- ရခိုင်တွင် ၃ လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဒေသခံ ၃၀၀ ကျော် သေဆုံးဒဏ်ရာရ
- ပါကစ္စတန် အဓိကရုဏ်းများကြောင့် သေဆုံးသူ ၁၃၀ ကျော်သွားပြီဟု တာဝန်ရှိသူများ ပြောကြား
- တရားစွဲခံထားရသော သားဖြစ်သူကို သမ္မတဘိုင်ဒန် လွတ်ငြိမ်းချမ်းသာပေး
- ဆေးဝါးရှားပါးမှုကြောင့် သံတွဲက စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်များ မွေးဖွားရန် စိုးရိမ်နေကြ
- လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကုတ်စစ်ဘေးရှောင် ၂ ဦး သေဆုံး၊ ၁၉ ဦးထက်မနည်း ဒဏ်ရာရ
ကပ်သုံးကပ်ကြောင့် ရပ်တည်ရပိုခက်ခဲလာတဲ့ အိမ်ထောင်ဦးစီး မိခင်များ
သားသမီးသုံးဦး၏ တာဝန်ကို ထမ်းပိုးနေသည့် ဒေါ်ဝင်းမြရီမှာ ကြီးမားသည့် မျှော်လင့်ချက်တစ်ခု ရှိနေသည်။ တစ်နေ့တွင် ရရှိသည်ဝင်ငွေလေးဖြင့် မိသားစုသုံးဦး ထမင်းတစ်နပ် ဝဝလင်လင် စားသောက်နိုင်ရေးပင် ဖြစ်ပေသည်။
14 Jul 2023
DMG (လူမှုဘဝ)
နံနက်အလင်းရောင် ကျရောက်လာချိန်နှင့်တစ်ပြိုင်နက် သား၊သမီး (၃)ယောက်၏ မိခင် ဒေါ်ဝင်းမြရီ တစ်ယောက် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်လျက်ရှိနေသည်။ သူမလုပ်ကိုင်နေသည့် အလုပ်ခွင်သို့ အချိန်မီရောက်ရှိရန် တစ်နေ့တာ စားသောက်ရေးအတွက် ချက်ပြုတ်နေရခြင်းဖြစ်သည်။
အသက်(၄၀)ကျော်အရွယ်ရှိသည့် ဒေါ်ဝင်းမြရီမှာ သားနှစ်ဦးနှင့် သားသမီးငယ်တစ်ဦးရှိပြီး ခင်ပွန်းဖြစ်သူ မရှိသောကြောင့် သား၊သမီးများ၏ စားဝတ်နေရေးကို ဒေါ်ဝင်းမြရီကပဲ ဦးစီးဦးဆောင်ကာ ရှာဖွေကျွေးမွေး နေရခြင်းဖြစ်သည်။
စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်ရှိ ဘုတ်ဆိပ်တွင် အမျိုးသားများနည်းတူ ကျောက်ထမ်း၊ ကျောက်ပြောင်းအလုပ်ကို လုပ်ကိုင်နေရသောကြောင့် သူမအတွက် အလွန်ပင်ပန်းသည့် အလုပ်ဖြစ်သော်လည်း ပင်ပန်းရကျိုး မနပ်ရှာပေ။
“ကျောက်တစ်နေ့လုံးထမ်းတော့ တစ်ရက်မှာ ငွေလေးထောင်၊ ငါးထောင်ရတယ်။ ငွေရတဲ့နေ့တွေဆိုရင် စားဝတ်နေရေး ဖူလုံအောင် သုံးရတယ်။ တစ်ခါတစ်လေ့ဆိုရင် အပင်ပန်းခံပြီး လုပ်လို့ရတဲ့ငွေနဲ့ ဈေးဖိုးက မကာမိဘူး ဖြစ်ရတယ်၊ ကုန်ဈေးနှုန်းတွေတက်တာကတော့ မပြောနဲ” ဟု ဒေါ်ဝင်းမြရီ ညည်းညူလျက်ပြောသည်။
သူမလုပ်အားခဖြင့် ရရှိသည့်ဝင်ငွေများမှာ လက်ရှိမြင့်တက်နေသော ကုန်ဈေးနှုန်းကို မကာမိသည့်အတွက် စိတ်မသက်မသာ ဖြစ်နေသည်။
ဒေါ်ဝင်းမြရီသည် ပေါက်တောမြို့နယ်၊ ကြိမ်ခမော်ကျေးရွာမှဖြစ်ပြီး အလုပ်အကိုင်မရှိသည့်အတွက် ကျေးရွာတွင် သား၊သမီးများနှင့်အတူ ရပ်တည်ရန် အခက်အခဲရှိသောကြောင့် စစ်တွေမြို့တွင် နေအိမ်ငှားရမ်းကာ အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။
ဒေါ်ဝင်းမြရီသည် စစ်တွေမြို့တွင် ကျောက်ထမ်းလာခဲ့သည်မှာ နှစ်ပေါင်း(၁၀)ကျော်ရှိပြီးဖြစ်သည်။ သို့သော်လည်း သူမ၏လုပ်အားခမှာ ယခုအချိန်ထိ တိုးမြင့်လာခြင်းမရှိပေ။
သို့သော် ကုန်ဈေးနှုန်းများမှာ တဖြည်းဖြည်းတိုးမြင့်လာနေပြီး ကိုဗစ်၊ အာဏာသိမ်းပြီးနောက်ကာလ ယခုမိုခါမုန်တိုင်း ဂယက်ကြောင့် သူမဘဝတွင် တခါမှ မကြုံဖူးသည့် ကုန်ဈေးနှုန်းတက်လာသည့်ဒဏ်ကို ခံခဲ့ရပြီး ရုန်းကန်ရကာ တစ်နေ့ထက်တစ်နေ့ ပိုခက်ခဲလာသည်။
“ကိုဗစ်တုန်းကဆိုရင် အလုပ်အကိုင်က မရှိဘူး။ ကုန်ဈေးနှုန်းမြင့်တက်လို့ ထမင်းငတ်ခဲ့တဲ့နေ့တွေ အများကြီး ဖြတ်သန်းခဲ့ရတယ်။ အခုလည်း ရတဲ့ဝင်ငွေနဲ့ မျှအောင်တော့ သုံးစွဲနေရတယ်” ဟု ဒေါ်ဝင်းမြရီက ပြောသည်။
တစ်နေ့တာရရှိသည့် ဝင်ငွေထဲက နေအိမ်ငှားရမ်းခ စရိတ်ကိုလည်း ချန်ထားရသောကြောင့် မိသားစု ဝဝလင်လင် ထမင်းမစားရသည်မှာ ကာလတစ်ခုထိ ကြာမြင့်လာခဲ့ပြီးဖြစ်သည်ဟု သူမက ဆက်ပြောသည်။
ကိုဗစ်ကပ်ရောဂါနှင့် စစ်တပ်က အာဏာသိမ်းမှုတို့၏ နောက်ဆက်တွဲကြောင့် မြင့်တက်လာသည့် ကုန်ဈေးနှုန်းဒဏ်များကို ရခိုင်ရှိ လက်လုပ်လက်စား အလုပ်သမားများမှာ ပိုမိုခံစားခဲ့ရသည်။
ကုန်ဈေးနှုန်း မြင့်တက်နေသည့်ကြားထဲမှ မေလ(၁၄)ရက်နေ့က တိုက်ခတ်ခဲ့သော “မိုခါ”ဆိုင်ကလုန်းမုန်တိုင်း၏ ဆိုးကျိုးများကို လတ်တလောအခြေအနေတွင် ဆက်လက်ခံစားနေရဆဲဖြစ်သည်။
ရခိုင်တွင် မုန်တိုင်းတိုက်ခတ်ပြီးနောက် ကုန်ဈေးနှုန်းများမှာ ယခင်ကထက် မြင့်မားလျက်ရှိနေသည်ဟု ဈေးဝယ်သူများထံက သိရသည်။
ယခင်က ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ငွေကျပ် (၅၀၀၀၀)သာရှိခဲ့ပြီး၊ စစ်တပ်က အာဏာသိမ်းပြီးနောက် ငွေကျပ် (၉၀၀၀၀)ကျပ်အထိ မြင့်တက်လာခဲ့ကာ ယင်းမှတစ်ဆင့် “မိုခါ”မုန်တိုင်းဒဏ်ကြောင့် ပေါ်ဆန်းမွှေး တစ်အိတ်ကို ငွေကျပ် (၁၁၀၀၀၀)ကျပ်အထိ ဆက်လက်မြင့်တက်နေကြောင်း သိရသည်။
ပဲဆီတစ်ပိဿာကို အရင်က ငွေကျပ် (၈၀၀၀)ကနေ အာဏာသိမ်းပြီးနောက် ငွေကျပ် (၁၅၀၀၀)ခန့်အထိ မြင့်တက်လာကာ လက်ရှိတွင် ငွေကျပ် (၁၈၀၀၀)ထိ မြင့်မားလျှက်ရှိကြောင်း သိရသည်။
ကြက်သွန်နီတစ်ပိသာကို အရင်က ငွေကျပ် (၁၀၀၀)ခန့်ကနေ အာဏာသိမ်းပြီးနောက် ငွေကျပ်(၂၅၀၀)ကျော် အထိ မြင့်တက်လာကာ လက်ရှိတွင် (၃၀၀၀)ကျော်အထိ ဆက်လက်မြင့်မားနေဆဲဖြစ်ကြောင်း စစ်တွေမြို့ ရှိဈေးဆိုင်များထံက သိရသည်။
“မုန်တိုင်းတိုက်ပြီးတဲ့ အချိန်တုန်းကဆိုရင် ကုန်ဈေးနှုန်းတွေက အရမ်းကိုတက်သွားတယ်။ ပစ္စည်းတစ်ခုတန်ဖိုး တစ်ဆ၊ နှစ်ဆလောက်ကို တက်သွားတာ။ အခုတော့ ဈေးနည်းနည်း ငြိမ်သွားတယ်လို့ပြောလို့ရတယ်” ဟု ဆန်ရောင်းဝယ်ရေး လုပ်ကိုင်နေသည့် ဒေါ်သီတာဦးကဆိုသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲကြောင့် ၂၀၂၁ ခုနှစ်က စတင်၍ စီးပွားရေး ကျဆင်းလာမှုနှင့်အတူ ၂၀၂၂ ခုနှစ်အတွင်းမှာ သိသိသာသာမြင့်တက်လာသည့် ဆင်းရဲနွမ်းပါးမှုဒဏ်များ၊ အလုပ်အကိုင် ရှားပါးမှုဒဏ်များနှင့် ကုန်ဈေးနှုန်းမြင့်မားမှုဒဏ်များကိုပင် ၂၀၂၃ ခုနှစ်အတွင်းတွင် မြန်မာပြည်သူများအနေဖြင့် ပိုမိုခံစားလာနေရသည်။
ကုန်စျေးနှုန်းမြင့်တက်သည့်ဒဏ်ကို တစ်နိုင်ငံလုံး ခံစားနေကြနေရသော်လည်း ဒေါ်ဝင်းမြရီကဲ့သို့ မိသားစုကို အမျိုးသမီးတစ်ယောက်တည်း ဦးဆောင်ရုန်းကန်နေကြသူများဟာ ကုန်စျေးနှုန်းဒဏ်အပြင် အလုပ်အကိုင် ရှားပါးသည့်ဒဏ်ပါ ပိုခံစားလာကြရသည်။
ထို့အထဲတွင် စစ်တွေမြို့အတွင်း သဲ၊ ကျောက်၊ အုတ်များကို တစ်နေ့လုံးထမ်း၍ ပန်းရံလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ကာ စားဝတ်နေရေးကို ဖြေရှင်းနေသည့် မလှမေတစ်ယောက်လည်း အပါအဝင်ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်းရှိ ကုန်ဈေးနှုန်းများ မြှင့်တက်လာသောကြောင့် ထို့ဒဏ်များကို ဖြတ်ကျော်နိုင်ရန် မလှမေတစ်ယောက် ရုန်းကန်နေရခြင်းဖြစ်သည်။
“ကိုဗစ်ဖြစ်တဲ့ အချိန်ကတည်းက ကုန်ဈေးနှုန်းတွေက တဖြည်းဖြည်းတက်လာနေတယ်။ အာဏာသိမ်းလိုက်တော့ ပိုပြီးတော့ ကုန်ဈေးနှုန်းတွေက တက်သွားတယ်။ အလုပ်အကိုင်ကလည်း နှစ်ရက်လုပ်ရရင် သုံးရက်လောက် နားရတယ်” ဟု မလှမေက ပြောသည်။
ယခုလုပ်ကိုင်နေသော မလှမေ၏ ပန်းရံအလုပ်သည် နောက်ထပ်တစ်ပတ်သာ လုပ်ကိုင်ရန်ကျန်ရှိသောကြောင့် အခြားအလုပ်တစ်ခုကို ကြိုတင်၍ ရှာဖွေနေရပြီဖြစ်သည်ဟု ပြောပြသည်။
“အလုပ်က အရမ်းကိုရှားပါးတယ်၊ ရှာရတာလည်း ခက်ခဲတယ်။ ဒီမှာ အလုပ်မရှိရင် မိသားစုစားဝတ်နေရေးတော့ အခက်အခဲရောက်ပါပြီ၊ ဘယ်မှာသွားလုပ်ရမှန်းလည်း မသိတော့ဘူး” ဟု သူမ၏ မိသားစုရှေ့ရေးစားဝတ်နေရေးအတွက် ပူပင်ကာ ပြောပြနေခြင်းဖြစ်သည်။
အလားတူ ပြီးခဲ့သည့် မေလ(၁၄)ရက်နေ့က ရခိုင်ပြည်အတွင်းကို အင်အားပြင်းစွာတိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ကအမျိုးသမီး အခြေခံ အလုပ်သမားများမှာ ဘဝအလှည့်အပြောင်း ဖြစ်သွားရှာသူ များစွာရှိနေကြသည်။
မသန်းသန်းဝေသည် ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာတွင် ငါးရောင်းဝယ်လုပ်ငန်းကို လုပ်ကိုင်နေသူ ဖြစ်သည်။
ယင်းအချိန်က သူမငါးရောင်း၍ရရှိသည့် ဝင်ငွေများဖြင့် မိသားစုအတွက် စားဝတ်နေရေးကို ဖူဖူလုံလုံ ထားနိုင်ခဲ့သော်လည်း “မိုခါ”မုန်တိုင်းဒဏ်ကြောင့် မိသားစုစားဝတ်နေရေးအတွက် စုဆောင်းထားသည့် ဝမ်းစာအားလုံးမှာ တစ်စစီ ပျက်စီးသွားရသည်ဟုဆိုသည်။
“အရင်ကအလုပ်လုပ်ပြီး စုဆောင်းထားတဲ့ အိမ်တွေ၊ ငါးဖမ်းတဲ့စက်လှေတွေ၊ ငါးရောင်းတဲ့ပစ္စည်း အကုန်လုံး မုန်တိုင်းကြားမှာ ပါသွားတယ်။ အခုအဲဒီပစ္စည်းတွေကို ဘယ်ကနေသွားရှာရမှန်း မသိတော့ဘူး။ အခုအလုပ်အကိုင်ကလည်း ရှားပါး၊ ဝင်ငွေကလည်း မရှိဘူးဖြစ်နေတော့ သေလုမတတ်ခံစားနေရတယ်” ဟု အိမ်ထောင်တစ်ခုလုံးစာ ပျက်စီးသွားသည့် ငွေတန်ဖိုးများကိုချပြလျက် တဝဲဝဲကျနေသော မျက်ရည်စက်များကို လက်ဖြင့်သုတ်ကာ မသန်းသန်းဝေက ပြောပြနေခြင်းဖြစ်သည်။
ကုန်ဈေးနှုန်းမြင့်တက်မှု၊ ရရှိသည့်ဝင်ငွေ နည်းပါးမှု၊ အလုပ်အကိုင်ရှားပါးမှုဒဏ်များကြားထဲက ပျက်စီးဆုံးရှုံးသွားသည့် ပစ္စည်းများကို ထပ်မံလုပ်ကိုင်ပြီး ပြန်ရှာရန်အတွက် နေ့စဉ်နှင့်အမျှ တွေးတောစဉ်းစားလျက် စားမဝင်အိပ်မပျော်ဖြစ်နေရသည်ဟု သူမကဆက်ဆိုသည်။
ဒေါ်မချေသည် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာ ဇာတိဖြစ်သည်။ ကျေးရွာတွင် မိသားစု ရပ်တည်ရေးအတွက် အလုပ်အကိုင်ရှားပါးသဖြင့် စစ်တွေမြို့ပေါ်လာရောက်ကာ အလုပ်အကိုင် ရှာဖွေနေခြင်းဖြစ်သည်။
လက်ရှိတွင် စစ်တွေမြို့၊ မင်းဂံအကွက်(၁၁)မှာ နေထိုင်၍ နေအိမ်များကိုလှည့်ကာ အဝတ်လျှော်သည့်အလုပ်ကို လုပ်ကိုင်၍ စားဝတ်နေရေးကို ဖြေရှင်းနေသူတစ်ဦးဖြစ်သည်။
သို့သော်လည်း အဝတ်လျှော်ရသည့်အလုပ်မှာ နေ့တိုင်းလိုလို လုပ်ကိုင်ရခြင်းမရှိသောကြောင့် စားဝတ်နေရေးအတွက် ဝင်ငွေမရှိသည့်နေ့ရက်များက ပိုများသည်ဟုဆိုသည်။ ထိုသို့ ဝင်ငွေမရှိသည့်အတွက် မြင့်မားနေသော ကုန်ဈေးနှုန်းများ၏တန်ဖိုးကို ရင်ဆိုင်ရန် အခက်တွေ့နေခြင်းလည်းဖြစ်သည်။
“အလုပ်ရှာမရတော့ ဒီအလုပ်ကိုပဲ လုပ်ကိုင်ရတယ်။ မလုပ်ရင် ထမင်းငတ်ဖို့ပဲ ကျန်တော့တယ်။ အလုပ်ကလည်း ပုံမှန်တော့ မလုပ်ရဘူး။ အလုပ်လက်မဲ့ဖြစ်နေတဲ့ နေ့တွေက ပိုများတယ်” ဟု ဒေါ်မချေက ဆက်ပြောသည်။
ဒေါ်မချေသည် စစ်တွေမြို့တစ်မြို့လုံးကို လှည့်ပတ်ကာ နံနက်(၈)နာရီမှ ညနေ (၆)နာရီအထိ ရေခဲချောင်းရောင်းချသည့် အလုပ်ကိုလည်း လုပ်ကိုင်ခဲ့ဖူးသည်။
ယင်းအလုပ်သည် ထင်သလောက် အမြတ်ငွေမရှိဘဲ အရှံးများနှင့်သာရင်ဆိုင်ခဲ့ရသောကြောင့် စွန့်လွှတ်ကာ အခုအဝတ်လျှော်သည့် အလုပ်ကို လုပ်ကိုင်နေရခြင်းဖြစ်သည်။
၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ပြုလုပ်ထားသည့် ကမ္ဘာကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) စစ်တမ်းအရ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးနှုန်းထားများကို နိုင်ငံတစ်ဝှမ်းရှိနေရာများမှ ကောက်ယူရာတွင် ချင်းပြည်နယ်သည် (၇၃)ရာခိုင်နှုန်းဖြင့် ပထမနေရာတွင် ရပ်တည်လျှက်ရှိနေပြီး ရခိုင်ပြည်နယ်သည် (၄၄)ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိကြောင်း ဖော်ပြထားသည်။
၂၀၁၇ ခုနှစ်တွင် ထပ်မံ့ပြုလုပ်ထားသည့် ကမ္ဘာကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) စစ်တမ်းအရ ရခိုင်ပြည်နယ်တွင် ဆင်းရဲနွမ်းပါးမှုနှုန်းသည် (၄၁ ဒသမ ၆)ရာခိုနှုန်းဖြင့် ဒုတိယနေရာတွင် ဆက်ရှိနေပြီး လူဆယ်ဦးတွင် လေးဦးမှာ ဆင်းရဲနွမ်းပါးမှုများ ရှိနေခြင်းဖြစ်သည်ဟု စစ်တမ်းအရသိရသည်။
လက်ရှိရခိုင်တွင် “မိုခါ”မုန်တိုင်းဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြသူဦးရေ (၁၅၄၇၇၆၁)ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၅၇ ဒသမ ၀၃ ရာခိုင်နှုန်းရှိသည်ဟု ရက္ခိုင့်တပ်တော်(AA)က ဖွဲ့စည်းထားသည့် မုန်တိုင်းဒဏ်သင့် အာရက္ခ အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (Cyclone Mocha ERRCA)က ထုတ်ပြန်ထားသည်။
ထို့အထဲတွင် စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ် စသည့်ဒေသများက ဒေသခံများမှာ မုန်တိုင်းဒဏ်ကို ပိုမိုခံခဲ့ရခြင်းဖြစ်သည်။
ရခိုင်ပြည်သည် နဂိုကတည်းကပင် ဆင်းရဲနွမ်းပါးမှုများနှင့် ကြုံနေရသည့်အထဲတွင် ယခုလို “မိုခါ”မုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် ဆင်းရဲနွမ်းပါးမှုဒဏ်ကို ပိုမိုကြုံလာရသည်ဟု ရခိုင်ရှိ အရပ်ဖက်အဖွဲ့အစည်းများက သုံးသပ်ပြောဆိုကြသည်။
ထိုဒဏ်များအသီးသီးကို ခံစားနေခဲ့ရသည့် ရခိုင်ပြည်အတွင်းက အမျိုးသားများနှင့် အမျိုးသမီးများမှာ ထိုင်း၊ မလေးရှား၊ တရုတ်နှင့် စင်ကာပူ စသည့်ပြည်ပနိုင်ငံသို့ ထွက်ခွာမှုများရှိလာသည်။
၂၀၂၂ ခုနှစ်အတွင်းတွင် ပြည်ပနိုင်ငံများသို့ တရားဝင်လမ်းကြောင်းမှ ထွက်ခွာသူဦးရေ စုစုပေါင်း (၃)သောင်းကျော် ရှိခဲ့ပြီး (၃)ပုံ (၂)ပုံမှာ အမျိုးသမီးများဖြစ်သည်ဟု အလုပ်သမားအရေးနှင့်ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများ၏ စာရင်းအရသိရသည်။
ရခိုင်ပြည်အတွင်း လုပ်ကိုင်လျက်ရှိနေသည့် အခြေခံအလုပ်အကိုင်များမှာလည်း လုပ်အားခနည်းပါးပြီး ဘဝရပ်တည်ရေးအတွက် လုံလောက်သည့်ဝင်ငွေပမာဏ မရရှိသောကြောင့် ပြည်ပသို့ထွက်ခွာမှု ပိုမိုများပြား လာရခြင်းဖြစ်သည်ဟု အလုပ်သမားအရေးဆောင်ရွက်နေသည့် ရန်ကုန်အခြေစိုက် ရခိုင်အမျိုးသားကွန်ရက် ဥက္ကဌ ဦးတင်ထူးအောင်က ပြောသည်။
“အဓိကတော့ လက်ရှိဖြစ်နေတဲ့ လူမှုစီးပွား၊ နိုင်ငံရေးအခြေအနေ အကျပ်အတည်းတွေကြောင့် ဒေသခံပြည်သူတွေမှာ ပြည်ပထွက်ခွာမှု များပြားနေတာ။ နောက်ပြီး ရခိုင်ဒေသက ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတာလည်းပါတယ်” ဟု ဦးတင်ထူးအောင်က ပြောသည်။
ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံ၏ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းများအတွက် လိုအပ်သော အချက်အလက်များကို မျှဝေကူညီပေးနေသည့် Trading Economics အဖွဲ့၏ သုံးသပ်ချက်အရ မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့နှုန်းသည် ၂၀၁၉ ခုနှစ်က ၀ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပြီး အခု ၂၀၂၃ ခုနှစ်တွင် ၂ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု သုံးသပ်ထားသည်။
ရခိုင်တွင် ဆင်းရဲနွမ်းပါးမှုနှင့် အလုပ်အကိုင်ရှားပါးမှုကို လျှော့ချနိုင်ရေးအတွက် ကုန်ဈေးနှုန်းများ ကျဆင်းရန် လိုအပ်သလို အစိုးရနှင့် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့များထံကလည်း လိုအပ်သောအကူအညီများ ရသင့်သည်ဟု ရခိုင်အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်ညိုအေးကဆိုသည်။
“ကုန်ဈေးနှုန်းတွေကတက်တော့ အမျိုးသမီးအလုပ်သမားတွေမှာ ထမင်းဝဝလင်လင် မစားနိုင်ကြဘူး။ မုန်တိုင်းတိုက်ပြီးလို့ အခုရခိုင်ပြည်မှာ လူဆယ်ယောက်မှာ ခုနှစ်ယောက်လောက် ဆင်းရဲနွမ်းပါးပြီး ငတ်မွတ်နေကြတယ်လို့ မြင်မိတယ်။ ခင်ပွန်းမရှိတဲ့ အမျိုးသမီးတွေဆိုရင် ပိုပြီးဒုက္ခနဲ့ကြုံတွေ့နေရတယ်” ဟု ဒေါ်ညိုအေးက ဆိုသည်။
“ဒါတွေကို အစိုးရနဲ့ သက်ဆိုင်တဲ့နိုင်ငံတကာအဖွဲ့တွေက အကူအညီတွေ အများကြီးပေးဖို့လိုအပ်တယ်လို့” ဟု ဒေါ်ညိုအေးက ဆက်ပြောသည်။
သား၊သမီးသုံးဦး၏ တာဝန်ကို ထမ်းပိုးနေသည့် ဒေါ်ဝင်းမြရီမှာ ကြီးမားသည့် မျှော်လင့်ချက်တစ်ခု ရှိနေသည်။ တစ်နေ့တွင် ရရှိသည်ဝင်ငွေလေးဖြင့် မိသားစုသုံးဦး ထမင်းတစ်နပ် ဝဝလင်လင် စားသောက်နိုင်ရေးပင် ဖြစ်ပေသည်။
“ကုန်ဈေးနှုန်းတွေက မြင့်တက်နေတော့ ရပ်တည်ရတာ အရမ်းကိုခက်ခဲတယ်။ ဝင်ငွေနဲ့ထွက်ငွေက မကိုက်ဘူး။ ဒါကြောင့် မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းတွေကို ကျစေချင်တဲ့ဆန္ဒရှိပါတယ်။ ဒါမှ ကျမတို့လိုမိသားစုတွေ ထမင်း ဝဝလင်လင်စားရမှာပါ” ဟု သူမကဆိုသည်။
မြတ်ဆွေ - ရေးသည်။