စစ်ကောင်စီထိန်းချုပ်ဆဲ ရခိုင်မြို့နယ် ၃ ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်သူ ၂,၀၀၀ ကျော် ရှိ

စစ်ကောင်စီထိန်းချုပ်ထားသည့် ရခိုင်ပြည်အတွင်းက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တို့တွင် ယခုနှစ် (၂၀၂၄ - ၂၀၂၅ ) ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား/ သူ ၂,၀၉၇ ဦး ရှိကြောင်း ပြည်နယ်ပညာရေးမှူးထံမှ သိရသည်။

By Admin 07 Mar 2025

၂၀၂၀ ပြည့်နှစ်တွင် စစ်တွေမြို့ ၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား/သူများအား တွေ့ရစဉ်။
၂၀၂၀ ပြည့်နှစ်တွင် စစ်တွေမြို့ ၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား/သူများအား တွေ့ရစဉ်။

DMG ၊ မတ် ၇

စစ်ကောင်စီထိန်းချုပ်ထားသည့် ရခိုင်ပြည်အတွင်းက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တို့တွင် ယခုနှစ် (၂၀၂၄ - ၂၀၂၅ ) ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား/ သူ ၂,၀၉၇ ဦး ရှိကြောင်း ပြည်နယ်ပညာရေးမှူးထံမှ သိရသည်။

စစ်တွေမြို့နယ်တွင် ၆၉၉ ဦး၊ ကျောက်ဖြူမြို့နယ်တွင် ၈၃၄ ဦးနှင့် မာန်အောင်မြို့နယ်တွင် ၅၆၄ ဦးဖြစ်သည်။ အဆိုပါ မြို့နယ် ၃ ခုတွင် စာစစ်ဌာန (၈) ခု ဖွင့်လှစ်ထားပြီး စစ်တွေတွင် ၄ ခု၊ ကျောက်ဖြူတွင် ၂ ခုနှင့် မာန်အောင်တွင် ၂ ခုတို့တွင် ဖြေဆိုကြမည်ဖြစ်သည်။

ရခိုင်တွင် မြို့နယ် ၁၇ ခုရှိသည့်အနက် ၁၄ ခုကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ရှိ စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြို့နယ် ၃ ခုထဲမှ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။

ရခိုင်ပြည်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်က တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၈, ၅၃၄ ဦး ရှိခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးစာရင်းများထံမှ သိရသည်။

အလားတူ ၂၀၂၂ - ၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခဲ့သူ ကျောင်းသား/ သူ စုစုပေါင်း ၁၆,၉၂၈ ဦး ရှိခဲ့သည်။

ရခိုင်ပြည်သည် ပညာရေး၊ စီးပွားရေး အဘက်ဘက်မှ ဖွံ့ဖြိုးမှု နည်းပါးခဲ့ပြီး စစ်ရေးပဋိပက္ခအကြား ဒေသမတည်ငြိမ်မှုကြောင့် ပညာရေးစနစ်မှာ အားနည်းနေဆဲဖြစ်သည်။