ရခိုင်စစ်ပွဲကြားက လူငယ်များ၏အနာဂတ်

အုပ်ချုပ်သူအစိုးရ အဆက်ဆက်၏ စီမံအကွက်ချမှုကြားထဲ ရခိုင်ပြည်သည် ဘက်စုံအဆင်းရဲဆုံး ဒေသတစ်ခုဖြစ်နေပြီး ပညာရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အဘက်ဘက်တွင် လူငယ်များအတွက် အခွင့်အလမ်းကောင်းများ ရှိမနေပေ။ 

By Admin 10 Jul 2024

ရခိုင်စစ်ပွဲကြားက လူငယ်များ၏အနာဂတ်

DMG ၊ ဇူလိုင် ၁၀

ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲများမှာ (၈) လခန့်ကြာမြင့်လာပြီ ဖြစ်သည်။ တိုက်ပွဲများနှင့်ဆက်စပ်၍ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ထားသည့် ဆိုးကျိုးများကို ဒေသခံများက အလူးအလဲခံနေကြရသည်။

တိုက်ပွဲအကျိုးဆက်ကြောင့် လူငယ်အခန်းကဏ္ဍလည်း မှေးမှိန်လာရပြီး လူငယ်များ၏ အနာဂတ်အိပ်မက်များ ပျောက်ဆုံးနေရသည်ဟု ရခိုင်လူငယ်အသိုင်းအဝိုင်းက တညီတညွတ်တည်း ပြောဆိုကြသည်။

“တရုတ်နိုင်ငံကို Scholarship သွားတက်ဖို့ ရက်ပိုင်းအလိုမှာပဲ တိုက်ပွဲတွေဖြစ်လို့ လမ်းတွေကို ပိတ်လိုက်တယ်။ အဲဒါကြောင့် Scholarship ကို ဆုံးရှုံးခံလိုက်ရတယ်” ဟု  ပေါက်တောမြို့မှ (၁၉) နှစ်အရွယ် ကျောင်းသူတစ်ဦးက ပြောသည်။ 

၂၀၂၃ နိုဝင်ဘာလအတွင်း ကျောင်းသွားတက်ရမည့်အချိန်နှင့် ရခိုင်စစ်ပွဲစတင်ချိန် အချိန်ကိုက်ဖြစ်သွားပြီး လမ်းခရီးပိတ်ဆို့သွား၍ ယင်းအစီစဉ်ကို နောက်ဆုတ်လိုက်ရကြောင်း သူက ပြောသည်။ 

ရခိုင်ဒေသက လူငယ်များမှာ ပြီးခဲ့သည့်ကိုဗစ်ကာလနှင့် စစ်ပွဲများကြောင့် ပညာရေးအခွင့်အလမ်းများ ဆုံးရှုံးနေရ၍ စိတ်ဓာတ်ကျမှုများနှင့် ကြုံနေကြရသည်။

လက်ရှိတွင်လည်း ရခိုင်တိုက်ပွဲအရှိန်ပြင်းထိန်နေပြီး အာရက္ခတပ်တော်(AA)က ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

စစ်ကောင်စီထိန်းချုပ်မှုအောက်၌ ရှိနေဆဲဖြစ်သော စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ အမ်းနှင့် မာန်အောင်မြို့နယ်မှ  ဒေသခံလူငယ်များမှာ စစ်ကောင်စီ၏ ဖမ်းဆီးတရားစွဲဆိုမှု၊ သတ်ဖြတ်မှုများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

“အခုကတော့ လူငယ်ရယ်လို့မဟုတ်ဘူး။ စစ်ကောင်စီက အကုန်လုံးကို လိုက်ဖမ်းနေတာ။ ဒါပေမယ့် လူငယ်တွေက ပိုသတိထားရတာပေါ့။ ယောကျ်ားဆိုရင် သူတို့ကဖမ်းပြီ။ အခုနောက်ပိုင်း အမျိုးသမီးတွေကိုတောင် မချန်တော့ဘူး” ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။ 

တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၁၃ ရက်မှ မေလ ၁၃ ရက်အထိ ၆ လအတွင်း စစ်ကောင်စီသည် အရပ်သား ၄၂၅ ဦးအား ဖမ်းဆီးထားကြောင်း AA က ထုတ်ပြန်ခဲ့သည်။ ယင်းအထဲတွင် အမျိုးသား ၃၄၆ ဦးနှင့် အမျိုးသမီး ၇၉ ဦးပါဝင်သည်။ 

လက်ရှိတွင် တိုက်ပွဲကာလ (၈) လနီးပါးရှိလာပြီဖြစ်၍ စစ်ကောင်စီဖမ်းဆီးထားသည့် ပြည်သူအရေအတွက်မှာ AA ထုတ်ပြန်ချက်ထက် ပိုများနေပြီဖြစ်သည်။ 

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့က စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူရွာက ဒေသခံ ၃၀၀ ထက်မနည်း၊ ဇွန်လ ၁၆ ရက်က စစ်တွေမြို့ မင်းဂံရပ်ကွက်က အသက်မပြည့်သေးသည့် ကလေးငယ်အပါအဝင် အမျိုးသား၊ အမျိုးသမီး ၁၅၀ ထက်မနည်း၊ ဇွန်လ ၂၀ ရက်တွင်လည်း စစ်ကောင်စီက စစ်တွေမြို့နယ်၊ သိန်းတန်နှင့် နာရီကန်ကျေးရွာမှ စစ်ဘေးရှောင်နေသည့် ဒေသခံ ၄၀ ခန့်၊ အမြင့်ကျွန်းကျေးရွာမှ ရွာသား ၄၆ ဦးကိုလည်း စစ်ကောင်စီက ဇွန်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ 

ဖမ်းဆီးထားသူများထဲတွင် အမျိုးသမီးနှင့် အမျိုးသား လူငယ်အများအပြားပါဝင်နေပြီး ပြန်လွတ်လာသူများရှိသော်လည်း လက်ရှိအချိန်အထိ မိသားစုဝင်နှင့် အဆက်အသွယ်မရသေးသည့် လူငယ်အများပြား ရှိနေသေးသည်။

ကဏ္ဍပေါင်းစုံ၌ ပါဝင်လှုပ်ရှားနေသော လူငယ်များမှာ ဖမ်းဆီးခံရခြင်း၊ ထွက်ပြေးတိမ်းရှောင်နေရခြင်းတို့ကြောင့် ရခိုင်ပြည်သူများအတွက်လည်း ထိခိုက်နစ်နာမှုများ ရှိနေသည်။
 
“ကျနော်တို့အဖွဲ့အစည်းမှာ ပရောဂျက်တွေ အများကြီးရှိခဲ့တယ်။ အဲဒီအထဲကမှ ကျနော်က အရမ်းခေါင်တဲ့ ကျေးရွာတွေကိုသွားပြီး အခြေခံ ဗဟုသုတပေးတဲ့အပိုင်းတွေကို ကွင်းဆင်းလုပ်ရတယ်။ ဒါပေမယ့် တိုက်ပွဲဖြစ်တဲ့နောက်ပိုင်း အဖွဲ့အစည်းတစ်ခုလုံး အလုပ်ဆက်လုပ်လို့မရတော့ အခုအလုပ်လက်မဲ့ ဖြစ်နေတယ်” ဟု ကျောက်တော်မြို့နယ်မှ လူငယ်တစ်ဦးက ပြောသည်။ 

စစ်ကောင်စီထိန်းချုပ်နယ်မြေများထဲမှ ပြည်မဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် ရခိုင်လူငယ်များကိုလည်း  စစ်ကောင်စီက လိုက်လံဖမ်းဆီးမှုများ ရှိသည်။ 

ပြီးခဲ့သည့် မေလ ၃၁ ရက်က ရခိုင်အမျိုးသားပါတီ၏ လူငယ်ခေါင်းဆောင်ဟောင်း ကိုခင်ဝင်းမောင် (ခေါ်) ကိုဂန်ဘာရီနှင့် ကျောင်းသားလူငယ် ၃ ဦးကို ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ ယင်းနောက် ကိုဂန်ဘာရီကို အကြမ်းဖက်မှုပုဒ်မ ၅၀(ည)ဖြင့် တရားစွဲဆိုထားသည်။ 

အုပ်ချုပ်သူအစိုးရ အဆက်ဆက်၏ စီမံအကွက်ချမှုကြားထဲ ရခိုင်ပြည်သည် ဘက်စုံအဆင်းရဲဆုံး ဒေသတစ်ခုဖြစ်နေပြီး ပညာရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အဘက်ဘက်တွင် လူငယ်များအတွက် အခွင့်အလမ်းကောင်းများ ရှိမနေပေ။ 

ထို့ကြောင့် လူငယ်များမှာ ပြည်ပသို့ထွက်သူထွက်၊ နေရာအသီးသီး၌အလုပ်လုပ်သူလုပ်နှင့် အလုပ်လက်မဲ့များ ဖြစ်နေရပြီး လက်နက်စွဲကိုင်သွားသူများလည်း အများအပြားရှိနေသည်။ 

လက်ရှိမှာ အလုပ်အကိုင်စွန့်ပစ်ကာ စစ်ကောင်စီနယ်မြေထဲမှ ထွက်ပြေးတိမ်းရှောင်နေရ၍ အခက်အခဲများစွာကို ခါးစည်းခံနေရကြောင်းလည်း လူငယ်များက ပြောသည်။ 

“ကုန်ဈေးနှုန်းက ထိုးတက်နေပေမယ့် ဝင်ငွေမရှိတော့ ဘယ်လိုမှ တောင့်မခံနိုင်ဘူး။ ကြာလာရင် စိတ်ထဲမှာ အမျိုးမျိုးတွေးပြီး ဖြစ်ကတတ်ဆန်း လျှောက်လုပ်လိုက်ချင်တယ်” ဟု ကျောက်ဖြူမြို့မှ ထွက်ပြေးတိမ်းရှောင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ယင်းအပြင် နိုင်ငံရပ်ခြား၌ အလုပ်လုပ်နေကြသည့် လူငယ်အချို့မှာ ရခိုင်ဒေသသို့ပြန်လာစဉ် စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ပြည်မဘက်တွင် သောင်တင်ကာ အလုပ်လက်မဲ့ဖြစ်နေကြသည်။ 

ထို့ကြောင့် ပြည်တွင်း၌ နှစ်ဘက်တိုက်ပွဲများ ဖြစ်နေသော်လည်း ပြည်သူများအတွက် စစ်ကောင်စီက လမ်းခရီး၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများအား ပြန်လည်ဖွင့်ပေးရန် လူငယ်များက တောင်းဆိုကြသည်။ 

“စစ်ကောင်စီက လမ်းခရီးတွေကို ပြန်ဖွင့်ပေးဖို့ လိုတယ်။ တိုက်ပွဲဖြစ်ရင်လည်း ဖြစ်ကြပေါ့။ ဒါက လူငယ်တွေ သွားတားလို့လည်း မရဘူးလေ” ဟု ဂွမြို့မှ အမျိုးသမီးလူငယ်တစ်ဦးက ပြောသည်။ 

လမ်းခရီးများအား ရေရှည်ပိတ်ဆို့ထားလျှင် ပြည်သူများ၏ စားဝတ်နေရေးမှာ ပိုခက်ခဲလာမည့်အပြင် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေဦးမည်ဖြစ်ကြောင်း လူငယ်များက ပြောကြသည်။ 

စစ်ရေးပဋိပက္ခဖြစ်ပွားရာ ရခိုင်ဒေသမှ လူငယ်များမှာ အလုပ်အကိုင်၊ အခွင့်အလမ်း မရှိသလောက် နည်းပါးနေ၍ ပြည်မနှင့် ပြည်ပ နိုင်ငံအသီးသီးကို ရရာနည်းလမ်းဖြင့် စွန့်စား ထွက်ခွာလျက်ရှိနေကြသည်။ 

ဗီဒီယိုများ