အိမ်ပြန်ရောက်ပြီ၊ သို့သော်…

လမ်းတလျှောက်မှာ မီးရှို့ခံထားရသည့် ဖရိုဖရဲဆွေးမြေ့သည့် နေအိမ်ဟောင်းများနှင့် အချို့နေအိမ်များမှာ အသစ်တဖန် ပြန်လည်တည်ဆောက်ထားသည့် ယာယီအိမ်ငယ်များကို တွေ့ရသည်။

လူသွားလမ်းများနှင့် ခြံဝင်းကျယ်များမှာလည်း ခြုံနွယ်ပိတ်ပေါင်းများလည်း ထူထပ်နေသဖြင့် လူမနေသည်မှာ နှစ်အတော်ကြာခဲ့ပုံပေါက်သည်။ ထိုနေရာကား...

By Admin 19 Oct 2024

ကစ္ဆပနဒီမြစ်ကမ်းနံဘေးက ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာကို တွေ့ရစဉ်။
ကစ္ဆပနဒီမြစ်ကမ်းနံဘေးက ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာကို တွေ့ရစဉ်။

ဝင်းညွန့် - ရေးသည်။

ကစ္ဆပနဒီမြစ်ကမ်းစပ်ကနေ တက်လိုက်သည့်နှင့် ရွာဝင်တစ်လျှောက်မှာ အရင်လိုမဟုတ်ဘဲ ခြောက်ကပ်နေသည်။

လမ်းတလျှောက်မှာလည်း မီးရှို့ခံထားရသည့် ဖရိုဖရဲဆွေးမြေ့သည့် နေအိမ်ဟောင်းများနှင့် အချို့နေအိမ်များမှာ အသစ်တဖန် ပြန်လည်တည်ဆောက်ထားသည့် ယာယီအိမ်ငယ်များကို တွေ့ရသည်။

လူသွားလမ်းများနှင့် ခြံဝင်းကျယ်များမှာလည်း ခြုံနွယ်ပိတ်ပေါင်းများလည်း ထူထပ်နေသဖြင့် လူမနေသည်မှာ နှစ်အတော်ကြာခဲ့ပုံပေါက်သည်။

ယင်းရွာမှာ ၂၀၂၀ ခုနှစ် ရခိုင်တိုက်ပွဲကာလက စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာဖြစ်သည်။

ကျောက်တော်မြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်(AA) က ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလတွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် ရွာသားများမှာ မတ်လအတွင်းက နေရပ်ပြန်ပြီး ပြန်လည်နေထိုင်ရန်အခွင့်သာခဲ့သည်။

အဆိုပါရွာသားများမှာ စစ်ဘေးရှောင်စဉ်အတွင်းက ပါလာသည့် တာပေါ်လင်စများနှင့် နေအိမ်များကို ယာယီပြုပြင်ပြီး ဘဝသစ်ကို ပြန်လည်စတင်ဖို့ ကြိုးစားနေဆဲဖြစ်သည်။

" အခုက စစ်ဘေးရှောင်စခန်းကပါလာတဲ့ တာပေါ်လင်စတွေနဲ့ မိုးပြီး အိမ်တွေပြုပြင်ထားတယ်။ တောင်တွေတက်ပြီးတော့လည်း ဝါးမခုတ်ရဲသေးဘူး။ ရှိတာလေးနဲ့ ဆောက်ပြီးနေနေရတယ် " ဟု ဒေါ်မလှသိန်းက ပြောသည်။

အိမ်ခြေ ၆၀၀ ကျော်ရှိသည့် တင်းမကျေးရွာကို စစ်ကောင်စီက ၂၀၂၀ ပြည့်နှစ် မတ်လတွင် မီးရှို့ ဖျက်ဆီးခဲ့မှုကြောင့် နေအိမ် ၁၃၀ ကျော် ပြာကျခဲ့ရသည်။ ကျန်နေအိမ်များမှာလည်း သဘာဝဘေးဒဏ်၊ ဖျက်ဆီးခံရမှုများကြောင့် အလုံးစုံပြိုလဲခဲ့ရသည်။

ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ပျက်စီးနေသည့် နေအိမ်အချို့ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက တွေ့ရစဉ်။ 

၄ နှစ်အကြာရွာကို စွန့်ခွာပြီး စစ်ဘေးရှောင်အဖြစ်နှင့် နေခဲ့ရသည့် တင်းမရွာသားများမှာ ရွာကို ပြန်ရောက်ချိန်၌ ကိုယ့်အိမ်ကိုတောင် မှတ်မရကြဟု ဖွင့်ဟကြသည်။ နေအိမ်များမှာ ခြုံနွယ်များ ဖုံးလွှမ်းခံရပြီး တောနက်ကြီး အလားအသွင်ပြောင်းနေကြောင်း ပြောဆိုကြသည်။

" ရွာကို ပြန်လည်တည်ဆောက်ဖို့ ရောက်တဲ့ အချိန်က ရွာမှာခြုံတွေထူထပ်နေတယ်။ ခြုံတွေ ထူထပ်နေတာဆိုတော့ မိုင်းအန္တရာယ်ကို စိုးရိမ်တယ်။ ULA/AA က လာပြီးတော့ မိုင်းရှင်းလင်းပေးပြီးမှ ပေါင်း၊ မြက်တွေကို ရှင်းပေးပြီးမှ ဝင်ခဲ့ရတယ်" ဟု ဦးမောင်သာစိန်က ပြောသည်။

တိုက်ပွဲမဖြစ်ခင် ယခင်ကာလတုန်းက ရွာသားများမှာ ကိုယ်ပိုင်လယ်ယာ၊ ကျွဲ၊ နွားများနှင့် သာယာအေးချမ်းစွာ လုပ်ကိုင်စားသောက်ပြီး အဆင်ပြေခဲ့ကြသည်။

သို့သော် ယခုရွာကို ပြန်ရောက်ချိန်တွင် ကျွဲ၊ နွားများနှင့် လယ်ယာသုံးပစ္စည်းများ မရှိတော့သဖြင့် စိုက်ပျိုးရေး၊ လယ်ယာလုပ်ငန်း စတင်လုပ်ကိုင်ရန် ခက်ခဲနေကြသည်။

ယင်းကြောင့် လက်ရှိ စားဝတ်နေရေးအပိုင်းတွင် တင်းမကျေးရွာရှိ လူတိုင်းသည် အခက်ခဲကိုယ်စီနှင့် ဖြစ်နေကြောင်း ပြောကြသည်။

လက်ရှိတွင် မိုးရာသီဖြစ်သည့်အတွက် ရွာသားများမှာ ကျေးရွာအနီးရှိ တောင်တောများတွင် အရဲစွန့်ပြီး မျှစ်ချိုးခြင်း၊ ဖားရှာ၊ ငါးရှာ စသည့် အလုပ်များဖြင့် တစ်ရက်စာတစ်ရက် ရှာဖွေစားသောက်နေကြရသည်။

" အခုလက်ရှိ စားဝတ်နေရေးအခြေအနေက မျှစ်တွေချိုးတယ်။ မြောင်တွေမှာ ခရု၊ ကဏန်းတွေရှာတယ်။ ဒါတွေကို ရောင်းပြီးတော့ တစ်နပ်စာတစ်နပ် ရှာကြံပြီး စားသောက်နေရတယ် " ဟု ဒေါ်မဝင်းကြည်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်းက တင်းမ၊ ပြိုင်းတိုင်း၊ မာလာ၊ မီးဝစသည့် ကျေးရွာများနှင့် တောင်ရှည်တောင် အနီးတဝိုက်တွင် စစ်ကောင်စီနှင့် AA တို့ ရက်ပေါင်း ၄၀ ကျော်ကြာထိ တိုက်ပွဲများ အပြင်းထန်ဆုံးဖြစ်ခဲ့သည်။

ယင်းတိုက်ပွဲအတွင်း တင်းမရွာအနီးက တောင်ရှည်တောင်ဗျူဟာကုန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ထောင်နှင့်ချီ တပ်စွဲနေထိုင်ခဲ့ကြောင်း ရွာသားများက ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများမှာ ကျေးရွာသားများကို AA သံသယနှင့် ဖမ်းဆီးနှိပ်စက်ခြင်း၊ ရွာသားပိုင် ကြက်၊ ဆိတ်များကို ဖမ်းယူစားသောက်မှုများရှိခဲ့သည်။

ထိုအချိန်က စစ်ကောင်စီဖမ်းဆီးခဲ့သည့် တင်းမရွာသား ၁၈ ဦးမှာ လက်ရှိအချိန် သတင်းအစနမရဘဲ ပျောက်ဆုံးနေသည်။

လက်ရှိတွင် တောင်ရှည်တောင်ဗျူဟာကုန်းကို AA က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်တွင် အပြီးသတ်သိမ်းပိုက်ထားသည်။

ဓာတ်ပုံ - AA Info Desk

တောင်ရှည်တောင်ဗျူဟာကုန်းသည် စစ်ကောင်စီအတွက် စစ်ရေးအရ အလွန်အရေးပါသည့်စခန်းတစ်ခုဖြစ်သည်။ အနီးအနားရှိ ငန်းတောင်၊ လိပ်ခေါင်း၊ မီးဝစသည့် စစ်ကောင်စီတပ်စခန်းများကို လက်နက်ခဲယမ်းပို့ပေးနေသည့် နေရာလည်း ဖြစ်သည်။

စစ်ကောင်စီ တပ်စွဲနေထိုင်ခဲ့စဉ်က ဗျူဟာကုန်းပတ်ပတ်လည်နှင့် ကျေးရွာအနီးအနားတွင် မိုင်းထောင်ထားခဲ့မှုများရှိခဲ့သည်။

AA သိမ်းပိုက်ပြီးနောက် တောင်ရှည်တောင်အနီး အချို့နေရာများကို မိုင်းရှင်းပေးခဲ့သော်လည်း လက်ကျန်မိုင်းများမှာ နေရာအနှံ့တွင် ရှိနိုင်သေးဖြင့် ဒေသခံများမှာ တောတောင်များကိုမှီခိုပြီး လုပ်ကိုင်စားသောက်ရန် စိန်ခေါ်မှုများစွာ ရှိနေသည်။

" တောတောင်တွေကိုလည်း ကျနော်တို့က မသွားရဲဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ တောင်ရှည်တောင်ဗျူဟာကုန်း ပတ်ပတ်လည်မှာ စခန်းငယ်တွေ ချထားတယ်။ အဲဒီတောတောင်တွေမှာ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက် တွေရှိမယ်။ နောက်ပြီးတော့ မိုင်းတွေရှိမယ်"

"အဲဒါကြောင့် တောထဲ၊ တောင်ထဲမသွားရဲဘူး။ (မိုင်းမရှိလို့ထင်ရတဲ့) နေရာ အဝေးကြီးတွေကနေ သစ်တွေဝါးတွေခုတ်ပြီး အခု တဲထိုးပြီး နေနေရတယ် " ဟု ဦးစိုးသိန်းက ပြောသည်။

ဦးစိုးသိန်းသည် ကျောက်တော်မြို့၊ မီးရထားဘူတာစစ်ဘေးရှောင်စခန်းတွင် ၄ နှစ်အကြာ နေထိုင်ခဲ့ပြီး လက်ရှိ တင်းမကျေးရွာတွင် မိသားစုဝင် ၃ ဦးဖြင့် နေထိုင်နေသည်။

ပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် ကျန်းမာရေးကဏ္ဍမှာလည်း တင်းမရွားသားများမှာ အခက်အခဲရှိနေကြသည်။

ယခင်က တင်းမကျေးရွာတွင် တိုက်နယ်ဆေးရုံနှင့် ဝန်ထမ်းများရှိသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိ အဆင်ပြေခဲ့သည်။ လက်ရှိတွင် ဆေးရုံ၊ ဆေးခန်းများ မရှိတော့သဖြင့် အရေးပေါ်လူနာများ အတွက် အသက်အန္တရာယ်စိုးရိမ်စရာ ဖြစ်နေကြောင်း ပြောဆိုကြသည်။

တင်းမကျေးရွာမှ သူနာပြုအကူ မသန်းသန်းစောက " အရင်တုန်းကဆိုရင် ဆေးကုရတဲ့ အပိုင်းတွေမှာ အဆင်ပြေတယ်။ အခုက တည်ထောင်စဆိုတော့ ကွာခြားမှုတွေ အများကြီးရှိတယ်။ ကျန်းမာရေးဝန်ထမ်းတွေ မရှိတဲ့အတွက် ဖြစ်သလို ဆေးကုနေရတယ်။ တစ်ခါတစ်လေ ရမ်းကုတွေနဲ့ ဆေးစပ်ပြီးတော့ သောက်နေရတယ် " ဟု ပြောသည်။

တင်းမဆေးရုံမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖောင်းထွင်းဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ရပြီဖြစ်သည်။ လက်ရှိ တင်းမရွာအပါအဝင် အနီးနားကျေးရွာများတွင် ဆေးရုံ၊ ဆေးခန်းနှင့် ဆရာဝန်မရှိခြင်းအပြင် ဆေးဝါးပြတ်လပ်မှုများပါ ကြုံတွေ့နေရသည်။

လက်ရှိတွင် မိုးရာသီဖြစ်သောကြောင့် ဒေသခံများမှာ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများရှိပြီး သေဆုံးသူများလည်း ရှိနေသည်။

ကျောက်တော်မြို့ပေါ်သို့ သွားပြီး ဆေးကုမည်ဆိုလျှင်လည်း ဒေသခံများမှာ စားဝတ်နေရေး အဆင်မပြေမှု၊ စက်သုံးဆီ ဈေးမြင့်တက်မှုတို့ကြောင့် ထင်သလောက်မလွယ်ကူဖြစ်နေကြောင်း ပြောဆိုကြသည်။

ထို့အတူ ပညာရေးကဏ္ဍတွင်လည်း စာသင်ကျောင်းများ ပျက်စီးသွားသည့်အတွက် ယနေ့အချိန်ထိ စာသင်ကြားခွင့် ခက်ခဲနေကြသည်။

စေတနာ့ဝန်ထမ်းအဖြစ် မူလတန်း အဆင့် စာသင်ပေးနေသူ ဒေါ်စိန်ဝင်းဖြူက " ကလေးတွေက စစ်ဘေးရှောင် စခန်းမှာလည်း ကျောင်းမတက်ခဲ့ရဘူး။ အခု ရွာကိုရောက်လာရင်လည်း ကျောင်းမဖွင့်တဲ့အတွက် စာမသင်ရဘူး။ ကလေးတွေက ပညာရေးထိခိုက်နစ်နာမှုတွေအများကြီးရှိတယ်။ ဒါကြောင့် ကလေးတွေကို စာရေး၊ စာဖတ်တတ်အောင် သင်ကြားပေးနေတာပါ " ဟု ဆိုသည်။

ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ပျက်စီးနေသည့် စာသင်ကျောင်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက တွေ့ရစဉ်။

တင်းမကျေးရွာရှိ တက္ကသိုလ်ကျောင်းသူ/သားများအပါအဝင် အမျိုးသမီးငယ်များမှာ ကျောင်းနေရမည့် အချိန်၌ ပညာမသင်ကြားနိုင်ပဲ တောတောင်ထဲကို သွားပြီး ဓညှင်းသီးခူး၊ မျှစ်ချိုးစသည့် အလုပ်များနှင့် အနာဂတ် အိမ်မက်များလည်း ပျောက်ဆုံးနေကြောင်း ပြောဆိုကြသည်။

ယင်းကြောင့် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပြန်လည်တည်ဆောက်ရေးစသည့် ကဏ္ဍအသီးသီးတွင် စိန်ခေါ်မှု များစွာကို ခါးစည်းခံနေရသည့် တင်းမကျေးရွာသားများမှာ အကူအညီထောက်ပံ့မှု လိုအပ်နေသည်။

အာရက္ခတပ်တော်အနေဖြင့်လည်း နိုင်ရာဘက်မှ တင်းမရွာပြန်လည်တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ကူညီထောက်ပံ့မှုများ ပံ့ပိုးပေးရန် ရွာသားများက မျှော်လင့်နေကြသည်။

နိုင်ငံတကာ (သို့မဟုတ်) အရပ်ဘက် အဖွဲ့အစည်းများထံမှ အကူအညီမရှိခဲ့လျှင် တင်းမကျေးရွာမှာ ယခင် အတိုင်း ပြန်လည်ရှင်သန်ရန် ဆယ်စုနှစ်လောက်ကြာဦးမှာဖြစ်ကြောင်း ပြောဆိုကြသည်။

" အခုထိလည်း အမိုးအကာအောက်ကို မရောက်သေးတဲ့ ရွာသားတွေ ရှိနေသေးပါတယ်။ အကူအညီ အဖွဲ့အစည်းတွေ မရှိဘူးဆိုရင် တင်းမရွာက နဂိုအတိုင်းပြန်ရောက်ဖို့အတွက် နောက်အနည်းဆုံး ၆ နှစ်လောက်တော့ ကြာဦးမယ် " ဟု တင်းမကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဦးဝါယမိန္ဒက မိန့်ကြားသည်။

မည်သို့ပင်ဆိုစေ တင်းမကျေးရွာသားများမှာ ယခင်က နေရပ်ကို ပြန်နိုင်ရေး မျှော်လင့်ချက်မဲ့ခဲ့သော်လည်း ယခုအခါ ဇာတိမြေကို ပြန်ရောက်လာပြီဖြစ်သဖြင့် ဝမ်းနည်း ဝမ်းသာဖြစ်ရကြောင်း ဦးစိုးသိန်းက ပြောသည်။

" ကျနော်တို့က ရွာကို ပြန်ရမယ်လို့တောင် မထင်ခဲ့ဘူး။ ' ဒီတစ်သက်ရွာကို ပြန်နိုင်မယ်မထင်နဲ့ ' ဆိုပြီးတော့ စစ်တပ် (စစ်ကောင်စီတပ်) အရာရှိတွေလည်း ပြောဖူးတယ်။ အခုလို ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ရောက်တော့ အတိုင်းမသိ ဝမ်းသာတာပေါ့။ ရွာကို မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေကိုလည်း အမြန်ဆုံးအိမ်ပြန်ရောက်နိုင်ဖို့ ဆုတောင်းပေးပါတယ် "