အပယ်ခံတွေရဲ့ သေဒဏ်

အမှုဖြစ်ပွားချိန်သည် ထိုင်းနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများနှင့် ထိုင်းစစ်တပ်မှ အာဏာသိမ်းချိန်ဖြစ်နေသည်။ သေဒဏ်အဖြစ် အမိန့်ချမှတ်လိုက်ချိန်တွင်လည်း ထိုင်းနိုင်ငံ၏ စီးပွားရေးမှာ ဇောက်ထိုးကျနေခြင်းများအပြင် ထိုင်းနိုင်ငံ၏ အရေးပါသော စီးပွားရေးတစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်းများအား မထိခိုက်စေရန်အတွက် မိမိတို့ထိုင်းလူမျိုးများသည် လူသတ်မှုကို ကျုးလွန်သူများ မဟုတ်ကြောင်းနှင့် နိုင်ငံခြားခရီးသွားများအနေဖြင့် စိုးရိမ်စရာ မလိုကြောင်းကို ပြသလိုသည့် သဘောကိုလည်း ဆောင်နေပေသည်။

06 Jan 2016

ဓာတ်ပုံ - ရိုက်တာ

Written by ဧကရာဇ် | DMG

“၂၄ ဒီဂရီ ထောင့်ကျဉ်းတြိဂံ

အမည်းရောင်သုပ်ထားသော လိပ်မင်းကြီးက

ကိုယ့်ဘက်ကို ယက်တဲ့အခါ

ရာသီပေါ် အဂန္တုများကို

သဘာဝနာရီ မြေဇာပင်အဖြစ်

ယစ်ပူဇော်ချနင်း ထိုးကျွေးကြတယ်”

အထက်ပါ ကဗျာကလေးသည် ထိုင်းနိုင်ငံတွင် သွားရောက်အလုပ် လုပ်ကိုင်နေသူ ကဗျာဆရာခိုင်ရိုးလ၏ လိပ်ကျွန်းလူသတ်မှုအပေါ်တွင် သူ့၏ခံစားချက်များကို ဖေ့စ်ဘုတ်ခ်ပေါ်တွင် ရေးသားခဲ့သည့် ကဗျာစာသားတစ်ချို့ပင်ဖြစ်သည်။

လက်ဦးကလေးချီလျက် ဦးထုပ်ဆောင်းထားသော လူငယ်နှစ်ဦးသည် အရာအားလုံးကို ရိုကျိုးလျက်ရှိနေသည်။ သူတို့သည် လွတ်မြောက်ခြင်းကို မျှော်လင့်နေကြ၏။ သူတို့သည် အမှန်တရားကို လိုလားကြလေ၏။ သူတို့နှင့်နည်းတူပင် ကမ္ဘာ့အသိုင်းအဝိုင်း၊ မြန်မာအသိုင်းကလည်း အမှန်တရားနှင့် လွတ်လပ်မှုကို လိုလားကြပေသည်။ ထိုမျှော်လင့်ချက်များ၏ သားကောင်ဖြစ်ခဲ့ရသူများမှာ တစ်ဝမ်းတစ်ခါးအတွက် ရွှေ့ပြောင်းလုပ်သားများအဖြစ် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေရရှာသော ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်မှ မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်း တို့ပင်ဖြစ်သည်။

၂၀၁၄ ခု စက်တင်ဘာလ ၁၄ ရက်နေ့ ညဉ့်အချိန်တွင် ထိုင်းနိုင်ငံ လိပ်ကျွန်း(ကော့တောင်)၌ ဗြိတိန်နိုင်ငံသား ဒေးဗစ်မီလာ(၂၄)နှစ်နှင့် ဟန်နာဝပ်သာရစ်(၂၃)တို့ အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားများဖြစ်သည့် မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့နှစ်ဦးအား တရားခံအဖြစ် ထိုင်းရဲများက ဖမ်းဆီးခဲ့သည်။ ထို့သို့ဖမ်း ဆီးမှုသည် တရားမျှတမှုမရှိဆိုသည့် အကြောင်းအရာများကို မီဒီယာများအပြင် လူ့အခွင့်အရေးအဖွဲ့များနှင့် အဖွဲ့အစည်းပေါင်းစုံမှ ထောက်ပြဝေဖန်မှုများကြောင့် လူငယ်နှစ်ဦး၏အမှုသည် ၂၀၁၄ ခုနှစ် စက်တင်ဘာလမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအထိ ကြာမြင့်ခဲ့ရသည်။

၂၀၁၅ ခုနှစ်ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဖေစ်ဘုတ်ခ်လူမှုကွန်ရက်ပေါ်တွင် အမှုစီရင်ချက်များနှင့်ပတ်သက်၍ တရားခံအဖြစ်စွပ်စွဲခံထားရသူ မြန်မာနှစ်ဦးအတွက် ဆုတောင်းပေးခဲ့ကြသည်။ လုံးဝလွတ်မြောက်လိမ့်မည်ဟုလည်း ယုံကြည်ခဲ့ကြသည်။ သို့သော် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကောစမွီတရားရုံးမှ ယင်းလူငယ်နှစ်ဦးအား သေဒဏ်ချမှတ်လိုက်သောအခါ မြန်မာပြည်သူများအနေဖြင့် မျက်ရည်သုတ်ခဲ့ကြရသည်။ ထိုင်းအပါအဝင် မြန်မာနှင့်ကမ္ဘာ့နိုင်ငံများမှပင် မြန်မာလူငယ်နှစ်ဦးမှာ ထိုင်းရဲများ၏ ဓားစာခံအဖြစ် ဆွဲထည့်ခြင်းခံရသည်ဟု ယုံကြည်ခဲ့ကြသောအမှုသည် သေဒဏ်ဟု ဆိုလိုက်သောအခါ၌ ထိုင်းတရားစီရင်ရေး မဏ္ဍိုင်သည်လည်း စက်စုတ်ဖွယ်ကောင်းကြောင်း မြင်တွေ့လာခဲ့ရသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့သည်ကား သေဆုံးသူ ဒေးဗစ်ဗီလာ နှင့် ဟန်နာဝပ်သာရစ်တို့အတွက် လာခြင်းမကောင်းခဲ့ပေ။ စင်စစ်အားဖြင့် ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားအများစုသည် နိုင်ငံခြားသားများကို မဆိုထားနှင့် ထိုင်းနိုင်ငံရှိ တောင်းရမ်းစားသောက်နေသူ သူတောင်းစားများကိုမျှ မထီမဲ့မြင် မလုပ်ရဲကြပေ။ တရားခံမည်သူမည်ဝါ ဖြစ်သည်ကိုလည်း သေဆုံးသူနှစ်ဦးဖြစ်သူ ဒေးဗစ်ဗီလာနှင့် ဟန်နာ ဝပ်သာရစ်တို့သာ သိနေပေလိမ့်မည်။

အမှုဖြစ်စဉ်အတွင်း မျက်မြင်သက်သေအခိုင်အလုံ မရှိခြင်း၊ DNA စစ်ဆေးမှုပြုလုပ်ရာတွင် မှုခင်းဆရာဝန် မပါရှိခြင်း၊ အခင်းဖြစ်ပွားပုံကို သရုပ်ပြခိုင်းရာ၌လည်း ထိုင်းများညွှန်ပြသည်နှင့် စွပ်စွဲခံမြန်မာနှစ်ဦး ညွှန်ပြရာများ ကွဲလွဲနေခြင်း၊ စစ်ဆေးစဉ်အချိန်က ခြိမ်းခြောက်မှုများရှိခဲ့ခြင်း၊ သက်သေခံပစ္စည်း သိမ်းဆည်းရာတွင် လုပ်ထုံးလုပ်နည်းဖြင့် မညီညွတ်ခြင်း၊ လူသတ်လက်နက်ဟုဆိုသည့် ပေါက်တူးရိုးတွင် စွပ်စွဲခံများ၏ ဒီအင်အေလက်ဗွေရာ မတွေ့ရှိခြင်းများအပြင် ထိုင်းနိုင်ငံ၏ မှုခင်းဆေးပညာ အင်စတီကျုးရှင်း၏ အကြီးအကဲ ဒေါက်တာ ပွန်တစ်ကလည်း အလောင်းအနီးမှရရှိသော သွေးစွန်းနေသည့် ပေါက်ပြားပေါ်မှ DNA နှင့် စွပ်စွဲခံမြန်မာလူငယ်နှစ်ဦး၏ DNA မှာ ကိုက်ညီမှုမရှိကြောင်း တရားခွင်၌ ထွက်ဆိုခဲ့သည်။
ယင်းအပြင် စွပ်စွဲခံ မြန်မာများဘက်ကလည်း မိမိတို့သည် ထိုင်းရဲများ၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ပြစ်မှုကျူးလွန်သည်ဟု ထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်းကို ပြောဆိုခဲ့ကြသည်။

ကမ္ဘာ့မီဒီယာများနှင့် အဖွဲ့အစည်းအသီးသီးမှ မြန်မာလူငယ်နှစ်ဦးအား တရားခံအဖြစ်ဆွဲထည့်ခြင်းသည် ထိုင်းရဲများ၏ လုပ်ဇာတ်ဖြစ်ကြောင်းကိုလည်း ဝေဖန်ခဲ့ကြသည်။ ထိုသို့ သက်သေအထောက်အထား ခိုင်လုံမှုမရှိဘဲ မြန်မာလူငယ်နှစ်ဦးအပေါ် သေဒဏ်ချမှတ်လိုက်ခြင်းသည် ထိုင်းအစိုးရ၏ မြန်မာလူထုအပေါ် အထင်အမြင်သေးခြင်းကို ပြသလိုက်ခြင်းလည်းဖြစ်သည်။ တစ်ဆက်တည်းမှာပင် အမှုဖြစ်ပွားချိန်သည် ထိုင်းနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများနှင့် ထိုင်းစစ်တပ်မှ အာဏာသိမ်းချိန်လည်းဖြစ်နေခြင်း၊ သေဒဏ်အဖြစ် အမိန့်ချမှတ်လိုက်ချိန်တွင်လည်း ထိုင်းနိုင်ငံ၏ စီးပွားရေးမှာ ဇောက်ထိုးကျနေခြင်းများအပြင် ထိုင်းနိုင်ငံ၏ အရေးပါသော စီးပွားရေးတစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်းများအား မထိခိုက်စေရန်အတွက် မိမိတို့ထိုင်းလူမျိုးများသည် လူသတ်မှုကို ကျုးလွန်သူများ မဟုတ်ကြောင်းနှင့် နိုင်ငံခြားခရီးသွားများအနေဖြင့် စိုးရိမ်စရာ မလိုကြောင်းကို ပြသလိုသည့် သဘောကိုလည်း ဆောင်နေပေသည်။

ကော့စမွီခရိုင်၊ ကော့တောင်ကျွန်းသည် မူးယစ်ဆေးဝါးများ ကြီးစိုးရာနှင့် ထိုင်းမာဖီးယားများ ကြီးစိုးရာနေရာ တစ်ခုဖြစ်ကာ (ယာဘား)ဟု ခေါ်သော စိတ်ကြွဆေး၊ ကိုကင်းနှင့်စိတ်ကြွဆေးဝါးများကို အလွယ်တကူပင် ဝယ်ယူ၍ရနိုင်သည်။ ယင်းကျွန်းပေါ်တွင် နိုင်ငံခြားသား အများစုနေထိုင်ကြသည်။ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကို ကျွန်းသူကြီးမိသားစုမှ ထိန်းချုပ်ထားသည်ဟူသည့် အကြောင်းအရာများကို ထောက်ရှုခြင်းအားဖြင့် မှုခင်းဖြစ်စဉ်အတွင်း ကျွန်းသူကြီးမိသားစုကို သံသယရှိခဲ့သော်လည်း တစ်စုံတစ်ရာ စစ်ဆေးအရေးယူမှု မရှိခဲ့သည့်အပြင် ယခုသေဒဏ် ချမှတ်ခံလိုက်ရသော လူငယ်နှစ်ဦးမှာလည်း ထိုင်းရဲများစွပ်စွဲသည့် မြန်မာအလုပ်သမားများထဲမှ ဒုတိယမြောက်ဖြစ်ကာ ပထမစွပ်စွဲခံရသူ နှစ်ဦးအား သက်သေမခိုင်လုံဟုဆိုကာ ပြန်လွှတ်ပေးခဲ့သည်။

စွပ်စွဲခံထားရသူ မြန်မာနိုင်ငံသား လူငယ်နှစ်ဦးအမှုအတွက် လိုက်ပါဆောင်ရွက်နေကြသည့် မြန်မာသံရုံးကိုယ်စား လှယ်အဖွဲ့အနေဖြင့်လည်း ကြီးမားသောပြစ်ဒဏ် ချမှတ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြသလို အနည်းဆုံးထောင်ဒဏ်အပြင် လုံးဝလွှတ်မြောက်မည်ဟု မျှော်လင့်ခဲ့ကြသည်။ ၎င်းနည်းတူပင် မြန်မာပြည် သူအပေါင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဤကဲ့သို့ပင် မျှော်လင့်ထားခဲ့ကြသည်။ သို့သော် မိမိတို့ထင်မြင်ယူဆချက်နှင့် ထိုင်းတရားရုံးမှ ချမှတ်ခဲ့သည့်အမှုမှာ လုံးဝကွဲလွဲခဲ့သည်။

ထို့ကြောင့် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အမေရိကန်၊ ဂျပန်နှင့် မြန်မာနိုင်ငံရှိ ပြည်နယ်အများစု၌ သေဒဏ်ချမှတ်ခံထားရသူ မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေးကို ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးပါတီများ၊ လူမှု့အဖွဲ့အစည်းများကလည်း သေဒဏ်ချမှတ်ခြင်းအပေါ် ကန့်ကွက်သည့် သဘောထားထုတ်ပြန်ချက်များကို ထုတ်ပြန်ခဲ့ကြသည်။ အစစအရာရာ လွှဲမှားနေသည့် ထိုင်းတရားစီရင်းရေးနှင့် ထိုင်းရဲများ၏ စုံစမ်းစစ်ဆေးမှုများသည်ကား သူတို့၏ သေဒဏ်ချလိုက်ခြင်းအပေါ်တွင် ထင်ရှားစွာပြသလျက်ရှိသည်။ အထူးသဖြင့် ထိုင်းလူမျိုးများသည် မြန်မာရွှေ့ပြောင်း အလုပ်သမားများအပေါ်တွင် သူတို့ထက်နိမ့်ကျသည်ဆိုသည့် စိတ်ထားများကိုလည်း မွေးမြူထားကြသည်။

ဆင်းရဲမွဲတေမှုများကြောင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများမှာ ထိုင်းနိုင်ငံအတွင်း အပယ်ခံများဘဝနှင့် အစေခံများကဲ့သို့သာ နေထိုင်ကြရသည်ကိုလည်း တွေ့မြင်ရသည်။ ယင်းအပြင် ထိုင်းနိုင်ငံ၏ မှုခင်းဖြစ်စဉ်များတွင်လည်း မြန်မာအလုပ်သမားနှင့် ထိုင်းလူမျိုးများ၏ ဖြစ်စဉ်ဟုဆိုလျှင် ထိုင်းရဲအများစုမှာ ထိန်ချန်ထားတတ်ကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားအများစုမှာ ညအချိန်အပြင်မထွက်ရဲကြ၊ အမျိုးသမီးငယ်များဆိုလျှင် နေ့လည်ဘက်၌ပင် အပြင်မထွက်ရဲကြပေ။ မတတ်သာ၍ ထွက်ရမည်ဆိုလျှင်လည်း အုပ်စုဖြင့်သာ သွားလာနေကြရသည်။ ယင်းအပြင် ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူ မြန်မာ မိန်းကလေးများအား ထိုင်းလူမျိုးများက မကြာခဏဆိုသလို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ကျုးလွန်တတ်ကြသည်မှာလည်း ဒုနှင့်ဒေးပင်ဖြစ်သည်။

အမှုဖြစ်စဉ်အတွင်း ဗြိတိန်နိုင်ငံမှ ထိုင်းရဲများနှင့် ပူးပေါင်းဆောင်ရွက်ပြီး အမှုမှန်ကိုပေါ်ပေါက်ရန် စုံစမ်းစစ်ဆေးမှုများအား ပြုလုပ်မည်ဟု ကမ်းလှမ်းခဲ့သော်လည်း ထိုင်းနိုင်ငံမှ မိမိတို့၏ပြည်တွင်းရေးဖြစ်သောကြောင့် ကမ်းလှမ်းမှုအား လက်မခံခဲ့ပေ။ မောင်ဝင်းဇော်ထွန်းနှင့်မောင်ဇော် လင်းတို့ စွပ်စွဲခံရသည့်အမှုအား လိုက်ပါဆောင်ရွက်နေသူ ဗြိတိန်လူ့အခွင့်အရေး လှုပ်ရှားသူ အန်ဒီဟောလ်မှာ သေဒဏ်ချမှတ်လိုက်သည့်တိုင် ၎င်းတို့နှစ်ဦးမှာ လုံးဝအပြစ်မရှိကြောင်းကို ယုံကြည်နေဆဲဖြစ်ကြောင်း ဆိုထားသည်။ ယင်းနည်းတူပင် မြန်မာနှစ်ဦး၏ အမှုအား လိုက်ပါဆောင် ရွက်နေကြသူများနှင့် မြန်မာပြည်သူပြည်သားများကလည်း ထိုသို့ယုံကြည်နေဆဲပင်ဖြစ်သည်။
စင်စစ်သည်ကား လက်ဦးချီနေသည့် လူငယ်နှစ်ဦး၊ နှလုံးသားများကြွေမွခဲ့ရသည့် မိခင်တို့၏ မျက်ရည်၊ သေဆုံးသူနှစ်ဦးနှင့် ဝမ်းနည်းကြေကွဲနေသည့် မြန်မာပြည်သူများ၏ နောက်ကွယ်တွင်

မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုနှင့်အတူ အသင့်လိုက်ပါစီးမျောနေသည့် ရွှေ့ပြောင်းလူငယ်များသည်လည်း အမဲရောင်ဆေး သုတ်ထားသော သူများနယ်မြေ၊ ကိုယ့်ဘက်ကို ယက်တတ်သည့် ထိုင်းတရားစီရင်ရေးနှင့် ရာသီအလိုက်လာရောက် အလုပ်လုပ်ကိုင်နေကြရှာသော မြန်မာလုပ်သား ၃ သန်းခန့်တို့သည် တိုင်းတစ်ပါးတွင် သဘာဝ၏ မြေဇာပင်များအဖြစ် ယစ်ပူဇော်ထိုးကျွေးခံနေကြဦးမည်သာ …… ။

(ယခုဆောင်းပါးကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ထုတ် Development News Journal အမှတ် ၆၆ တွင်လည်း ဖတ်ရှုနိုင်သည်။)