အမေရိကန် ဆန္ဒပြပွဲများနောက်ကွယ်က စိတ်ပျက်ဖွယ် လူမျိုးရေးမညီမျှမှု

လူမျိုးရေး တင်းမာမှုများရှိနေသည့် ဗြိတိန်တွင် လူမည်းများသည် လူဖြူများရရှိသည့် ပျမ်းမျှဝင်ငွေ၏ ၉၀ % ခန့်အထိ ရရှိနေကြသည်။ အမေရိကန် ပြည်ထောင်စု၏ ဝင်ငွေကွာဟချက် မှာ ၁၉၇၀ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ယခုအခါ ပိုမိုကျဉ်းမြောင်းလာသည်။ ထိုစဉ်က လူမည်းများသည် လူဖြူများရရှိသည့်ဝင်ငွေ၏ ထက်ဝက်သာရရှိခဲ့သည်။ 

By မေမိုး 22 Jun 2020

(ဓာတ်ပုံ - AP)

ဂျော့ဖလွိုက်သေဆုံးမှုအပေါ် မကျေနပ်၍ ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် ရှစ်ရက်မြောက်သည့်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် လူမည်းများအတွက် ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ လျှော့ချရေး၊ ရာဇဝတ်မှုနှင့် တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဆောင်ရွက်နေသည့် ၎င်း၏လုပ်ဆောင်မှုများအား ကြွားလုံးထုတ်ခဲ့သည်။

“အေဗရာဟမ်လင်ကွန်းနောက်ပိုင်း ကျန်တဲ့ဘယ်သမ္မတထက်မဆို ကျနော်တို့ အစိုးရအဖွဲ့က လူမည်းတွေ အတွက် ပိုမိုလုပ်ဆောင်ပေးနိုင်ခဲ့တယ်” ဟု သမ္မတထရမ့်က တွစ်တာတွင် ရေးသားခဲ့သည်။
၎င်းမှာ အမှန်ပင်လော။ အကယ်၍ သမ္မတဒေါ်နယ်ထရမ့် လက်ထက်တွင် အာဖရိကန်-အမေရိကန်များသည် ပို၍ငွေကြေးပြေလည်လာကြသည် ဟုဆိုလျှင် မည်သည့်အတွက်ကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သနည်း။

အမေရိကန်ပြည်ထောင်စု ဗဟိုစာရင်းအင်းအဖွဲ့၏ စာရင်းများအရ အာဖရိကန်-အမေရိကန်များ၏ ဝင်ငွေသည် စပိန်နွယ်ဖွားမဟုတ်သူ လူဖြူများ၏ ငါးပုံသုံးပုံပင် မပြည့်ပေ။ ၂၀၁၈ ခုနှစ်တွင် လူမည်းအိမ်ထောင်စုတစ်စု၏ ပျမ်းမျှဝင်ငွေသည် အမေရိကန်ဒေါ်လာ ၄၁,၄၀၀ ဖြစ်နေချိန်တွင် လူဖြူများ၏ ပျမ်းမျှဝင်ငွေမှာ အမေရိကန် ဒေါ်လာ ၇၀,၆၀၀ အထိရှိနေသည်။ အဆိုပါ ကွာဟချက်မှာ ကြီးမားလှသည်။

လူမျိုးရေး တင်းမာမှုများရှိနေသည့် ဗြိတိန်တွင် လူမည်းများသည် လူဖြူများရရှိသည့် ပျမ်းမျှဝင်ငွေ၏ ၉၀ % ခန့်အထိ ရရှိနေကြသည်။ အမေရိကန် ပြည်ထောင်စု၏ ဝင်ငွေကွာဟချက် မှာ ၁၉၇၀ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ယခုအခါ ပိုမိုကျဉ်းမြောင်းလာသည်။ ထိုစဉ်က လူမည်းများသည် လူဖြူများရရှိ သည့်ဝင်ငွေ၏ ထက်ဝက်သာရရှိခဲ့သည်။ ၁၉၇၀ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်အတွင်း လူမည်းများ၏ အခြေအနေမှာ တိုးတက်လာသည်ဟု ဆိုနိုင်သော်လည်း ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ အခြေအနေများမှာ ပြန်လည်ဆိုးဝါးလာခဲ့သည်။

ကိုဗစ်-၁၉ ကာလနောက်ပိုင်းတွင် ပြည်ထောင်စုဘဏ္ဍာရေး အသုံးစရိတ်များ တိုးမြင့်လာသည့်အတွက် လူမည်းများ၏ ဝင်ငွေကွာဟမှုသည် အတော်အတန် ပြေလျော့လာခဲ့သည်။ သို့ရာတွင် အဆိုပါကွာဟချက်မှာ အဆမတန်ကြီးမားနေဦးမည် ဖြစ်သည်။ အကြောင်းမှာ အာဖရိကန်-အမေရိကန် အများစုမှာ ကျွမ်းကျင်မှုမလိုသော အလုပ်များ သို့မဟုတ် စွမ်းရည်နိမ့်အလုပ်များကိုသာ လုပ်ကိုင်နေကြရာ ကိုရိုနာဗိုင်းရပ်စ်စီးပွားပျက်ကပ်က ၎င်းတို့အပေါ်တွင် သက်ရောက်မှုရှိနိုင်သောကြောင့်ဖြစ်သည်။

ဝင်ငွေရရှိမှု ကိန်းဂဏန်းများသည် အလုပ်လုပ်ကိုင်သည့် ဦးရေကိုသာ ဖော်ပြထားသဖြင့် စီးပွားရေးဆိုင်ရာ မမျှတမှုများကို လျှော့တွက်ထားသည်။ ဒျု့တက္ကသိုလ်မှ ပက်ထရစ်ဘေယာနှင့် ချီကာဂိုတက္ကသိုလ်မှ ကာဝင် ချားလ်တို့၏ လေ့လာမှု တစ်ရပ်အရ အရွယ်ကောင်းလူမည်း ၃၅% မှာ အလုပ်လက်မဲ့ သို့မဟုတ် လုပ်ငန်းခွင် ပြင်ပတွင် ရှိပြီး ၎င်းမှာ လူဖြူ အလုပ်လက်မဲ့ဦးရေထက် ၂ ဆများပြားသည်။ ဤကြီးမားသော အရေအတွက် သည် အာဖရိကန်-အမေရိကန်များ၏ အကျဉ်းကျမှုနှုန်း မြင့်တက်လာမှုနှင့် ဆက်စပ်နေပုံရသည်။ အကျဉ်း ထောင်များတွင် ရောက်ရှိနေသည့် လူမည်းများ အပြင် အခြားသောထောင်ထွက်မှာလည်း ပြစ်မှုကျူးလွန်ဖူး သည့် ရာဇဝင်ကြောင့် အလုပ်ရှင်များက အလုပ်ခန့်လိုခြင်း မရှိကြသဖြင့် အလုပ်အကိုင်ရှာဖွေမှုကို လက်လျှော့ခြင်းတို့ဖြစ်စေသည်။ သို့ဖြစ်ရာ ဖလွိုက်သေဆုံးသည့်အတွက် ဆန္ဒပြမှုများ၏ အဓိကအကြောင်းရင်း ခံမှာ တရားစီရင်ရေးစနစ်မညီမျှမှုသည် ဝင်ငွေနှင့် အလုပ်အကိုင် မညီမျှမှုတို့ကို တွန်းအားပေးနေသောကြောင့် ဖြစ်သည်။

လူမည်းနှင့် လူဖြူတို့၏ ချမ်းသာကြွယ်ဝမှု ကွာဟချက်သည် ၎င်းတို့၏ ဝင်ငွေကွာဟချက်ထက်ပင် ပိုမိုကြီးမား နေသည်။ ဗဟိုဘဏ်မှ ၂၀၁၇ ခုနှစ်တွင် ကောက်ယူသည့် စစ်တမ်းတစ်ရပ်အရ အာဖရိကန်-အမေရိကန် လူလတ်တန်းစားများ၏ အသားတင်ဝင်ငွေသည် စပိန်နွယ်ဖွားမဟုတ်သူ လူဖြူများ၏ ဝင်ငွေဒေါ်လာ ၁၇၁,၀၀၀ ၏ ဆယ်ပုံတစ်ပုံ၊ ဒေါ်လာ ၁၇,၆၀၀ သာရှိသည်။ ဤကွာဟမှုမှာ ၁၉၉၀ ခုနှစ်က ကဲ့သို့ပင်ဖြစ်သည်။ ဤအခြေအနေသည် အာဖရိကန်-အမေရိကန်အိမ်ထောင်စုများ၏ နေ့စဉ်ငွေကြေးဆိုင်ရာ ရင်ဆိုင်ကြုံတွေ့ရမှုကို ထင်ဟပ်စေသည်။ အသားတင်ပိုင်ဆိုင်မှု သုည သို့မဟုတ် အနှုတ်ပြနေသော လူဖြူများထက် လူမည်းများမှာ နှစ်ဆပိုများသည် (ဆိုလိုသည်မှာ ပိုင်ဆိုင်မှုထက် အကြွေးကပိုများသည်။) လွန်ခဲ့သည့် ရက်ပေါင်း ၆၀ အတွင်း အကြွေးဝယ်ယူခွင့် သို့မဟုတ် နောက်ကျပြီးမှ ငွေပေးဆပ်ခွင့်ငြင်းပယ်ခံရသည့် လူမည်းအရေတွက်မှာ လူဖြူများထက် နှစ်ဆပိုများသည်။ လအလိုက် ကုန်ကျစရိတ် တောင်းခံလွှာများကို မပေးချေနိုင်သည့် လူမည်းဦးရေမှာ လူဖြူများထက် နှစ်ဆမက ပိုများသည်။ လူဖြူ ၇၁% မှာ ၎င်းတို့၏ ဆွေမျိုး သို့မဟုတ် မိတ်ဆွေများထံမှ အရေးပေါ်ငွေ ဒေါ်လာ ၃,၀၀၀ ချေးယူနိုင်ချိန်တွင် လူမည်း ၄၃% ကသာ အရေးပေါ် ငွေချေးယူနိုင်ကြသည်။ ငွေကြေးပိုင်းအရ အာဖရိကန်-အမေရိကန်များသည် လူဖြူများထက် ပိုမိုခက်ခဲသည့် အခြေအနေတွင် ရှိနေသည်။

ကိုဗစ်-၁၉ ရောဂါသည် ကပ်ဘေးကြီးတစ်ခုဖြစ်ပြီး ၎င်းသည် အာဖရိကန်-အမေရိကန်များအပေါ်တွင် အကြီး အကျယ် ရိုက်ခတ်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် လူဖြူများ သေဆုံးမှုထက် လူမည်းနှင့် စပိန်နွယ်ဖွား နယူးယောက်မြို့သားများမှာ သေဆုံးနိုင်ခြေ ၂ ဆရှိပြီး ချီကာဂိုလူမည်းများ သေဆုံးနိုင်မှုနှုန်းမှာ ငါးဆ အထိရှိ သည်။ အဆိုပါ သေဆုံး နှုန်းမြင့်တက်မှုမှာ ကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း လူမည်းများမှာ မနားတမ်း လုပ်ရသည့်အလုပ်များ (သူနာပြု များနှင့် ပစ္စည်းပို့သမားများ) ကြောင့်လည်းကောင်း၊ လူဖြူများကဲ့သို့ ကျန်းမာ ရေးအာမခံမထားနိုင်ခြင်း (၂၀၁၈ ခုနှစ်က ၇.၈% နှင့်ယှဉ်လျှင် ယခုနှစ်တွင် ၁၂.၂% သာ အာမခံထား ရှိနိုင်ခြင်း) တို့ကြောင့်လည်းကောင်း တစ်စိတ်တစ်ပိုင်း သက်ဆိုင်ပြီး အများစုမှာ နာတာရှည်ရောဂါအခံများ ရှိနေခြင်းတို့ကြောင့်ဖြစ်သည်။ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနများ၏ သတင်းအချက်အလက်များအရ အသက် ၁၈ နှစ်မှ ၄၉ နှစ်အရွယ် အာဖရိကန်-အမေရိကန်များသည် လူဖြူများထက် နှလုံးရောဂါဖြင့် သေဆုံး နိုင်မှုနှုန်းနှစ်ဆရှိခြင်း၊ သွေးတိုးရောဂါဖြင့် သေဆုံးနိုင်မှု ၅၀% ပိုများခြင်းနှင့် ဆီးချိုရောဂါဖြင့် သေဆုံးနိုင်မှုနှုန်း နှစ်ဆနီးပါးရှိနေသည်။

ဆန္ဒပြမှုများဖြစ်ပွားစဉ်အတွင်း သမ္မတဟောင်း ဘားရက်အိုဘားမားက မျှတမှုမရှိသော တရားရေးစနစ်ပြဿနာ ကို ဖြေရှင်းခြင်းသည် ပိုမိုကျယ်ပြန့်သည့် လူမှုရေးဝန်းကျင်ပြောင်းလဲရေးအတွက် ပထမခြေလှမ်းဖြစ်ကြောင်း ဆိုခဲ့သည်။ တရားစီရင်ရေးစနစ်ညီမျှမှုမရှိခြင်းနှင့် တရားစီရင်ရေးနှင့် ၎င်းနှင့် စီးပွားရေးအခြေအနေတို့အကြား ဆက်စပ်မှုရှိကြောင်း သက်သေအထောက်အထားများရှိသည်။

တရားရေးဗျူရိုမှ ရသောစာရင်းများအရ ၂၀၁၆ ခုနှစ်တွင် တစ်ဦးချင်းစီအတွက် အကျဉ်းကျခံစေမှုနှုန်းတွင် လူမည်းများသည် လူဖြူများထက် ၆ ဆအထိပို များ သည် (အဆိုပါနှုန်းမှာ အံ့အားသင့်ဖွယ်တိုးတက်လာခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ၇ ဆ အထိရှိခဲ့သည်။) ဆင်းရဲပြီး ရာဇဝတ်မှုထူပြောသည့်နေရာတွင် နေရသည့် အာဖရိကန်-အမေရိကန်လူမျိုးများသည် လူဖြူများထက် တစ်ဦးချင်း ရာဇဝတ်မှုကျူးလွန်သည့် အရေအတွက် ပိုများသော်လည်း ၆ ဆအထိ ပိုမိုများပြားသည်တော့ မဟုတ်ပေ။

မီချီကန်နှင့် ဗြိတိသျှ ကိုလံဘီယာတက္ကသိုလ်များရှိ သုတေသီများ၏ လေ့လာမှုတစ်ရပ်အရ လူမည်းများနှင့် စပိန်နွယ်ဖွား အမေရိကန်များသည် တူညီသည့်ရာဇဝတ်မှုများအတွက် ထောင်ဒဏ်ကျခံရသည့်နှစ် ပိုမိုများပြား ကြောင်းတွေ့ရသည်။

လေ့လာမှုနောက်တစ်ခုအရ တရားသူကြီးများက လူမည်းများသည် ထောင်ဒဏ်အစား ဒဏ်ငွေပေးဆောင်နိုင်မည်ဟု မယူဆခြင်းနှင့် ၎င်းတို့ ထောင်မှလွတ်သည့်အခါလည်း အလုပ်ရှာမရနိုင်ဘဲ ရာဇဝတ်မှုများကျူးလွန်နိုင်ခြေ ရှိသည်ဟူသည့် အကြောက်တရားဖြင့် ထောင်ဒဏ်ပိုမိုချမှတ်ခံရခြင်းဖြစ်ကြောင်း ဆိုသည်။ တနည်းအားဖြင့် ဆင်းရဲမှုနှင့် အလုပ်လက်မဲ့တို့ကြောင့် လူမည်းများသည် ပိုမိုပြင်းထန်သည့် ပြစ်ဒဏ် ကျခံရပြီး အဆိုပါလုပ်ရပ်သည် လူမည်းများ အလုပ်အကိုင်ရရှိရန်အတွက်လည်း ပိုမိုခက်ခဲသည့်အခြေအနေကို ဖြစ်စေသည်။

အာဖရိကန်-အမေရိကန်များသည် တရားဥပဒေရှေ့မှောက်၊ ဝင်ငွေ၊ လုပ်ငန်းခွင်နှင့် ဆေးဝါးကုသမှုဆိုင်ရာ ကိစ္စရပ်များတွင် တန်းတူညီမျှအခွင့်အရေး မရရှိကြောင်း ဆန္ဒပြသူအများပြားက ယုံကြည်သည်မှာ မထူးဆန်း ပေ။ သမ္မတထရမ့်လက်ထက်တွင်လည်း ၎င်းတို့၏ အခြေအနေမှာ တိုးတက်မှုမယ်မယ်ရရ မရှိသလောက်ဟုသာ ဆိုရမည်ဖြစ်သည်။

သမ္မတဟောင်း ဂျော့ရှ် ဒဘလျူ ဘုရှ်သည် ၎င်းနောက်ပိုင်း ပထမဆုံး ရီပတ်ဘလစ်ကန်သမ္မတ ဖြစ်လာသူက တွစ်တာတွင် ကြွားလုံးထုတ်ပြီး ရေးသားခဲ့သည့်နေ့တွင်ပင် “အမေရိကန်ပြည်ထောင်စုအနေနဲ့ ကျွန်တော်တို့ရဲ့ ဝမ်းနည်းဖွယ်ရာ ကျဆုံးခဲ့မှုတွေကို လေ့လာဆန်းစစ်ရမယ့် အချိန်ရောက်ပြီ” ဟု ရေးသားခဲ့သည်။

မေမိုး
(The Economist တွင်ဖော်ပြထားသော The grim racial inequalities behind America’s protests ကို မြန်မာမှုပြုပါသည်။)