- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ခြင်ကို ခြင်နဲ့ ပြန်တိုက်မယ်
ခြင်ကတစ်ဆင့်ကူးစက်ခံရတဲ့ ရောဂါဖြစ်ပွားမှုနှုန်း တိုးလာတာနဲ့အမျှ ကုမ္ပဏီတွေနဲ့ သုတေသနပညာရှင်တွေဟာ ခြင်တွေကို ထိန်းချုပ်ဖို့ ထိရောက်တဲ့နည်းလမ်းတွေ ဖော်ထုတ်နိုင်ရေး ကြိုးပမ်းနေကြပါတယ်။
31 Aug 2020
သုတေသနပညာရှင်တွေဟာ သွေးလွန်တုပ်ကွေးလိုမျိုး အန္တရာယ်ရှိပြီး ခြင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေကို ဘယ်လိုနှိမ်နင်းကြမလဲဆိုတာ ဆယ်စုနှစ်ပေါင်းများစွာ ခေါင်းခြောက်အောင် စဉ်းစားခဲ့ကြပါတယ်။
ဒါပေမယ့် ခြင်တွေကို ပြန်လည်ထုတ်လွှတ်တာကရော အဖြေတစ်ခု မဖြစ်နိုင်ဘူးလား။
အင်နိုဗာဖစ်ဆိုတဲ့ ပြင်သစ်ကုမ္ပဏီကတော့ မွေးမြူရေးအတွက် အစာအနေနဲ့ ပိုးမွှားတွေကို အဓိကထုတ်လုပ်နေပြီး ဩစတေးလျ သုတေသနအဖွဲ့ဖြစ်တဲ့ ကမ္ဘာ့ခြင်အန္တရာယ်ကာကွယ်ရေး အစီအစဉ် (World Mosquito Program -WMP) နဲ့ ပူးပေါင်းကာ ပထမဆုံးစီးပွားဖြစ် ခြင်မွေးမြူရေးလုပ်ငန်းကို လုပ်ဆောင်နေပါတယ်။
ခြင်ကောင်ရေလျှော့ချနိုင်ဖို့အတွက် ဒီခြင်တွေကို မျိုးရိုးဗီဇပြန်လည်ပြုပြင်ပြီး မူလသဘာဝ ခြင်တွေကြားကို ပြန်လွှတ်သွားမှာ ဖြစ်ပါတယ်။
ခြင်ကတစ်ဆင့် ကူးစက်ခံရတဲ့ ရောဂါဖြစ်ပွားမှုနှုန်း တိုးလာတာနဲ့အမျှ ကုမ္ပဏီတွေနဲ့ သုတေသနပညာရှင်တွေဟာ သွေးစုပ်တဲ့ ခြင်တွေ ပေါလာတာကိုထိန်းချုပ်ဖို့ ထိရောက်တဲ့နည်းလမ်းတွေ ဖော်ထုတ်နိုင်ရေး ကြိုးပမ်းနေကြပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရမှုဟာ ဆယ်စုနှစ်နှစ်ခုအတွင်းမှာ ရှစ်ဆအထိ တိုးလာပြီး ၂၀၀၀ ပြည့်နှစ်တုန်းက ရောဂါဖြစ်ပွားသူ ငါးသိန်းခန့်ရှိခဲ့ရာကနေ ၂၀၁၉ ခုနှစ်မှာ ၄.၂ သန်းအထိ ဖြစ်လာပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ အများစုမှာ အဖျားတက်တာ၊ နုံးတာ၊ ကြွက်သားတွေ၊ အဆစ်အမြစ်တွေနာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်တွင်းသွေးယိုစီးတာ ဒါမှမဟုတ် အရေးကြီးတဲ့အင်္ဂါတွေကို ထိခိုက်တာတွေ ဖြစ်လာရင်တော့ အသက်သေလောက်တဲ့ထိ အန္တရာယ်ရှိနိုင်ပါတယ်။
သွေးလွန်တုပ်ကွေးနဲ့ ဇီကာဗိုင်းရပ်စ်တွေဟာ ပြင်သစ်အတွက် အဓိကပြဿနာတစ်ရပ် ဖြစ်လာနေပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ပြင်သစ်နိုင်ငံပြင်ပ နယ်မြေတွေဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာ၊ ပစိဖိတ်နဲ့ တောင်အမေရိကမှာ ဒီရောဂါတွေ အကြီးအကျယ်ဖြစ်ပွားခဲ့လို့ပဲ ဖြစ်ပါတယ်။
“ဒီစိတ်ကူးက လူသန်းပေါင်းများစွာနေထိုင်တဲ့ မြို့ကြီးတွေကို အကူညီပေးဖို့ဖြစ်တယ်” လို့ အင်နိုဗာဖစ် အော်ဒီဂူယို ပူးတွဲ တည်ထောင်သူက အေအက်ဖ်ပီကို ပြောပါတယ်။
မျိုးဗီဇ ထိန်းချုပ်ကန့်သတ်ခြင်း
သွေးလွန်တုပ်ကွေး၊ ဇီကာ၊ ဆင်တုပ်ကွေးနဲ့ အူရောင်ငန်းဖျားရောဂါ ကူးစက်မှုနှုန်းမြင့်တက်လာခြင်းက ဩစတေးလျ သုတေသနအဖွဲ့ကို အရင်လုပ်ခဲ့တဲ့လေ့လာမှုတွေကို ပိုတိုးပြီးလုပ်ဆောင်စေဖို့ တွန်းအားပေးနေပါတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က ကမ္ဘာ့ခြင်အန္တရာယ်ကာကွယ်ရေး အစီအစဉ် (WMP) ဟာ ဘီလ်နဲ့ မလင်ဒါဂိတ်ဖောင်ဒေးရှင်းက ငွေကြေးထောက်ပံ့ကြေးယူပြီး သွေးလွန်တုပ်ကွေးလို ဗိုင်းရပ်စ်တွေ လူသားတွေဆီကူးစက်မှုကို ကာကွယ်နိုင်တဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကို ခြင်အမတွေမှာ ထိုးသွင်းဖို့ စီမံကိန်းတစ်ခုကို ဆောင်ရွက်ခဲ့တယ်။
ဝိုဘက်ခီယာလို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုးကို သယ်ဆောင်ထားတဲ့ အဲဒီခြင်တွေကို ဩစတေးလျနိုင်ငံတွင်း လွှတ်ထားပါတယ်။ နောက်တော့ ဘရားဇီး၊ ပြင်သစ်နိုင်ငံအပြင်က နယ်မြေဖြစ်တဲ့ နယူးကယ်လီဒိုးနီးယားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာလည်း အဆိုပါခြင်တွေကို လွှတ်ထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ မျိုးစိတ်ပြုပြင်ထားတဲ့ခြင်တွေ လွှတ်ထားတဲ့ဒေသတွေမှာ သွေးလွန်တုပ်ကွေး ကူးစက်မှုနှုန်းများကို ၇၇ ရာခိုင်နှုန်း အထိလျှော့ချနိုင်ခဲ့တယ်လို့ လူသုံးသိန်းကို လေ့လာတဲ့ သက်ရောက်မှုဆန်းစစ်ချက်တစ်ရပ်က ဆိုပါတယ်။
အင်ဖာနိုဖစ်နဲ့ ကမ္ဘာ့ခြင်အန္တရာယ်ကာကွယ်ရေး အစီအစဉ် (WMP) တို့ ပူးပေါင်းပြီး ပိုမိုသာလွန်တဲ့ စမ်းသပ်မှုနောက်တစ်ဆင့်ကို လုပ်ဆောင်နေပါတယ်။
နောက်ထပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ယူကေအခြေစိုက် အမေရိကန်ငွေကြေးထောက်ပံ့ထားတဲ့ အောက်ဆီတက်ဟာ ဓာတ်ခွဲခန်းမှာ မျိုးဗီဇပြုပြင်ထားတဲ့ခြင်တွေကို ဖလော်ရီဒါပြည်နယ်မှာ လွှတ်ဖို့ အမေရိကန်အေဂျင်စီထံက ခွင့်ပြုချက် ရထားပါပြီ။
“အောက်ဆီတက်မှ စမ်းသပ်လိုက်တဲ့ စိတ်ချရပြီး မကိုက်တဲ့ခြင်ထီးတွေက နဂိုရှိပြီးသား ရောဂါပိုးပြန့်ပွားစေတဲ့ သဘာဝ ခြင်ရိုင်းတွေပွားများမှုကို နှိမ်နင်းဖို့ လုပ်ဆောင်ထားပါတယ်” လို့ ကုမ္ပဏီရဲ့ပြောခွင့်ရသူက အေအက်ဖ်ပီကို ပြောပါတယ်။
“ခြင်တွေဟာ အကန့်အသတ်ရှိတဲ့ မျိုးရိုးဗီဇကို သယ်ဆောင်နိုင်ပါတယ်။ ဆိုလိုတာကတော့ ခြင်အထီးတွေက သဘာဝ ခြင်အမတွေနဲ့ မိတ်လိုက်တဲ့အခါ သူတို့ရဲ့သားလောင်းများက အဲဒီမျိုးရိုးဗီဇကို တဆင့် အမွေဆက်ခံရတယ်။ အဲဒါက ခြင်အမတွေ ကြီးပြင်းလာမှာကို ထိန်းနိုင်မှာ ဖြစ်ပါတယ်” လို့ အောက်ဆီတက်က ပြောပါတယ်။
အကျိုးဆက်အနေနဲ့ “တောရိုင်းပိုးမွှားအရေအတွက်ကို လျှော့ချနိုင်မှာဖြစ်တယ်” လို့ အောက်ဆီတက်က ဖြည့်စွက် ပြောပါတယ်။
မျိုးဗီဇပြုပြင်ထားတဲ့ ခြင်သန်းပေါင်း ၇၅၀ ခန့်ကို ဖလော်ရီဒါရဲ့ ကောင်းကင်ယံထက်မှာ သဘာဝခြင်တွေနဲ့ ထိပ်တိုက် တွေ့ဖို့ လွှတ်တော့မှာ ဖြစ်ပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုကြောင့် အနာဂတ်မှာ သွေးလွန်တုပ်ကွေးရောဂါ၊ ချီကန်ဂန်ညာခေါ် ဆင်တုပ်ကွေးရောဂါနဲ့ ဇီကာရောဂါတွေ အကြီးအကျယ် ဖြစ်ပွားစေနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားပါတယ်။ ခြင်တွေဟာ ပူနွေးတဲ့ရာသီတွေမှာ ပိုမိုပေါက်ဖွားပြီး ပေါက်ဖွားတဲ့ကာလလည်း ပိုကြာနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။
မေမိုး
(မူရင်း - Fighting mosquito-borne diseases... with mosquitoes, AFP)
ဆက်စပ်ဖတ်ရှုရန် : ခြင်ထောင်ထဲက ထမင်းဝိုင်း