- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဝင်းနှင့်ဇော်၏ မိခင်နှစ်ဦး ကျန်းမာရေးမကောင်းဖြစ်နေသဖြင့် ဆေးကုသရန် အကူအညီလိုအပ်နေ
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှ ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း တို့၏ မိခင်နှစ်ဦးမှာ ကျန်းမာရေးမကောင်းဖြစ်နေကြပြီး ဆေးကုသရန် အကူအညီလိုအပ်နေသည်။
12 Feb 2023
DMG ၊ ဖေဖော်ဝါရီ ၁၂
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ ကိုဝင်းဇော်ထွန်းနှင့် မိချောင်းရေသောက်ကျေးရွာမှ ကိုဇော်လင်းနှင့် တို့၏ မိခင်နှစ်ဦးမှာ ကျန်းမာရေးမကောင်းဖြစ်နေကြပြီး ဆေးကုသရန် အကူအညီလိုအပ်နေကြောင်း သိရသည်။
ကိုဇော်လင်း၏ မိခင်ဖြစ်သူ ဒေါ်ဖြူချေနုမှာ ပြီးခဲ့သည့် ဆယ်နှစ်ခန့်မှစ၍ လည်ပင်းအတွင်း အကျိတ်အခဲ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး လက်ရှိတွင် အစားအစာ မျိုချရခက်ခဲသည်အထိ ရောဂါအခြေအနေဆိုးလာနေကာ ဆေးကုသရန်အတွက် ငွေကြေးမတတ်နိုင်ဖြစ်နေကြောင်း သိရသည်။
“သိန်းနှစ်ဆယ်, သုံးဆယ် ကုန်ပြီ။ နွားတွေ၊ လယ်တွေ ရောင်းလိုက်တာလည်း ဆေးကုရင်းနဲ့ ကုန်သွားပြီ။ ရန်ကုန်နဲ့ ဖျာပုံမြို့နယ်က တိုင်းရင်းဆေးဆရာနဲ့လည်း ကုတယ်။ ကျောက်ဖြူမြို့မှာလည်း သွားကုတယ်။ အခုပိုက်ဆံမရှိတော့ မကုသရဘူး။ တောဆေး၊ တောင်ဆေးတွေ စားပြီးနေရတယ်” ဟု ဒေါ်ဖြူချေနုက DMG ကို ပြောသည်။
အဆိုပါ လည်ပင်းအကျိတ်အခဲကို ဒေသအခေါ်(ပက်ကျိနာ)လို့ ခေါ်ဆိုကြပြီး ဆေးရုံတွင် သေချာကြပ်မတ်ကုသရမည့် ရောဂါဖြစ်သော်လည်း ငွေကြေးမတတ်နိုင်သည့်အတွက် တိုင်းရင်းဆေးဆရာများနှင့် ကုသနေရကြောင်း သိရသည်။
အလားတူ ကိုဝင်းဇော်ထွန်း၏ မိခင်မှာလည်း မျက်စိတွင် တိမ်စွဲရောဂါဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလက ခွဲစိပ်ကုသရန်အတွက် ဆရာဝန်မှ ရက်ချိန်းပေးထားသော်လည်း ငွေကြေးအခက်အခဲနှင့် စားဝတ်နေရေးကို ရုန်းကန်နေရသောကြောင့် လက်ရှိအချိန်ထိ ခွဲစိပ်ကုသနိုင်ခြင်း မရှိသေးပေ။
ကိုဝင်းဇော်ထွန်း၏ မိခင်ဖြစ်သူ ဒေါ်မေသိန်းက “ခွဲစိပ်ဖို့က ငွေမရှိတော့ အဆင်မပြေဘူး။ ခွဲပြီးပြန်ရင်လည်း အလုပ်မလုပ်ရဘဲ နှစ်လ, သုံးလလောက် နားရမယ်ဆိုရင် စားရေး၊ သောက်ရေးက အဆင်မပြေတော့ ခွဲစိပ်ဖို့အဆင်မပြေဘဲ ဒီအတိုင်း ဖြစ်သလိုနေရတယ်” ဟု DMG ကိုပြောသည်။
၎င်းမိခင်နှစ်ဦးမှာ ဝင်းနှင့်ဇော်အတွက် ထိုင်းနိုင်ငံသို့ ထောင်ဝင်စာ သွားတွေ့လိုသော်လည်း ကျန်းမာရေးချူချာနေခြင်းနှင့် လိုက်ပို့မည့်သူမရှိခြင်း စသည့်အခက်အခဲများ ရှိနေကြောင်း ပြောသည်။
ဝင်းနှင့်ဇော်မှာ ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံ၊ (လိပ်ကျွန်း)၌ ဗြိတိန်နိုင်ငံသား စုံတွဲနှစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ လူသတ်မှု၊ မုဒိမ်းမှု စသည်တို့ကို ကျူးလွန်ခဲ့သည်ဟုဆိုကာ အမှု ၇ ခုဖြင့် စူရဌာနီခရိုင် ကော့စမွေတရားရုံးက ၂၀၁၅ ခုနှစ်တွင် သေဒဏ်ချက်မှတ်ခဲ့သည်။
ယင်းသို့ သေဒဏ်ချခံရမှုအပေါ် ရှေ့နေများက ခရိုင်တရားရုံးနှင့် ဗဟိုတရားရုံးတို့တွင် အယူခံအဆင့်ဆင့် တက်ခဲ့ကြသော်လည်း အယူခံ ရှုံးနိမ့်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ထိုင်းဘုရင်၏ လွတ်ငြိမ်းခွင့်ဖြင့် သေဒဏ်မှတစ်ဆင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ လျှော့ပေါ့သတ်မှတ်ခဲ့ပြီး လက်ရှိ ဝင်းနှင့်ဇော်မှာ ထိုင်းနိုင်ငံတွင် အကျဉ်းကျခံလျက်ရှိသည်။
#I008