- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
ရခိုင်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁,၄၀၀ ကျော်နှင့် သေဆုံးသူတစ်ဦးရှိလာ
သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ ယခုနှစ် အစောပိုင်းကာလတွင် အနည်းငယ်ရှိခဲ့သော်လည်း မုန်တိုင်းအလွန်ကစပြီး သိသိသာသာ မြှင့်တက်လာခြင်းဖြစ်သည်။
09 Sep 2023

DMG ၊ စက်တင်ဘာ ၉
ရခိုင်ပြည်တွင် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ ၈ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁,၄၄၉ ဦးနှင့် သေဆုံးသူတစ်ဦးရှိလာကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရ သိရသည်။
သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ ယခုနှစ် အစောပိုင်းကာလတွင် အနည်းငယ်ရှိခဲ့သော်လည်း မုန်တိုင်းအလွန်ကစပြီး သိသိသာသာ မြှင့်တက်လာခြင်းဖြစ်သည်။
မုန်တိုင်းတိုက်ခတ်ခဲ့သည့် မေလတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၈၉ ဦးရှိခဲ့ပြီး ဇွန်လတွင် ၄၉၇ ဦး၊ ဇူလိုင်လတွင် ၄၈၅ ဦး၊ ဩဂုတ်လတွင် သေဆုံးသူတစ်ဦးနှင့် ရောဂါဖြစ်ပွားသူ ၂၉၀ ဦးရှိခဲ့ကာ ယခုလတွင်လည်း ရောဂါဖြစ်ပွားသူ ၄၅ ဦးထိရှိနေသည်။
သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ စစ်တွေတွင် ၃၅၇ ဦး၊ ကျောက်ဖြူတွင် ၂၅၀ ဦး ၊ တောင်ကုတ်တွင် ၁၇၂ ဦးဖြင့် အများဆုံးဖြစ်ပြီး သေဆုံးသူတစ်ဦးမှာ စစ်တွေမြို့နယ်မှဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ယင်းအပြင် ပေါက်တောတွင် ၉၈ ဦး၊ ပုဏ္ဏားကျွန်းတွင် ၇၅ ဦး ၊ ကျောက်တော်တွင် ၅၉ ဦး၊ မြောက်ဦးတွင် ၄၄ ဦး၊ မင်းပြားတွင် ၆၆ ဦး၊ မြေပုံတွင် ၁၈ ဦးနှင့် ရသေ့တောင်တွင် ၂၆ ဦးတို့ဖြစ်သည်။ ဘူးသီးတောင်တွင် ၈၉ ဦး၊ မောင်တောတွင် ၃၅ ဦး ၊ ရမ်းဗြဲတွင် ၂၃ ဦး၊ မာန်အောင်တွင် ၃၀ ဦး၊ အမ်းတွင် ၂၁ ဦး၊ သံတွဲတွင် ၆၇ ဦးနှင့် ဂွတွင် ၁၉ ဦး တို့ဖြစ်သည်။
“တုပ်ကွေးတွေကို ကာကွယ်နိုင်အောင် ကိုယ်ခံအားတက်စေဖို့ အသီးအရွက်တွေ များများစားပေးရမယ်။ အာဟာရရှိတဲ့ အစားအစားတွေစားရမယ်။ ပြီးရင် အိပ်ရေးပျက်မခံဖို့။ လက်သန့်ရှင်းရေးကလည်း အရေးကြီးတယ်” ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်ဇော်အောင်က ပြောသည်။
သွေးလွန်တုပ်ကွေးရောဂါသည် များသောအားဖြင့် ကလေးငယ်များတွင် အဖြစ်များတတ်ပြီး ယခုနောက်ပိုင်းတွင် လူကြီးများလည်း ဖြစ်ပွားလာကြောင်း သိရသည်။ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့်ဖြစ်ပွားစေပြီး လူကြီး/လူငယ်၊ ကျား/မ မရွေးဖြစ်ပွားတတ်သည့် ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။
မုန်တိုင်းဒဏ်နှင့် ရေဘေးဒဏ်သင့် ရခိုင်က မြို့နယ်များတွင် စွန့်ပစ်အမှိုက်များလာခြင်း၊ အိမ်ခြံဝန်းနှင့် ရေမြောင်းများတွင် ရေဝပ်ပြီး သန့်ရှင်းမှုမရှိခြင်းတို့ကြောင့် ခြင်မှတစ်ဆင့်ကူးစက်သည့် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလာနေခြင်း ဖြစ်သည်။
“မုန်တိုင်းပြီးကတည်းက စခန်းကလူတွေ သွေးလွန်တုပ်ကွေးတွေ အများကြီးဖြစ်ကြတယ်။ ခြင်ထောင်တွေလည်း အလုံအလောက် မရှိဘူး။ နောက် ရေကြီးခဲ့လို့ ရေတွေဝပ်ကျန်ခဲ့တာကြောင့် ခြင်တွေပိုများလာတယ်။ စခန်းအတွင်း ခြင်နိုင်ဆေးတွေ လာဖြန်းပေးစေချင်တယ်။ ခြင်ထောင်တွေ လာထောက်ပံ့ပေးစေချင်တယ်” ဟု မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းမှ ဒေါ်သာနုဖြူက ပြောသည်။
လက်ရှိ မိုးတွင်းကာလတွင် ခြင်ဆေးဖြန်းခြင်းနှင့် သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နှင်းရေးတို့ကို ရခိုင်က မြို့နယ် ၁၇ ခုတွင် လုပ်ဆောင်နေသော်လည်း ဝေးလံခေါင်ဖျားပြီး သွားလာရန်ခက်ခဲသည့် နေရာများသို့ရောက်နိုင်ရန် အခက်အခဲရှိကြောင်း ပြည်နယ်ကျန်းမာရေးတာဝန်ရှိသူများက ပြောထားသည်။
သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားလျှင် အသက်ဆုံးရှုံးနိုင်သောကြောင့် အိမ်ဘေးနားရှိ ရေအိုင်များ၊ ချိုင့်ခွက်များတွင် မိုးရွာလျှင် ရေမတင်ကျန်စေရန် ရေစီးမြောင်းဖောက်ကာ ခြင်အန္တရာယ် ကာကွယ်ကြရန် ကျန်းမာရေးဌာနက သတိပေးထားသည်။
ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂,၃၀၆ ဦး နှင့် သေဆုံးသူ ၅ ဦး ရှိခဲ့ ပြီး ၂၀၂၁ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၄၂၁ ဦးရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ စာရင်းအရသိရသည်။
#I001