- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
စစ်ပွဲဇုန်ထဲက အိန္ဒိယစီမံကိန်း
26 Dec 2023
DMG ၊ Analysis Report
တောတောင်အထပ်ထပ် ပတ်ချာလည် ဝိုင်းရံထားသည့် မြို့နယ်တစ်ခုလုံးတွင် ရာနဲ့ချီသည့် လူငယ်များ သေနတ်လွယ်ပြီး သွားလာနေကြသည်ကို ယခုရက်ပိုင်း ပိုတွေ့လာရကြောင်း ဒေသခံများကပြောသည်။
ပလက်ဝဒေသသည် ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည်။ ရခိုင်ပြည် ကျောက်တော်မြို့သို့ ကုလားတန်မြစ်အတိုင်း စုန်ဆင်းမှ ထွက်ပေါက်ရသည့် ဒေသဖြစ်သည်။
“မြို့ပေါ်ကလွဲရင် ရွာတွေမှာ AA က ကောင်လေးတွေက သေနတ်ကိုင်ပြီး သွားလာနေကြတာ။ အခုပိုပြီး ထင်ပေါ်လာတယ်။ အခုဆို ထရွန်အိုင်၊ နှုံးဘူးက စစ်သားတွေ မရှိတော့ဘူးဆိုတော့ နယ်မြေစိုးမိုးသွားတာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ပလက်ဝဒေသခံတစ်ဦးက ပြောသည်။
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းကို အခြေပြု စတင်ခဲ့ရာကနေ တဖြည်းဖြည်းနှင့် အနောက်ဘက် ရခိုင်ပြည်သို့ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ကူးစက်လာသည်။ ယင်းထဲက စိတ်ဝင်စားစရာ ကောင်းသည်မှာ AA ၏ တိုက်ပွဲဖော်ဆောင်မှုနှင့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုစီမံကိန်းများ ပတ်သက်နေမှုဖြစ်သည်။
လတ်တလောတွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ မြေပုံ၊ တောင်ကုတ်၊ ရမ်းဗြဲနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေသည်။
AA သည် ပလက်ဝမြို့နယ်က တပ်စခန်းကြီးဖြစ်သည့် တရွန်အိုင်ဗျူဟာကုန်း၊ နှုံးဘူးဗျူဟာကုန်း၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှ မောင်တော-အငူမော်ကားလမ်းပေါ် ရသေ့တောင်မြို့နယ် ချိန်ခါလိန်၊ ဒုံးပိုက်၊ မောင်တောမြောက်ပိုင်း ဒုံးညိုစခန်းနှင့် ဘူးသီးတောင်မြို့နယ် ခထီးလှစခန်းတို့ကို ထိုးစစ်ဆင် သိမ်းပိုက်ထားပြီး ပြည်နယ်အနှံ့က စစ်ကောင်စီတပ်သားများ စွန့်လွှတ်ထားခဲ့သော စခန်း ၁၄၀ ကျော်ကို သိမ်းပိုက်ရရှိထားသည်။
ယင်းအထဲတွင် ပလက်ဝဒေသက စခန်းပေါင်း ၁၇ ခုပါဝင်ပြီး တရွန်အိုင်နှင့် နှုံးဘူးဗျူဟာကုန်းများ မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ ၃ နိုင်ငံ နယ်စပ်မျဉ်း တြိဂံဆုံမှတ်တွင်ရှိနေသည်မှာ စိတ်ဝင်စားစရာပင်ဖြစ်သည်။ အဆိုပါ ဗျူဟာကုန်းတို့ကို ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ရက်ပေါင်း ၂၀ ကျော်အကြာတွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ တရွန်အိုင်ဗျူဟာကုန်းမှာ ပလက်ဝမြောက်ပိုင်း ကုလားတန်မြစ်ကြောင်း စိုးမိုးရေးအတွက် ရဟတ်ယာဉ်ကွင်း ၂ ကွင်းနှင့် အင်အားအခိုင်အမာဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။
ပလက်ဝမြို့နယ် တရွန်အိုင်စခန်းသည် ကုလားတန်မြစ်အထက်ပိုင်း ပလက်ဝမြို့နှင့် ၃၅ မိုင်ခန့်ကွာဝေးပြီး တရွန်အိုင်ကျေးရွာကနေ ကုန်းလမ်းဖြင့် ၁၀ မိုင်အကွာအဝေး မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ သုံးနိုင်ငံဆုံမှတ်တွင် ရှိနေသည်။ ထိုသို့ နယ်စပ်မှ ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ရရှိခဲ့ခြင်းမှာ ချင်းပြည်နယ်နှင့် ရခိုင်ပြည်အတွက် စစ်ရေးအရအားသာချက်၊ နယ်စပ်စီးပွားရေးအတွက်လည်း အရေးပါကြောင်း နိုင်ငံရေးအကဲခတ်များက ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ပလက်ဝဆိုတာကတော့ ရခိုင်နဲ့ ချင်းပြည်နယ် နှစ်ခုကြား ဆက်စပ်တဲ့နေရာ၊ နောက်တစ်ခုက အိန္ဒိယရဲ့ ကုလားတန်စီမံကိန်း ပါဝင်နေတဲ့အတွက် အိန္ဒိယနဲ့ မြန်မာဆက်ဆံရေးမှာလည်း ပလက်ဝက အဓိကပါဝင်နေတယ်” ဟု ၎င်းကပြောသည်။
၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ရခိုင်တိုက်ပွဲများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများရှိသည့် ဒေသတဝိုက်တွင် အဖြစ်များလာကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ရခိုင်မြောက်ပိုင်းဒေသများနှင့် အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သော အိန္ဒိယ-မြန်မာ ကုလားတန်မြစ်ကြောင်းစီမံကိန်း တည်ရှိရာဒေသတဝိုက်တွင် တိုက်ပွဲပိုဖြစ်ပွားခဲ့ပြီး စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်း ရွှေမင်းဂံဆိပ်ကမ်းတွင် တိုက်ပွဲဖြစ်သည်ကို တွေ့ရကြောင်း ISP -Myanmar၏ အစီရင်ခံစာက ဖော်ပြသည်။
“ကုလားတန်စီမံကိန်း ဖော်ဆောင်မယ့်နေရာကို AA က အဓိကထား တိုက်ခိုက်တာကတော့ အရှေ့တောင်အာရှ တခွင်ကို အိန္ဒိယက ကုန်စည်ပို့ဆောင်နိုင်မယ့် အကြီးဆုံးလမ်းကြောင်း ဖြစ်တာနေတာလည်းပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။
ကုလားတန် စီမံကိန်းဆိုတာ ဘာလဲ ?
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးဟု အမည်ပေးသည့် အိန္ဒိယစီမံကိန်းသည် ရခိုင်၏ အရေးပါဆုံးသော ကုလားတန်မြစ်ကြောင်းကို အစုံအဆန် ဖြတ်သန်းကုန်သွယ်မည့် စီမံကိန်းဖြစ်ပြီး ဒေသနေပြည်သူများ စီးပွားမြှင့်တင်ပေးမည်ဟု ဆိုသည်။ ထိုစီမံကိန်းကို ဒေါ်လာ သန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံကာ အန္ဒိယ-မြန်မာ အစိုးရတို့က နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။ စီမံကိန်းစတင်နိုင်ဖို့ အန္ဒိယအစိုးရဖက်က ၂၀၀၂ ခုနှစ်ကတည်းက စီစဉ်ခဲ့ကာ ၂၀၀၈ ခုနှစ်မှာ နှစ်နိုင်ငံကြား သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
စီမံကိန်းတွင် ကုန်းလမ်း၊ ရေလမ်း နှစ်ခုပါဝင်မည်ဖြစ်ပြီး ချင်းပြည်နယ် ပလက်ဝ-ဇူရမ်ပူလမ်းပိုင်း ဖောက်လုပ်မှုကို အန္ဒိယအစိုးရ၏ အိုင်အာကွန့်အင်တာနယ်ရှင်နယ် ကုမ္ပဏီက တာဝန်ယူထားသည်။ ယင်းအပြင် ချင်းပြည်နယ် ပလက်ဝနှင့် မီဇူရမ်ပြည်နယ်ကို ချိတ်ဆက်ပေးကာ အန္ဒိယက အကုန်ကျခံမည်ဟုလည်း သိရသည်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ ကုန်းတွင်းပိုင်းကို အရှေ့၊ အနောက်၊ တောင်ပိုင်း ဒေသများနှင့် ချိတ်ဆက်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြားခံအဖြစ်ရှိနေသည့်အတွက် ဘင်္ဂလားဒေ့ရှ်ကို ရှောင်ကွင်းကာ မြန်မာနိုင်ငံက ပင်လယ်ထွက်ပေါက်အသစ် ကုလားတန်မြစ်ကြောင်းကို ဆောင်ရွက်နေခြင်းဖြစ်သည်။
အဆိုပါလမ်းကြောင်းတွင် ချင်းပြည်နယ်က ပလက်ဝမြို့နယ်၊ ရခိုင်ပြည်က ကျောက်တော်- ပုဏ္ဏားကျွန်း မြို့နယ်များကို ဖြတ်သန်းကာ စစ်တွေမြို့တွင် အဆုံးသတ်မည်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် ဇိုရမ်ပူကနေ ပလက်ဝမြို့နယ်က ကျေးရွာများအထိ ၁၂၉ ကီလိုမီတာ အရှည်ရှိသည့် အဝေးပြေးလမ်းမှတဆင့် ကုလားတန်မြစ်ကြောင်း ၁၅၈ ကီလိုမီတာအရှည်ကို ရေကြောင်းဖြင့် ကုန်သွယ်မည်ဖြစ်သည်။
စီမံကိန်းပါ လမ်းတံတားများအားလုံး ပြီးစီးသွားလျှင် မီဇိုရမ်ပြည်နယ် ဇိုရမ်ပူကနေ ပလက်ဝမြို့နယ် စက်ပစ်ပြင်ကျေးရွာအထိကို ကုန်းလမ်း၊ စက်ပစ်ပြင်ကျေးရွာကတဆင့် ကုလားတန်မြစ်ကြောင်းအတိုင်း ရခိုင်ပြည်မြို့တော် စစ်တွေဆိပ်ကမ်းထိ ဖြစ်သည်။ ထို့အပြင် စစ်တွေဆိပ်ကမ်းကတဆင့် ရေမိုင် ၅၃၉ ကီလိုမီတာ အကွာအဝေးရှိနေသည့် ဘင်္ဂလားပင်လယ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ကိုကျော်ကာ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသသို့ ချိတ်ဆက်သွားရန် အိန္ဒိယအစိုးရက စီစဉ်ထားခြင်းလည်းဖြစ်သည်။
“ပလက်ဝမှာ အခုစစ်ကောင်စီကို ဖယ်ရှားပြီးတော့ AA သိမ်းပိုက်ထားတဲ့အတွက် ဒီစီမံကိန်းဟာ အခြေအနေတစ်ခုထိ ရပ်ဆိုင်းနေရမှာမို့ အိန္ဒိယအတွက် ဆုံးရှုံးမှုလို့ပြောလို့ရတယ်” ဟု ရခိုင်ဒေသ နိုင်ငံခြားစီမံကိန်းများကို စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
စစ်တွေ-အိန္ဒိယ ဆိပ်ကမ်း
ကုလားတန်စီမံကိန်း အစိတ်အပိုင်းဖြစ်သည့် စစ်တွေမြို့ အိန္ဒိယဆိပ်ကမ်းကို ၂၀၂၃ မေ ၉ ရက်နေ့တွင် စစ်ကောင်စီနှင့် အိန္ဒိယ အာဏာပိုင်တာဝန်ရှိသူများက ဖွင့်လှစ်ခဲ့သည်။ အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ သန်း ၁၂ဝ အကုန်အကျခံ တည်ဆောက်ထားသည့် ယင်းဆိပ်ကမ်းသည် မြန်မာအစိုးရထံမှ နှစ် ၃ဝ စီမံကိန်းနှင့် ငှားရမ်းအသုံးပြုမည်ဖြစ်သည်။ တန်ချိန် ၅,၀၀၀၊ ၆,၀၀၀ ရှိသည့် ပင်လယ်ကူးသင်္ဘောများ ဆိုက်ကပ်နိုင်ပြီး အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။
ယင်းဆိပ်ကမ်းကို ဒီဇင်ဘာ ၁၁ ရက်နေ့က ယာယီ ပြည်တွင်းဆိပ်ကမ်းအဖြစ် ၂၀၂၄ ခုနှစ် အောက်တိုဘာ (၂၆) ရက်အထိ စစ်ကောင်စီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနက သတ်မှတ်ထားသည်။
ရခိုင် စီးပွားရေးလုပ်ငန်းရှင်များက အိန္ဒိယဆိပ်ကမ်းကို အမှီပြုပြီး ဘင်္ဂလားပင်လယ်အော်အတိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်ကာ ရခိုင်နှင့် အိန္ဒိယ တရားဝင်ကုန်စည်များ ပုံမှန်ပို့ဆောင်နိုင်ရေးကို လိုလားကြသော်လည်း ယနေ့အချိန်ထိ အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည် မဖော်နိုင်သေးပေ။
“ကုလားတန်စီမံကိန်း အားလုံးမပြီးရင်တောင်မှ စစ်တွေဆိပ်ကမ်းကနေ အိန္ဒိယကို တစ်လနှစ်ခါဖြစ်ဖြစ် ကုန်သင်္ဘောတွေ တရားဝင် ကုန်သွယ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ အခုက နှစ်နိုင်ငံစလုံးက ဘာမှ အကောင်ထည်ဖော်တာ မရှိသေးဘူး” ဟု စစ်တွေမြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယင်းဆိပ်ကမ်းတွင် လက်ရှိ စစ်ကောင်စီက မုန်တိုင်းသင့်ရခိုင်ဒေသအတွက် ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် စစ်ရေးအသုံးဆောင်ပစ္စည်းကို ကုန်တင်ကုန်ချလုပ်နေကြောင်း စီမံကိန်းနှင့် နီးစပ်သူများက ပြောသည်။
AA အခန်းကဏ္ဍ
လက်ရှိတွင် AA သည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားကို တော်လှန်ရေးနှင့် အစားထိုးကာ စင်ပြိုင်နေရာယူလာပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အကောက်အခွန်များနှင့် မြို့ပေါ်အထိ AA ၏ ဩဇာ သက်ရောက်လာနေသည်။
AA ၏ အန္တိမရည်မှန်းချက်မှာ တော်လှန်ရေးပန်းတိုင်တွင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသည့် သီခြားဆန်သည့်နယ်မြေ ကွန်ဖက်ဒရိတ်ဖြစ်ကြောင်း ခေါင်းဆောင်များက ပြောဆိုထားသည်။ ယင်းကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဆက်ဆံရေး အဆင်ပြေစေရေးအတွက် အဆိုပါစီမံကိန်းတို့တွင် သူတို့ကို အသိအမှတ်ပြုစေရေးကို လိုလားနေသည်။
ရခိုင်ဒေသ လုံခြုံရေး၊ စီးပွားရေး စသည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို စီမံကိန်းများ လည်ပတ်လာသည်နှင့် အခွန်ကောက်မည်ဟု ၂၀၂၃ စက်ဘာလက သတင်းစာရှင်းလင်းပွဲတွင် DMG ၏ မေးမြန်းမှုကို AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။
သို့သော် အိန္ဒိယအစိုးရ၏ မူဝါဒအရ မလွယ်ကူသေးပေ။ သိုသော်လည်း AA အပေါ်တွင် စီမံကိန်း လည်ပတ်ရေးအတွက် အပေးအယူတစ်ခု လုပ်ရမည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်နေကြသည်။
“အိန္ဒိယက AA နဲ့ ညှိနှိုင်းရမယ်ဆိုရင် စီမံကိန်းတွေအတွက် အခွန်ပေးဆိုတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ မလွယ်နိုင်ဘူး။ နောက်တခုက အိန္ဒိယနယ်မြေထဲမှာရှိတဲ့ AA ရဲ့ လှုပ်ရှားမှုကို အနှောင့်အယှက်မပေးဖို့လည်း ဖြစ်နိုင်ပါတယ်” ဟု ဆိုပါတယ်။
ဧရာဝတီသတင်းဌာနနှင့် ၂၀၁၉ ခုနှစ်အတွင်းက အင်တာဗျူးတွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အိန္ဒိယနိုင်ငံနှင့် AA ကြား ဆက်ဆံရေးတစ်ခု တည်ဆောက်လိုကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
အဆိုပါ AA နှင့် ညှိနှိုင်းရမည်ဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး စစ်တွေရှိ အိန္ဒိယကောင်စစ်ဝန်ရုံး တာဝန်ရှိသူနှင့် အိန္ဒိယသံရုံး တာဝန်ရှိသူတို့ထံ DMG က ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေသေးပေ။
AA နှင့် အိန္ဒိယ ဆက်ဆံရေးအဖုအထစ်များ
ရက္ခိုင့်တပ်တော် (AA) သည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနယ်စပ်ကို ၂၀၁၃ ခုနှစ်က စတင်ဝင်ရောက်ခဲ့ကြောင်းကို နယ်စပ်တိုက်ပွဲများက ဖော်ပြသည်။ အခြားတစ်ဘက်တွင်လည်း အိန္ဒိယနှင့် AA ဆက်ဆံရေး အဖုအထစ်များ ရှိခဲ့ကြသည်။
၂၀၁၉ မတ်လ ၁၆ ရက်က ကုလားတန်စီမံကိန်းအစိတ်အပိုင်း ပလက်ဝတံတားအတွက် သံဘောင်များ သယ်လာသည့် ရေယာဉ်တွင် စစ်အသုံးဆောင်ပစ္စည်းများ ပါသည်ဟုဆိုကာ AA က တိုက်ခိုက်ခဲ့သဖြင် ငွေကျပ် ၁ ဒသမ ၀၇၂ ဘီလီယံဖိုး ဆုံးရှုံးခဲ့ကြောင်း စစ်ကောင်စီက ကြေညာဖူးသည်။
၂၀၁၉ ခုနှစ် မတ်လ ၃၀ ရက်ကလည်း ပလက်ဝ-မီဇိုရမ်လမ်းပိုင်းတွင် ဆောက်လုပ်နေသည့် ဆုထူးစံကုမ္ဗဏီက ဝန်ထမ်း ၈ ဦးကို စစ်ထောက်လှမ်းရေးဟောင်းများ ပါသည်ဟုဆိုကာ AA က ဖမ်းဆီးခဲ့ပြီးနောက် မကြာမီ ပြန်လွှတ်ပေးခဲ့သည်။
၂၀၁၉ ခု နှစ် နိုဝင်ဘာလ ၃ ရက်မှာ ကုလားတန်စီမံကိန်းကို မြေပြင်လေ့လာရေးရောက်လာသည့် အိန္ဒိယနိုင်ငံသား ၅ ဦးနှင့် ပလက်ဝမြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးဝှေ့တင်းတို့ကို AA က ထပ်မံဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးခဲ့သည်။ ယင်းအထဲက ဆောက်လုပ်ရေးလုပ်ငန်းပိုင်းဆိုင်ရာ အကြံပေး Mr. Vinoo Gopal က အဖမ်းခံနေရစဉ် အမောဖောက်ပြီး သေဆုံးသွားခဲ့သည်။
ကုလားတန်မြစ်ကြောင်းမှာ AA သြဇာတည်ထား
ကုလားတန်မြစ်ကြောင်းတလျှောက်က အရပ်သားစက်လှေတိုင်းကို AA က လုံခြုံရေးအရ စစ်ဆေးမှုများ လုပ်သည်။ ပလက်ဝတွင် ခြေလျင်တပ်ရင်း (ခလရ) ၂၈၉ တပ်ဖွဲ့ ဂိတ်ရှိပြီး ပလက်ဝမြို့မြောက်ပိုင်း နှုန်းဘူး၊ ထရွန်အိုင်၊ ဒလက်မေ စသည့် ကျေးရွာကြီးများတွင် ယခင်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်များရှိသော်လည်း ယခုအခါ မရှိတော့ကြောင်း ဒေသခံများကပြောသည်။
ကုလားတန်စီမံကိန်း စတင်အကောင်ထည်ဖော်သည့် ၂၀၁၅ ခုနှစ်ကစပြီး ဇူရမ်ပူကနေ ပလက်ဝ စက်ပစ်ပြင် ကျေးရွာအထိ လမ်းပိုင်းကို အိန္ဒိယဆောက်လုပ်ရေးကုမ္ပဏီက အလုပ်သမားများ လမ်းဖောက်ခဲ့ကြသည်။ အဆိုပါ လမ်းကြောင်းတွင် ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ စသည့်နှစ်များတွင် တိုက်ပွဲပြင်းထန်လာသဖြင့် တစ်ခန်းရပ်နားခဲ့ကြရသည်။
“ဒီနှစ်မှာတစ်ခါ အိန္ဒိယနိုင်ငံသားတွေ ရောက်လာကြတာ။ အခုကတော့ အားလုံးနားနေကြပြီ။ အိန္ဒိယနိုင်ငံသားတွေက ပလက်ဝမြို့ပေါ်နဲ့ သူတို့လုပ်ငန်းခွင် နေရာဖြစ်တဲ့ ပလက်ဝမြို့တဖက်ကမ်းက ဆိုက်ထဲမှာနေကြတယ်” ဟု ပလက်ဝမြို့ခံ ကိုကြီးက DMG ကိုပြောသည်။
ထို့အတူ လက်ရှိ ပလက်ဝမြို့အနီးတွင် တိုက်ပွဲဖြစ်စဉ်များ နေ့စဉ်ကြိုကြားဖြစ်ပွားနေသည်။ ဒီဇင်ဘာ ၁၈ ရက်နေ့ ည ၁၁ နာရီတွင် အိန္ဒိယနိုင်ငံသားများနေထိုင်ရာ ဆိုက်အနီး လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း ပလက်ဝမြို့ခံ ကိုကြီးက လက်ရှိမြေပြင်အခြေအနေကို ပြောသည်။
လုပ်ငန်းခွင် ဆက်ရပ်လိုက်ရပြီ
လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး (Humanitarian ceasefire)ကို နားလည်မှုတစ်ခုတည်းဖြင့် ၂၀၂၂ နိုဝင်ဘာ ၂၆ ရက်နေ့က စစ်ကောင်စီနှင့် AA တို့ အပစ်ရပ်ခဲ့ပြီးနောက် စီမံကိန်းကို အိန္ဒိယက တစ်ဖန် လုပ်ဆောင်လာသည်။ ပလက်ဝမြို့ နယ် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်း၏ နောက်ဆုံးအပိုင်း ပလက်ဝ-ဇိုရမ်ပူရ် လမ်းပိုင်းဖောက်လုပ်မှုကို တင်ဒါအောင်ထားသည့် ကုမ္ပဏီများ ဆက်လုပ်ခဲ့သည်။
၂၀၂၀ ခုနှစ်က တိုက်ပွဲများကြောင့် ရပ်ဆိုင်းထားခဲ့ရာမှ၂၀၂၂ ခုနှစ် ဒီဇင်ဘာတွင် ပြန်လည် စတင်လာခြင်းဖြစ်သည်။ ကားလမ်းဖောက်ရန်အတွက် အိန္ဒိယကုမ္ပဏီ IRCON International Ltd. က မြန်မာကုမ္ပဏီများကို တင်ဒါခေါ်ခဲ့ပြီး K & DL ကုမ္ပဏီ၊ Su Htoon San ကုမ္ပဏီ၊ Shwe Mann ကုမ္ပဏီ၊ Future Creator Group Construction ကုမ္ပဏီ၊ Htet Shine Linn ကုမ္ပဏီ၊ Caladan Consortium Group ကုမ္ပဏီတို့က ပလက်ဝ-ဇိုရမ်ပူ ကားလမ်းစီမံကိန်းကို ပြန်လည်စတင်လာပြီး ငါးနှစ်အတွင်းပြီးစီးရန် ရည်မှန်းခဲ့သည်။
လမ်းဖောက်လုပ်ခွင့် ရရှိထားသည့် အိန္ဒိယကုမ္ပဏီ IRCON International Ltd သည် အိန္ဒိယအစိုးရက ရှယ်ယာ ၇၃ ဒသမ ၁၈ ရာခိုင်နှုန်း ထည့်ဝင်ထားပြီး အိန္ဒိယ မီးရထားဝန်ကြီးဌာနက ရာနှုန်းပြည့် ပိုင်ဆိုင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။
“အခုအိန္ဒိယ အလုပ်သမားနဲ့ လမ်းတာဝန်ရှိသူတွေက ပလက်ဝမြို့အနီးက သူတို့ရဲ့လုပ်ငန်းခွင်ဆိုက်ထဲမှာ ပိတ်မိနေကြတယ်။ ဒီဇင်ဘာ ၁၈ ရက်နေ့ကလည်း လက်နက်ကြီးတစ်လုံး သူတို့နေတဲ့ ဆိုက်အနားမှာ ကျတာရှိတယ်” ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။
ကုလားတန်စီမံကိန်းနှင့် အိန္ဒိယအကျိုးအမြတ်
အိန္ဒိယနိုင်ငံ၏ “အရှေ့မျှော်ဝါဒ” နှင့် မြန်မာနိုင်ငံအတွက် အိမ်နီးချင်းဦးစားပေး မူဝါဒအောက်မှာ ပထဝီ အနေအထားအရ အိန္ဒိယနိုင်ငံ၏ ကုန်းတွင်းပိုင်းဒေသ မီဇိုရမ်ပြည်နယ်ကို ပင်လယ်ထွက်ပေါက်ရရေး၊ အရှေ့တောင်အာရှ ဒေသတခွင်ကို ချိတ်ဆက်ဖို့ တံခါးပေါက်ဖြစ်နေသည်။
ယင်းအပြင် ကုလားတန်စီမံကိန်းသည် တရုတ်နိုင်ငံ၏ မြန်မာအပေါ် စီးပွားရေဩဇာ လွှမ်းမိုးမှုကို လျှော့ချဖို့နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် အပြိုင်အဆိုင် ရခိုင်ဒေသတွင်း တရုတ်နှင့် အာဏာချိန်ခွင်လျှာညှိဖို့ အိန္ဒိယက ဆောင်ရွက်နေသည့် သဘောဆိုလည်း မမှားနိုင်ပေ။
“ဒီစီမံကိန်းကြီးဟာ ရခိုင်ဒေသမှာ တရုတ်အကောင်ထည်ဖော်နေတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် SEZ ကို အိန္ဒိယက စီးပွားရေးအာဏာချိန်ခွင်ထဲ ရင်ဘောင်တန်းဖို့ ကြိုးစားနေတာလို့ မြင်တယ်” ဟု ရခိုင်ဒေသ နိုင်ငံခြားစီမံကိန်းများကို စောင့်ကြည့်နေသူတစ်ဦးက ရှုမြင်သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ရခိုင်ပြည်ခရီးစဉ်အတွင်း ကုလာတန်စီမံကိန်း စစ်တွေ-အိန္ဒိယ ဆိပ်ခံတံတားကို လေ့လာခဲ့သည်။
ကုလားတန်စီမံကိန်းနှင့် ပတ်သက်ပြီး “ရခိုင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲပြီး တည်ငြိမ်မှုရှိမှ ပလက်ဝဒေသ အပါအဝင် ရခိုင်မြောက်ပိုင်းဒေသဖွံ့ဖြိုးရေး ကုလားတန်မြစ်ကြောင်းတစ်လျှောက် များစွာအထောက်အကူဖြစ်စေမယ်။ ဒါကြောင့် စီမံကိန်း အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးနိုင်ရေး ကြိုးပမ်းကြဖို့လိုတယ်” ဟု သက်ဆိုင်ရာဌာနအကြီးအကဲများကို လမ်းညွှန်ခဲ့သည်။
ယင်းအပြင် ရခိုင်ပြည်နှင့် ချင်းပြည်နယ်တို့တွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းနှင့်၊ ရေကြောင်းသွားလာမှုအပြင် ကမ္ဘာလှည့်ခရီးသွားများနှင့်ပတ်သက်သည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ဟု ဆိုခဲ့သည်။
ပလက်ဝဒေသခံများမှာ ကုလားတန်မြစ်ကြောနံဘေးက နုန်းမြေပေါ်မှာ ပဲ၊ ငှက်ပျော၊ ဆန်၊ ဓညင်း၊ နနွင်း၊ ပိန်းဥ စတဲ့သီးနှံတွေကို စိုက်ပျိုးပြီး အသက်မွေးသည်။ ယင်းကြောင့် စီမံကိန်းပြီးလျင် နယ်စပ်ဒေသခံများ ကုန်သွယ်ရေးလမ်းကြောင်း အလုပ်အကိုင်အခွင့်အလမ်း တိုးလာမည်ဟု ယုံကြည်ကြသည်။
လက်ရှိတွင် ပလက်ဝမြိုနယ်၊ စက်ပစ်ပြင်ကနေ အိန္ဒိယနိုင်ငံအထိ အဝေးပြေးကားလမ်းမကြီးမှာ တဝက်တပျက်ဖြင့် လမ်းကြမ်းအဆင့်သာရှိနေသေးကြောင်း ဒေသခံများကပြောသည်။ တောင်မြောင်လျှိုကြားတွင် တံတားများမဆောက်နိုင်သေးဘဲ အူကြောင်းလမ်းအဖြစ်ရှိနေကြောင်း သိရသည်။
ပလက်ဝမြို့ခံ ကုန်သည်တစ်ဦးက “ကျနော်တို့ ဒေသခံတွေကတော့ ဒီစီမံကိန်းအဆင်ပြေရင် ဒေသထွက်ပေါက်နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေရဖို့နဲ့ ကုန်သွယ်ရေးအဆင်ပြေဖို့ပဲ မျှော်လင့်နေရတာပါ” ဟု ပြောနေရှာတော့သည်။
သို့သော်လည်း စစ်မက်ဇုန်ထဲက ပလက်ဝဒေသနှင့် ကုလားတန်စီမံကိန်းမှာ စိန်ခေါ်မှု၊ မသေချာမှုများစွာ ပြည့်နှက်နေပြီး စီမံကိန်းပြီးစီးရန် စောင့်ကြည့်ရန်သာ ကျန်တော့သည်။
ဂေါင် - ရေးသည်။