- ရခိုင်တွင် ၃ လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဒေသခံ ၃၀၀ ကျော် သေဆုံးဒဏ်ရာရ
- ပါကစ္စတန် အဓိကရုဏ်းများကြောင့် သေဆုံးသူ ၁၃၀ ကျော်သွားပြီဟု တာဝန်ရှိသူများ ပြောကြား
- တရားစွဲခံထားရသော သားဖြစ်သူကို သမ္မတဘိုင်ဒန် လွတ်ငြိမ်းချမ်းသာပေး
- ဆေးဝါးရှားပါးမှုကြောင့် သံတွဲက စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်များ မွေးဖွားရန် စိုးရိမ်နေကြ
- လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကုတ်စစ်ဘေးရှောင် ၂ ဦး သေဆုံး၊ ၁၉ ဦးထက်မနည်း ဒဏ်ရာရ
အိမ်ပြန်ခွင့်ရဖို့ ကူညီပေးကြပါ
ရခိုင်ပြည်က အသက် ၂၂ - ၂၆ နှစ်အရွယ် အမျိုးသမီးငယ် ၄ ဦးမှာ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံများဖြစ်သည့် ယူအေအီး(အာရတ်စော်ဘွားများနိုင်ငံ) နှင့် အီရတ်နိုင်ငံသို့ ပွဲစားများမှတဆင့် လူကုန်ကူးခံခဲ့ရပြီး လက်ရှိတွင် “ကူကယ်ရာမဲ့” ဖြစ်နေကြသည်။
22 Jul 2023
“ကျမတို့ကို အတတ်နိုင်ဆုံး ကူညီပေးကြပါ။ ကျမတို့ ကိုယ့်ရခိုင်ပြည်ကိုပဲ ပြန်လာချင်တယ်” ဟု တုန်ရီချောက်ချားသံဖြင့် အသံမက်ဆေ့ချ်ပို့လာသူက အသက် ၂၂ အရွယ် မဟန်နီထွန်း …
အီရတ်နိုင်ငံရှိ မြို့တွင်းတိုက်ခန်းတစ်ခုတွင် ပိတ်လှောင်ခံထားရသူ မဟန်နီထွန်းက သူ၏အခက်အခဲများကို ဆိုရှယ်ပလက်ဖောင်းမှတစ်ဆင့် DMG သို့ အသံမက်ဆေ့ချ်ဖြင့် ဆက်သွယ်သတင်းပို့လာခြင်းဖြစ်သည်။
မဟန်နီထွန်းသည် စစ်တွေမြို့တွင် မိခင်ဖြစ်သူနှင့်အတူနေထိုင်ရင်း အာဏာသိမ်းပြီးနောက်တွင် စားဝတ်နေရေး အကျပ်အတည်းကြောင့် နိုင်ငံခြားသို့ထွက်ပြီး အလုပ်လုပ်ရန်အတွက် ဒူဘိုင်းမြို့သို့ သွားရောက်ခဲ့သည်။
သို့သော်လည်း လက်ရှိတွင် ဒူဘိုင်းမှတစ်ဆင့် အီရတ်နိုင်ငံသို့ ရောင်းစားခံလိုက်ရကြောင်း သူကပြောလာသည်။
မဟန်နီထွန်းနည်းတူ ရခိုင်ပြည်က အသက် ၂၂ - ၂၆ နှစ်အရွယ် အမျိုးသမီးငယ် ၃ ဦးမှာလည်း အရှေ့အလယ်ပိုင်းဒေသက နိုင်ငံများဖြစ်သည့် ယူအေအီး(အာရတ်စော်ဘွားများနိုင်ငံ) နှင့် အီရတ်နိုင်ငံသို့ ပွဲစားများမှတဆင့် လူကုန်ကူးခံခဲ့ရပြီး လက်ရှိတွင် “ကူကယ်ရာမဲ့” ဖြစ်နေကြသည်။
စစ်တွေမြို့က မဟန်နီထွန်း (၂၂ နှစ်) နှင့် မမြတ်အေးစံ(ခ)ဝေဝေ (၂၆ နှစ်)၊ မြောက်ဦးမြို့က မသန်းနွယ်ဌေး (၂၅ နှစ်) နှင့် ရသေ့တောင်မြို့နယ်က မဝင်းဝင်းလှိုင် (၂၂ နှစ်) တို့ကို ပွဲစားဆိုသူများက ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့က အလှပြင်ဆိုင်တစ်ခုတွင် အလုပ်ရမည်ဟုဆိုကာ ရန်ကုန်တွင် တစ်လနေထိုင်စေခဲ့သည်။
ကုန်ကျငွေအားလုံးကို ပွဲစားများကကျခံပေးကာ လုပ်ခလစာရမှ ပြန်ပေးဆပ်ရမည်ဆိုသည့် ကတိကဝတ်ဖြင့် ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ အမျိုးသမီးငယ်များမှာ စစ်တွေမြို့မှ ပွဲစားဖြစ်သူ မခိုင်သန်းအေး နှင့် မနန္ဒာ ဆိုသူများ၏ ချိတ်ဆက်မှုဖြင့် ဒူဘိုင်းတွင်ရှိသည့် မပန်ပန်(ခ)ခင်မြရုံထံ ရောက်ရှိသွားပြီး ရောင်းစားခံလိုက်ရခြင်း ဖြစ်သည်။
“ကျမတို့သွားဖို့အတွက် Passport ၊ လေယာဉ်လက်မှတ်တွေကို မခိုင်သန်းအေးက အကုန်လုံးလုပ်ပေးတာ။ ပြီးတော့ ကျမတို့ကို စစ်တွေကနေ ရန်ကုန်မှာရှိတဲ့ နန္ဒာဆီကို ပို့တယ်။ ရန်ကုန်မှာ နန္ဒာငှားနေတဲ့တိုက်ခန်းမှာ တစ်လလောက် နေခဲ့ရတယ်။ နောက်ပြီးတော့ ဒူဘိုင်းမှာရှိတဲ့ မပန်ပန်ဆီကို ပို့လိုက်တာ” ဟု မဟန်နီထွန်း ပြောသည်။
မဟန်နီထွန်းတို့လေးဦးမှာ ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က ရန်ကုန်သို့ရောက်ရှိခဲ့ပြီး ရန်ကုန်၊ ရွှေပြည်သာတိုက်ခန်းတွင် နေထိုင်ခဲ့ကြသည်။ ယင်းနောက် မေလ ၇ ရက်နေ့တွင် ရန်ကုန်မှ ဒူဘိုင်းမြို့သို့ လေကြောင်းဖြင့် ထွက်ခွာခဲ့ကြသည်။
“ဒူဘိုင်းကိုရောက်တော့ မပန်ပန်က ‘ဒီမှာအလုပ်မရှိသေးဘူး၊ အီရတ်နိုင်ငံကိုသွားရမယ်’ ဆိုပြီးတော့ ပြောတယ်။ ကျမတို့က ‘အီရတ်ဆိုရင် မသွားနိုင်ဘူး’ ပြောတယ်။ သူက ‘မသွားလို့မရဘူး အဲဒီမှာ နင်တို့အတွက် အလုပ်ရထားတယ်’ ဆိုပြီးတော့ ကျမတို့ကို ရောင်းစားခဲ့တာ” ဟု မဟန်နီထွန်းက ပြောသည်။
လက်ရှိမှာ မဟန်နီထွန်းကို အီရတ်နိုင်ငံသားတစ်ဦးက အလုပ်ရှိသည့်နေအိမ်များကို ပို့ဆောင်ပေးကာ၊ အိမ်အလုပ်များကို လုပ်ပေးနေရပြီး လစာမရသည့်အပြင် ထမင်းလည်း ပုံမှန်မစားရပေ။
“ကျမဆိုရင် ထမင်းမစားရတာ နှစ်ရက်ရှိပြီ။ တစ်ရက်မှာ မာမီးခေါက်ဆွဲတစ်ထုတ်ပဲ စားရတယ်။ နေရတာကလည်း သူတို့ပို့ပေးတဲ့ အိမ်တွေရဲ့ ကုလားထိုင်ခုံတွေမှာ အိပ်ရတယ်။ ညညဆိုရင် အိပ်မပျော်ဘူး။ နောက်ပြီးတော့ ဒီမှာက အတင်းအဓမ္မပြုကျင့်တာတွေလည်း ပေါတယ်ဆိုတော့ ပိုပြီး ကြောက်ရွံနေမိတယ်” ဟု မဟန်နီထွန်းက တုန်ရီနေသောအသံဖြင့် ပြောသည်။
လူကုန်ကူးခံရသူထဲမှ မဟန်နီထွန်း၊ မသန်းနွယ်ဌေး၊ မဝင်းဝင်းလှိုင် တို့မှာ အီရတ်နိုင်ငံသို့ ရောက်ရှိသွားကြပြီး တစ်ဦးနှင့်တစ်ဦး အဆက်အသွယ် ပြန်တောက်ကာ တစ်နေရာစီ ဖြစ်နေကြသည်။ တစ်ခါတစ်ရံ အလုပ်ရှင်က ဖုန်းသိမ်းထားပြီး၊ တစ်ခါတစ်ရံ စိတ်ကောင်းသည့် အလုပ်ရှင်များနှင့် တွေ့သည့်အခါ အချိန်အကန့်အသတ်ဖြင့် ဖုန်းအသုံးပြုခွင့်ပေးကြောင်း သိရသည်။
လူကုန်ကူးခံရသူ နောက်တစ်ဦးဖြစ်သည့် စစ်တွေမြို့က မမြတ်အေးစံ (ခ) ဝေဝေမှာ ဒူဘိုင်းမြို့တွင်ရှိနေပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံနေရကြောင်း DMG ကို ပြောလာသည်။
“တစ်ရက်ကို ဒေါ်လာတစ်ရာနဲ့ နေအိမ်တွေမှာ အလုပ်ခိုင်းတယ်။ ရလာတဲ့ငွေတွေကို သူတို့သိမ်းသွားတယ်။ ထမင်းလည်း မစားရဘူး။ နေရတာလည်း အခြေတကျမရှိဘူး။ ဟိုအိမ်ကိုပို့လိုက်၊ ဒီအိမ်ကိုပို့လိုက် အဲဒီလိုနေရတယ်။ အိပ်ရင်လည်း ထိုင်ခုံတွေမှာပဲ”
မိသားစုနှင့် အဆက်သွယ်ရ
မေလ ၁၈ ရက်နေ့တွင် မဟန်နီထွန်းသည် ရခိုင်ပြည်က မိသားစုဝင်များကို အဆက်အသွယ်လုပ်ခဲ့နိုင်ပြီး သူတွေ့ကြုံနေရသော အကြောင်းအရာများကို ပြောပြနိုင်ခဲ့သည်။
သို့သော်လည်း ရခိုင်သို့ပြန်လာဖို့အခြေအနေက မလွယ်ကူတော့ပေ။ မိခင်ဖြစ်သူက ပွဲစားဖြစ်သူမနန္ဒာအား ဖုန်းဆက်သွယ်ရာ - အနည်းဆုံး ဒေါ်လာ ၆,၀၀၀ ပေးမှ အဆင်ပြေမည်၊ သို့သော်လည်း ပြန်ခေါ်နိုင်ရန် အာမခံချက် မပေးနိုင်ဟု ပွဲစားကပြောကြောင်း မဟန်နီထွန်း၏ မိခင်က DMG ကို ပြန်ပြောပြသည်။
“မေလ ၁၈ ရက်နေ့မှာ ကျမသမီးနဲ့ အဆက်အသွယ်ရတယ်။ ‘မေမေ… သမီးရောင်းစားခံလိုက်ရပြီ၊ အခု အီရတ်နိုင်ငံကို ရောက်နေတယ်’ လို့ ပြောတယ်။ အဲဒီလိုပြောတော့ ကျမက သမီးကို ပြန်ခေါ်မယ်ဆိုပြီးတော့ နန္ဒာကို ဖုန်းဆက်တယ်။ ပထမက သူတို့ကို ပြန်ခေါ်မယ်ဆိုရင် ဒေါ်လာ ၃,၀၀၀ ပေးရမယ်ဆိုပြီးတော့ ပြောတယ်။ နောက်တော့ ဒေါ်လာ ၆,၀၀၀ တောင်းတယ်” ဟု မိခင်ဖြစ်သူ ဒေါ်မသန်းရီက ပြောသည်။
ဆက်လက်ပြီး ဒေါ်မသန်းရီက “ကျမတို့မှာ ဆင်းရဲတဲ့အတွက် ဒေါ်လာ ၆,၀၀၀ ဆိုတာ မလွယ်ကူဘူး။ ဆင်းရဲလို့ သမီးလေးက သူများနိုင်ငံကို ထွက်သွားတာ။ ဒေါ်လာ ၃,၀၀၀ ဆိုရင် ရှိတာတွေကိုရောင်းတော့မယ်လို့ ဆုံးဖြတ်ထားတာ။ အခုကတော့ ဒီကိစ္စကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ကူညီပေးစေချင်တယ်” ဟု ပြောသည်။
ပွဲစားနှစ်ဦးအား ဖမ်းဆီးထားပြီ
သမီးဖြစ်သူ ရောင်စားခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ဒေါ်မသန်းရီက မနန္ဒာနှင့် မပန်ပန် တို့နှစ်ဦးကို စစ်တွေမြို့၊ အမှတ်(၁) ရဲစခန်းတွင် ပြည်ပအလုပ်ကိုင်ဆိုင်ရာဥပဒေပုဒ်မ (၂၆) ဖြင့် မေလ ၂၈ ရက်နေ့က အမှုဖွင့်လှစ်ခဲ့ကြောင်း DMG ကို ပြောသည်။
ခိုင်သန်းအေးကိုပါအမှုဖွင့်လိုက်ရင် သမီး ပြန်မရောက်မှာကို စိုးရိမ်တဲ့စိတ်ကြောင့် မဖွင့်ခဲ့တာ...
ယင်းနေ့တွင်ပင် ပွဲစားဖြစ်သူ မနန္ဒာနှင့် မပန်ပန် တို့နှစ်ဦးမှာ ဒူဘိုင်းသို့ထွက်ပြေးရန် ထွက်ခွာလာလာစဉ် မင်္ဂလာဒုံမြို့နယ်၊ လမ်းခုလတ် တစ်နေရာတွင် ရန်ကုန်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသည်ဟု အမှုကို ကူညီဆောင်ရွက်နေသူများထံက သိရသည်။
အမှုလိုက်ပါဆောင်ရွက်နေသည့် ရခိုင်အမျိုးသားကွန်ယက်မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝိုင်းသူဇာက “ကျမတို့က လူကုန်ကူးမှုတားဆီးရေးဥပဒေပုဒ်မ (၂၈) နဲ့ တရားစွဲမယ်။ အခုလောလောဆယ်တော့ ပြည်ပအလုပ်အကိုင်ဥပဒေနဲ့ စွဲထားတာရှိတယ်။ ပြည်ပအလုပ်ကိုင်ဆိုင်ရာ ဥပဒေပုဒ်မ (၂၆) နဲ့ ဥပဒေအရ အာမခံပေးလို့ရရင်တောင် လူကုန်ကူးမှုနဲ့ တိုင်ထားတဲ့အတွက် အာမခံမပေးဖို့ကို တရားရုံးကို လျှောက်ဖို့ရှိတယ်” ဟု ဆိုသည်။
အမှုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားကွန်ရက် ဥက္ကဌ ကိုတင်ထူးအောင်က “ဖမ်းထားတဲ့ပုဒ်မက အာမခံရတဲ့ပုဒ်မ ဖြစ်နေတဲ့အတွက် အာမခံမရတဲ့ လူကုန်ကူးပုဒ်မနဲ့ အရေးယူဖို့အတွက် လုပ်ထားတယ်။ ကျနော်တို့အဖွဲ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးရေးတပ်ဖွဲ့၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့တွေကို တိုင်ကြားထားတယ် ” ဟု ပြောသည်။
၂၀၂၃ နှစ်အတွင်း လူကုန်ကူးမှုနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားကွန်ရက်ထံ တိုင်ကြားလာသည့် ရခိုင်ကအမှု ၅ ခုရှိပြီး အိုမန်၊ ယူအေအီး၊ ထိုင်း နိုင်ငံများသို့ လူကုန်ကူးခံရခြင်းဖြစ်သည်။ လက်ရှိတွင် အီရတ်နိုင်ငံသို့ လူကုန်ကူးခံထားရသည့် ရခိုင်အမျိုးသမီးဦးရေ ၈၀ ကျော်ရှိကြောင်း ရခိုင်အမျိုးသားကွန်ရက်စာရင်းအရ သိရသည်။
ဘာကြောင့် ထွက်သွားရတာလဲ
ရခိုင်ပြည်အတွင်းမှ လူငယ်လူလတ်ပိုင်းအရွယ်များသည် အလုပ်အကိုင်အခွင့်လမ်းသစ်များကို ရှာဖွေရန် ပြည်ပနိုင်ငံသို့ ထွက်ခွာမှုမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေသည်။ ထိုသို့ ပြည်ပထွက်ခွာနေကြသည့် အကြောင်းအရင်းများထဲတွင် မိမိဒေသ၌ စက်ရုံအလုပ်ရုံနည်းပါးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းတို့က အဓိက ပါဝင်နေသည်။
ရခိုင်ကလူငယ်များ ဒေသစွန့်ခွာနေကြသည်မှာ ဆယ်စုနှစ် ၂ ခုကျော်လွန်လာပြီး ယင်းအထဲတွင် အမျိုးသမီးများမှာလည်း နိုင်ငံရပ်ခြားသို့ စွန့်စားထွက်ခွာမှုများကို တွေ့လာရသည်။
“အဓိကတော့ ရခိုင်ပြည်တွင်းထဲမှာ အလုပ်အကိုင်ရှားပါးလာတယ်။ ကုန်ဈေးနှုန်းတွေ မြင့်လာတယ်။ အဲဒါတွေကို လူငယ်ပိုင်းတွေက မခံနိုင်တဲ့အတွက် ပြည်ပကိုထွက်ခွာတာ များလာတယ်။ ဆင်းရဲတဲ့အတွက် နိုင်ငံခြားသွားပြီးတော့ မိဘတွေကို ရှာကျွေးချင်တဲ့စိတ်နဲ့သွားကြတာ။ အဲဒါမှာ ပွဲစားတွေက လိမ်လည်ပြီးတော့ ရောင်းစားခံရတာတွေ များလာတယ်” ဟု ရခိုင်အမျိုးသမီးကွန်ယက် ဉက္ကဌ ဒေါ်ညိုအေး ကပြောသည်။
နိုင်ငံခြားသို့ လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီးများကို လူသားချင်းစာနာမှုအားဖြင့် စစ်ကောင်စီ တာဝန်ရှိသူတို့က မြန်မာသံရုံးနှင့်ချိတ်ဆက်ပြီး မိသားစုထံသို့ အမြန်ဆုံးရောက်နိုင်အောင် ဝိုင်းဝန်းကယ်တင်ရန် လိုအပ်ကြောင်း ရခိုင်အမျိုးသမီ အဖွဲ့အစည်းများက ထောက်ပြကြသည်။
“အခုလို ရခိုင်ပြည်မှာ အကျပ်အတည်းတွေကို ပိုပြီး ခံနေရမယ်ဆိုရင် ဒီအမှုတွေက ပိုပြီးတော့ ဖြစ်လာမယ်လို့ ယူဆတယ်။ ဒါတွေကို သက်ဆိုင်ရာတွေကလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ လိုအပ်တယ်” ဟု ဒေါ်ညိုအေးက ပြောသည်။
မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးပြီး ဆင်းရဲမွဲတေမှုဒဏ်ကြောင့် အိမ်နီးချင်း ထိုင်း၊ မလေး၊ တရုတ် စသည့်နိုင်ငံများအပြင် လစာဝင်ငွေအများအပြားရသော အရှေ့အလယ်ပိုင်းဒေသက ယူအေအီး(အာရပ်စော်ဘွားများနိုင်ငံ)၊ ဆော်ဒီအာရေဗျနိုင်ငံ အပါအဝင် အိုမန်နိုင်ငံအထိပါ သွားရောက်အလုပ်လုပ်ကိုင်မှုများ ရှိနေပြီး လူကုန်ကူးခံရမှုများလည်း အများအပြားရှိနေသည်။
“တစ်ခါတစ်လေကျရင် တိုက်ပေါ်ကခုန်ဆင်းပြီး သတ်သေချင်စိတ်ပေါက်တယ်။ ဒါပေမယ့် မိဘတွေရှိသေးတယ်ဆိုတဲ့ စိတ်တစ်ခုလေးနဲ့ ဖြေသိမ့်နေရတယ်” ဟု မဟန်နီထွန်းက ငိုရှိုက်သံဖြင့် ပြောသည်။
အမျိုးသမီးငယ်လေးများ အိမ်ပြန်လာနိုင်ရေးအတွက် မိသားစုဝင်များက ဌာနဆိုင်ရာနှင့် အမျိုးသမီးအရေးအဖွဲ့များထံ အကူအညီတောင်းထားပြီး မကြာမီကာလတွင် မဟန်နီထွန်းတို့လေးဦး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာစွာဖြင့် အိမ်ပြန်လာဖို့ မျှော်လင့်နေခြင်းမှတစ်ပါး ....
ဝင်းညွန့် ရေးသည်။
Development Media Group - DMG