ရွာသားတွေကို မျှော်နေတဲ့ ရွာပျက်ကြီး
တိုက်နယ်ဆေးရုံ၊ အထက်တန်းစာသင်ကျောင်းတို့ရှိ၍ အနီးပတ်ဝန်းကျင်ကျေးရွာများကပင် မှီခိုအားထားခဲ့ရသော တင်းမကျေးရွာသည် ယခုအခါတွင် ညှိုးငယ်စွာဖြင့်ရှိနေလေသည်။ တိုက်ပွဲကာလ ရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတို့ကြောင့် လက်ရှိတင်းမကျေးရွာအတွင်းမှ နေအိမ်များမှာ မီးလောင်ပျက်စီးလျက်ရှိကြသည်။
29 Mar 2022
DMG ၊ မတ် ၂၉
(ဆောင်းပါး)
မီးလောင်ကျွမ်းထားသည့် နေအိမ်အဆောက်အဦများနှင့် ခြုံနွယ်များဖုံးလွှမ်းနေသည့် ရွာပျက်ကြီးကား ကုလားတန်မြစ်၏အရှေ့ဘက်တွင် အထီးကျန်စွာတည်ရှိနေသည်။ ထိုကျေးရွာပျက်ကြီးမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ထဲမှ အိမ်ခြေ (၆၀၀)ခန့်ရှိသည့် စံပြကျေးရွာတစ်ရွာဖြစ်သော တင်းမကျေးရွာပင် ဖြစ်သည်။
တိုက်နယ်ဆေးရုံ၊ အထက်တန်းအဆင့်စာသင်ကျောင်းတို့ရှိ၍ အနီးပတ်ဝန်းကျင်ကျေးရွာများမှပင် မှီခိုအားထားခဲ့ရသော တင်းမကျေးရွာသည် ယခုအခါတွင် ညှိုးငယ်စွာဖြင့်ရှိနေလေသည်။ တိုက်ပွဲကာလ အတွင်းက ရွာအတွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲမှုတို့ကြောင့် လက်ရှိတင်းမကျေးရွာအတွင်းမှ နေအိမ်များမှာ မီးလောင်ပျက်စီးလျက်ရှိကြသည်။
တင်းမကျေးရွာမှာ လူသူကင်းမဲ့လျက် အမှန်စင်စစ် စစ်တလင်းပြင်ဖြစ်ခဲ့ရသည်မှာ ၂ နှစ်ခန့်ရှိခဲ့ပြီဖြစ်သည်။ တိုက်ပွဲငြိမ်သက်နေချိန် ၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့က တင်းမကျေးရွာသားအချို့နှင့် လွှတ်တော်အမတ်ဟောင်းတို့စုပေါင်း၍ တင်းမရွာအခြေအနေကိုသိရှိနိုင်ရန်အတွက် သွားရောက်ခဲ့ကြသည်။ သို့ရာတွင် မြင်ရသည့်မြင်ကွင်းများက ကျေးရွာသားများအဖို့ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ခဲ့ရသည်။ မီးလောင်ဒဏ် ခံထားရသည့် နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းတို့မှာ ပျက်စီးကျိုးပဲ့လျက်ရှိကြသည်။
မီးလောင်ထားသည့် နေအိမ် ၁၃၀ ကျော်နှင့် ဘုန်းတော်ကြီးကျောင်း၊ သိမ်၊ ဓမ္မာရုံတို့မှာ မြင်မကောင်းအောင် ဖြစ်နေသည်။ အလားတူ မီးမလောင်ဘဲကျန်ခဲ့သည့် နေအိမ်များနှင့် စာသင်ကျောင်း၊ ဆေးရုံတို့မှာလည်း ချုံနွယ်ပေါင်းပင်များ၏ ဝါးမျိုခြင်းကိုခံထားရကာ ရွာပျက်ကြီးသဖွယ် ချောက်ချားစရာကောင်းနေလေသည်။ အဆိုပါကျေးရွာမှ ထွက်ခွာသွားကြသော ကျေးရွာသားများ၏ပြန်အလာကို ကျေးရွာကြီးက စောင့်ဆိုင်းနေသည့်ဟန်ရှိနေသည်။
“ရွာကိုသွားကြည့်တော့ မကြည့်ဝံ့၊ မမြင်ဖူးတဲ့ပုံစံကို သိပ်အကျဉ်းတန်အရုပ်ဆိုးတဲ့ အနေအထားဖြစ်လာတာကို မြင်ရတယ်။ အရင်က ကောင်းသည်၊ဆိုးသည်ဖြစ်စေ ကိုယ့်အိမ်လေးတွေနဲ့ ဝေဝေဆာဆာနေထိုင်ခဲ့ကြတယ်။ အခုက ပြာပုံတွေတထောင်းထောင်းလွှင့်ပြီး ခြုံတွေတက်ပြီး တောကြီးလိုဖြစ်နေတယ်။ ရင်ထဲမှာ အများကြီး မခံစားနိုင်ဖြစ်ရတယ်”ဟု တင်းမကျေးရွာသား ဦးစောသိန်းကဖွင့်ဟသည်။
ဦးစောသိန်းတို့မိသားစုမှာ တင်းမကျေးရွာကိုစွန့်ခွာကာ ကျောက်တော်မြို့၊ မီးရထားဘူတာ စစ်ဘေးဒုက္ခသည်စခန်းရှိ ၁၂ ပေပတ်လည် အခန်းကျဉ်းထဲတွင် အနေအထိုင်၊ အစားအသောက် ဆင်းရဲကျပ်တည်းစွာဖြင့် လက်ရှိနေထိုင်လျက်ရှိနေသည်။
“စစ်ဘေးရှောင်ဘဝမှာ မနေချင်တော့ဘူး”ဟု အသက် ၅၁ နှစ်အရွယ် ဦးစောသိန်းက ညည်းညူစွာဖြင့် ပြောသည်။ စစ်ဘေးရှောင်ဘဝတွင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးတို့ အဖက်ဖက်မှ ဆုံးရှုံးနေရသည့်အပြင် ရေရှည်ဘဝအနာဂတ်အတွက်လည်း မရေရာပဲဖြတ်သန်းနေရသည်ကို စိတ်ကုန်လာသည်ဟု ၎င်းကဆိုပြန်သည်။
ဒုက္ခသည်စခန်းကိုမရောက်မီအချိန်က ဦးစောသိန်းတို့မိသားစုမှာ တင်းမကျေးရွာတွင် လယ်ယာလုပ်ငန်း၊ သီးနှံစိုက်ပျိုးရေးလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။ တပိုင်တနိုင်စိုက်ပျိုး၍ ထွက်ရှိလာသည့် ဟင်းသီး၊ဟင်းရွက်များကို ဇနီးဖြစ်သူက ဈေးတွင်ရောင်းချသည်။ ငွေကြေးဥစ္စာကြွယ်ဝမှု မရှိသော်လည်း ကိုယ့်မြေကိုယ့်လယ်တို့ဖြင့် စိတ်ချမ်းသာစွာနေထိုင်ခဲ့ရသည့်အချိန်များကို ဦးစောသိန်းက တမ်းတမိကြောင်း ပြောသည်။
ထိုအရာများမှာ စစ်ပွဲ၏ရိုက်ခတ်မှုဒဏ်ကြောင့် ရေစုံမျောသွားခဲ့ပြီဖြစ်သည်။ လက်ရှိအချိန်တွင် ဦးစောသိန်းမှာ အလုပ်လက်မဲ့ဘဝဖြင့် ကြုံရာကျပန်းအလုပ်များကိုလုပ်ကိုင်ကာ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရသည်။
စစ်ဘေးဒုက္ခသည်စခန်းတွင် ဆင်းရဲဒုက္ခအဖုံဖုံခံစားနေရခြင်းကို စိတ်ကုန်လာသည့် ဦးစောသိန်းမှာ မိမိနေရပ်ကိုပြန်ကာ ဘဝကိုပြန်လည်တည်ဆောက်ချင်နေသောစိတ်ဆန္ဒက ပြင်းပြနေသည်။
“အခုက ဘာတစ်ခုမှ လက်ဆုပ်လက်ကိုင်မရှိဘူး။ လက်နဲ့ဖဝါး ထွက်ပြေးလာတာဆိုတော့ တစ်ခုမှ အဆင်မပြေဘူး။ သူများကပေးတာ၊ လှူတန်းတာကိုပဲ လက်လှမ်းပြီး တမျှော်မျှော်ဒုက္ခသည်ဘဝမျိုးနဲ့ ဖြစ်နေရတယ်။ ဒါတွေကို ကျနော်တို့ငြီးငွေ့လာနေပြီ”ဟု သူကဆိုသည်။
စစ်ပွဲ၏မြေစာပင်အဖြစ်ဖြင့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရခြင်းကို ငြီးငွေ့နေသည်မှာ ဦးစောသိန်း တစ်ယောက်တည်းတော့ မဟုတ်ပေ။ တိုက်ပွဲကြောင့် ရွာလုံးကျွတ် နေရပ်ကိုစွန့်ခွာလာကြသည့် အခြားသောတင်းမရွာသားတို့မှာ မိမိနေရပ်သို့ပြန်ခွင့်ရရှိရေးအတွက် အားခဲလျက်ရှိကြသည်။
တင်းမရွာသားများသည် စစ်အေးကာလဖြစ်သဖြင့် မိမိနေရပ်သို့ပြန်နိုင်ရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးရန် ၂၀၂၁ ခုနှစ် ဧပြီနှင့် မေလတို့တွင် ပြည်နယ်စစ်ကောင်စီထံတင်ပြခဲ့သည်။ ယင်းနောက် ဇွန်လ ၂၄ ရက်နေ့တွင် ကျောက်တော်မြို့နယ် ထွေအုပ်၊ လဝက၊ ရဲအပြင် စစ်တပ်မှ တာဝန်ရှိသူများနှင့် တင်းမရွာသားတို့တွေ့ဆုံပြီး နေရပ်ပြန်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
ကျေးရွာအတွင်း မိုင်းရှင်းလင်းပေးရေး၊ နေအိမ်များပြန်လည်တည်ဆောက်ပေးရေး၊ စားနပ်ရိက္ခာ ထောက်ပံ့ပေးရေးတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီဘက်မှ ပြောဆိုခဲ့သည်။ ထို့ကြောင့် တင်းမရွာသားများသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် နေရပ်ပြန်မည်ဟု စစ်ကောင်စီနှင့် သဘောတူညီချက်ရယူခဲ့ကြသည်။
စစ်ဘေးဒုက္ခသည်စခန်းတွင် အခက်အခဲများစွာဖြင့်နေထိုင်နေရသည့် ဦးစောသိန်းတို့အပါအဝင် တင်းမကျေးရွာသားများအတွက် အိမ်ပြန်ခရီးမျှော်လင့်ချက် ရောင်ခြယ်သန်းလာခဲ့သည့် အချိန်ပင်ဖြစ်သည်။ ဒေသခံများသည် တင်းမရွာ ပြန်လည်ထူထောင်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။
မိမိနေရပ်သို့ပြန်ရတော့မည်ဟု မျှော်လင့်ချက်များဖြင့် နေရပ်ပြန်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ပေးရန် ပြည်နယ်စစ်ကောင်စီကို စက်တင်ဘာလ ၂ ရက်နေ့တွင် ထပ်မံတင်ပြတောင်းဆိုခဲ့သည်။
မီးလောင်ဆုံးရှုံးသွားသည့်နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရန်၊ မီးမလောင်ဘဲကျန်ခဲ့သည့်နေအိမ်များမှာ ခြုံနွယ်ပေါင်းများစွာ ထူထပ်နေသည့်အတွက် ထပ်မံ၍ဆုံးရှုံးမှုမဖြစ်ရအောင်နှင့် မီးဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ပေးရန် တင်ပြခဲ့ကြခြင်းဖြစ်သည်။
နေရပ်ပြန်ရန်သဘောတူထားသည့် အောက်တိုဘာလသို့ရောက်ရှိလာသော်လည်း တင်းမရွာသားများ၏ နေရပ်ပြန်ခွင့်မျှော်လင့်ချက်မှာ ဖြစ်မလာခဲ့ပေ။ အထက်မှအမိန့်မကျဟုဆိုကာ နေရပ်ပြန်ခွင့်မပြုတော့ကြောင်း စစ်ကောင်စီဘက်မှ တာဝန်ရှိသူများပြောဆိုလာသည်ဟု တင်းမကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝင်းက ပြောသည်။
“ပြန်ဖို့တောင်းရင်လည်း အထက်ကအမိန့်မကျဘူးလို့ပဲ ပြောနေတယ်။ အခုဒုက္ခသည်စခန်းမှာနေထိုင်ရတာက အဆင်မပြေတာတွေအများကြီးရှိလာတယ်။ အဓိကတော့ ရွာကိုပြန်ချင်တယ်။ နေရပ်ပြန်ရေးကိုပဲ ဦးစားပေးလိုချင်တယ်”ဟု သူကပြောသည်။
တင်းမရွာသားများသည် လက်လျှော့ခြင်းမရှိဘဲ နေရပ်ပြန်နိုင်ရေးအတွက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တင်ပြတောင်းဆိုကြသည်။ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတို့တွင် သုံးကြိမ်အထိ တင်ပြခဲ့ခြင်းဖြစ်သည်။ အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း နေရပ်ပြန်နိုင်ရေးမှာဖြစ်မလာခဲ့ဘဲ နှစ်သာကူးပြောင်းသွားရသည်။
တင်းမရွာသားများသည် ၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် စစ်ကောင်စီဥက္ကဋ္ဌထံ နေရပ်ပြန်ခွင့် ရရှိရေးအတွက် (၇)ကြိမ်မြောက် တောင်းဆိုခဲ့ကြပြန်သည်။
ကုလားတန်မြစ်အနောက်ဘက်က စစ်ဘေးရှောင်များကို စစ်ကောင်စီမှ နေရပ်ပြန်ခိုင်းနေသည်ဟုဆိုသဖြင့် ကုလားတန်မြစ်အရှေ့ဘက်က တင်းမရွာသားများလည်း နေရပ်ပြန်နိုင်ရေးမျှော်လင့်ချက်ဖြင့် တောင်းဆိုကြခြင်း ဖြစ်သည်။
သုဿန်တစပြင်အလား လူသူမရှိဘဲ ခြုံနွယ်များထူထပ်နေသည့်ကျေးရွာအား အသစ်ပြန်လည်ထူထောင်ကာ ဘဝသစ်တဖန်တည်ဆောက်ချင်ကြသည့်အတွက် အကြိမ်ကြိမ်တောင်းဆိုရခြင်းဖြစ်သည်ဟု တင်းမဆရာတော် အရှင်ဝါယမိန္ဒကမိန့်သည်။
“ကိုယ်တော်တို့ရွာသားတွေအကုန်လုံးက နေရပ်ကိုပြန်ချင်ကြတယ်။ စစ်ဘေးရှောင်ဘဝမှာ စားဝတ်နေရေးတွေ မဖူလုံ၊ အဆင်မပြေဘူး။ ကိုယ့်ရပ်ကိုယ့်ရွာမှာ နေရာချပြီး ပြန်လည်လုပ်ကိုင်စားသောက်ချင်ကြတယ်။ အခုက ငြိမ်းချမ်းရေးကာလဆိုတော့ နေရပ်ပြန်နိုင်မလားဆိုပြီးမျှော်လင့်ချက်ထားကြတယ်”ဟု ဆရာတော်က မိန့်ကြားသည်။
လက်ရှိအချိန်ထိ စစ်ဘေးဒုက္ခသည်များမှာ စိတ်မွန်းကျပ်မှုများစွာဖြင့်နေထိုင်နေကြရကာ ၎င်းတို့မှာ လုံလောက်သည့် စာနာထောက်ထားမှုကိုလည်း ယခုအချိန်ထိမခံစားရသေးကြောင်း ကျောက်တော်မြို့နယ် အမတ်ဟောင်း ဦးထွန်းဝင်းကပြောသည်။
“စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခရောက်နေတဲ့ အကျပ်အတည်းကြားထဲက ဘယ်လိုမျိုးနဲ့ လွတ်မြောက်မလဲဆိုတာကို အလေးအနက်ထားမှုတွေက အားနည်းနေသေးတယ်။ လုံလောက်တဲ့စာနာမှုတွေကို ဒီနေ့အချိန်ထိ စစ်ဘေးဒုက္ခသည်တွေ မရရှိသေးဘူး”ဟု ၎င်းကပြောသည်။
တင်းမရွာသားများသည် နေရပ်သို့ မိမိဆန္ဒအတိုင်းပြန်မည်ဆိုပါကလည်း ရွာအနီးရှိ တောင်ရှည်တောင်တွင် တပ်စွဲထားသော မြန်မာစစ်တပ်မှတားမြစ်သဖြင့် သွားလာခွင့်မရရှိပေ။ ထို့ကြောင့် ရွာတွင်ကျန်ခဲ့သည့် ပစ္စည်းများကိုလည်း ယူဆောင်ခွင့်မရဘဲဖြစ်နေရသည်ဟု တင်းမရွာသားများကဆိုကြသည်။ ယင်းအပြင် မိုင်းအန္တရာယ်မှာလည်း တင်းမရွာသားများနေရပ်ပြန်ရေးကို အဟန့်အတားဖြစ်စေသည်။
စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များအနေဖြင့် မိမိနေရပ်သို့ ပြန်မည်ဆိုပါက ပြန်နိုင်ပြီဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက ယခုနှစ် မတ်လ ၈ ရက်နေ့တွင် ပြောဆိုလာသည်။ သို့သော် နေရပ်ပြန်ခွင့်ပြုသည့်အထဲတွင် တင်းမရွာသားများ မပါဝင်ပေ။ တင်းမရွာနည်းတူ ရသေ့တောင်မြို့နယ်မှ အောင်သာစည်၊ ထီးစွဲ၊ ကျောက်တန်းကျေးရွာများမှ စစ်ဘေးဒုက္ခသည်များကို နေရပ်ပြန်ခွင့် မပြုသေးခြင်းဖြစ်သည်။
တင်းမရွာအပါအဝင် နေရပ်ပြန်ခွင့်မရသည့်ကျေးရွာများတွင် နှစ်ဖက်ကိုင်တပ်များ နီးကပ်စွာရှိနေသည့် အတွက် နေရပ်ပြန်ရေးမဖြစ်နိုင်သေးဟု ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
“တပ်မတော်နဲ့ အေအေကြားမှာ တစ်ဖက်နဲ့တစ်ဖက် စာချုပ်နဲ့ငြိမ်းချမ်းရေးလုပ်ထားတာမဟုတ်တဲ့အတွက် အချိန်မရွေး မပြေလည်ရင်မပြေလည်သလို အခြေအနေတင်းမာလို့ တစ်ခုခုဖြစ်ခဲ့ရင် လူတွေလုံခြုံရေး အရေးကြီးတဲ့အတွက် ပြန်မယ်ဆိုရင်လည်း ပြန်လို့မရသေးဘူးလို့ ပြောပါတယ်”ဟု သူကဆိုသည်။
စစ်ဘေးရှောင်များကို အတင်းအဓမ္မနေရပ်ပြန်ခိုင်းခြင်းမဟုတ်ဘဲ မိမိသဘောဆန္ဒအရ ပြန်စေခြင်းဖြစ်သည်ဟု ပြည်နယ်စစ်ကောင်စီက ဆိုသည်။ ယင်းအပြင် နေရပ်ပြန်မည်ဆိုပါက မိုင်းရှင်းလင်းရေးအပါအဝင် နေရပ်ပြန် စစ်ဘေးဒုက္ခသည်များအား ဘဝတစ်ခုပြန်လည်ရပ်တည်နိုင်ရန် အခြေအနေတစ်ခုထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းဆိုသည်။ ရခိုင်တွင် တိုက်ပွဲရပ်တန့်နေချိန် စစ်ဘေးရှောင်အချို့ နေရပ်ပြန်ကြသော်လည်း နေရပ် မပြန်နိုင်သေးသည့် စစ်ဘေးဒုက္ခသည်ဦးရေ ခြောက်သောင်းတစ်ထောင်ကျော် ရှိနေသေးသည်။
တင်းမရွာသားများနေရပ်ပြန်နိုင်ရေးမှာ စစ်တပ်နှင့် AA တို့အပေါ်တွင်မူတည်နေသည့်အတွက် နှစ်ဖက်လက်နက်ကိုင်များအနေဖြင့် ညှိနှိုင်းတိုင်ပင်ပြီး နေရပ်ပြန်နိုင်ရေးအတွက်လုပ်ဆောင်ပေးရန် တောင်းဆိုလာသူက စစ်ဘေးရှောင်ဘဝကိုငြီးငွေ့နေသည့် ဦးစောသိန်းပင်ဖြစ်သည်။
“နှစ်ဖက်လက်နက်ကိုင်အဖွဲ့အချင်းအချင်း ညှိနှိုင်းလို့အဆင်ပြေမှ ကျနော်တို့နေရပ်ပြန်ရမှာဖြစ်တယ်”
မည်သို့ပင်ဆိုစေကာမူ နေရပ်ပြန်နိုင်ရေးအတွက် အကြိမ်ကြိမ်ကြိုးပမ်းနေသည့် တင်းမရွာသားများမှာ စစ်ကောင်စီ၏ နေရပ်ပြန်ခွင့်မပြုသည့်အထဲတွင် ပါဝင်နေသည့်အတွက် ၎င်းတို့၏မျှော်လင့်ချက်မှာလည်း မှေးမှိန်ခဲ့ရပြန်သည်။
ထို့ကြောင့် ၂ နှစ်ခန့်ကြာ လူသူကင်းမဲ့လျက်ရှိနေသော တင်းမကျေးရွာမှာလည်း မီးလောင်ဒဏ်ရာများ၊ ခြုံနွယ်များ၏ အုပ်စိုးထားမှုကို ဆက်လက်ခံနေရအုံးမည်လည်းဖြစ်သည်။
မင်းထွန်း - ရေးသည်။