယ်။ ဒါပေမယ့် လေကြောင်းအန္တရာယ်ရှိနေတော့ ဒီမှာပဲ ဆက်နေရမယ့် အနေအထားပါ"
(မှတ်ချက် - ဤဆောင်းပါးတွင် ဧရာဝတီတိုင်းရောက် ရခိုင်ဒေသခံများ၏ အမည်ကို လုံခြုံရေးအရ အမည်ပြောင်းလွှဲ သုံးနှုန်းထားသည်။)