စစ်တွေ အိန္ဒိယဆိပ်ကမ်းကို စစ်ကောင်စီအကျိုးအတွက် အသုံးပြုနေ

ကုလားတန်မြစ်ကြောင်းဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့ရှိ အိန္ဒိယဆိပ်ကမ်းကို အများပြည်သူအကျိုးထက် စစ်ကောင်စီအကျိုးအတွက်သာ အသုံးပြုနေကြောင်း ဝေဖန်မှုများရှိနေသည်။

By Admin 30 Dec 2023

စစ်တွေမြို့၊ အိန္ဒိယဆိပ်ကမ်းအား ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ 
စစ်တွေမြို့၊ အိန္ဒိယဆိပ်ကမ်းအား ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ 

ရခိုင်ပြည်အတွင်း တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၁၃ ရက်မှစ၍ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ခဲ့သည့်အပြင် ရန်ကုန်ဘက်မှ ရခိုင်သို့လာမည့် ကုန်တင်သင်္ဘောများကိုလည်း ပိတ်ပင်ထားကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်ထံမှ သိရသည်။

“ရန်ကုန်ဘက်ကနေ စစ်တွေကိုလာမယ့် ကုန်စုံသင်္ဘောတွေရှိတယ်။ အဲဒီသင်္ဘောတွေကို ရန်ကုန်ဘက်ကတောင် ထွက်ခွင့်မပြုဘူး။ ထွက်ခွင့်မပေးတာ နှစ်လလောက်ရှိပြီ။ အာဏာပိုင်တွေပိုင်တဲ့ ဘိလပ်မြေတို့၊ အိမ်ဆောက်ပစ္စည်း သင်္ဘောတွေကျတော့ ကမ်းကပ်ခွင့်ရကြတယ်” ဟု ရခိုင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စစ်တွေမြို့ရှိ အိန္ဒိယဆိပ်ကမ်းတွင် ပုဂ္ဂလိကကုန်သင်္ဘောများအား ကမ်းကပ်ခွင့်တားမြစ်ထားသော်လည်း စစ်ကောင်စီ၏ ထောက်ပို့သင်္ဘောများမှာ ဆိုက်ကပ်ခွင့်ရရှိနေကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ဒီဇင်ဘာလ ဒုတိယအပတ်က ဘိလပ်မြေနှင့် ဆောက်လုပ်ရေးပစ္စည်းများ တင်ဆောင်လာသည့်သင်္ဘောများ အိန္ဒိယဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ပြီး ယင်းပစ္စည်းများအား စစ်ကောင်မြို့ရှိ စစ်ကောင်စီတပ်စခန်းများသို့ သယ်ဆောင်သွားသည်။ စစ်ကောင်စီကတော့ မိုခါကယ်ဆယ်ရေးပစ္စည်းများဟု အကြောင်းပြထားသည်။ 

လမ်းခရီးပိတ်ဆို့ခံထားရမှုကြောင့် ရခိုင်ပြည်တွင် ပြည်မဘက်မှစီးဆင်းသည့် ကုန်ပစ္စည်းများ ပြတ်လပ်လာနေ၍ ကုန်သည်များမှာလည်း လုပ်ငန်းရပ်နားရသည်အထိ ဖြစ်လာနေသည်။

“အခုက အလုပ်ကိုရပ်ထားရတယ်။ ပြည်မဘက်က ကုန်စိမ်းတွေ လာမရတော့ ပစ္စည်းပြတ်သွားတယ်။ ကုန်စိမ်းတွေတင်လာတဲ့ သင်္ဘောတွေလည်း စစ်တွေမှာ ကမ်းမကပ်ရဘူးလေ” ဟု စစ်တွေမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။

ရခိုင်ပြည်၏မြို့တော် စစ်တွေမြို့သို့ ပြည်မဘက်မှ ကုန်ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် ကုန်းလမ်းတို့မှ သယ်ယူပို့ဆောင်နေခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်လမ်းနှင့် ရေလမ်းများကို စစ်ကောင်စီက ပိတ်ဆို့ထားသည်။

စစ်ကောင်စီက လမ်းခရီးပိတ်ပင်ထားရုံသာမက ကုန်တင်သင်္ဘောများကိုပါ ပိတ်ဆို့ထားခြင်းမှာ ပြည်သူများ ကုန်စည်ပြတ်တောက်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဟု ရခိုင်ဒေသခံများက ရှုမြင်ကြသည်။

“စားသောက်ကုန်တွေ လုံးဝပြတ်လာနေပြီ။ အခုဆိုရင် မြို့ထဲမှာ ဓါးပြတိုက်မှုတွေအထိ ဖြစ်လာတယ်။ စားစရာမရှိလို့ ဘေးအိမ်ကပေးတာကို မဝရေစာ စားနေရတာလည်း ရှိတယ်။ ကုန်ဈေးနှုန်းတွေလည်း အရမ်းကြီးလာတယ်” ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြည်မဘက်မှကုန်သင်္ဘောများ ရခိုင်သို့မလာရန် တားမြစ်ထားခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို DMG က ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေခဲ့ပေ။

ကုလားတန်မြစ်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော စစ်တွေမြို့က အိန္ဒိယဆိပ်ကမ်းကို ၂၀၂၃ ခုနှစ် မေလ ၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ရခိုင်ဒေသအတွက် အကျိုးဖြစ်ထွန်းနိုင်မည်ဟု ဒေသခံများက မျှော်လင့်ခဲ့ကြသည်။

ဗီဒီယိုများ