- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်လူငယ်များ မှတ်ပုံတင်အခက်အခဲကြောင့် နိုင်ငံခြားတွင် ပညာသွားသင်ရန် အခက်အခဲဖြစ်
၁၈ နှစ်ပြည့် မှတ်ပုံတင်ကဒ် လဲလှယ်ရန်နှင့် ပျောက်ဆုံးမှတ်ပုံတင် အသစ်ပြန်လျှောက်ခြင်းကို သက်ဆိုင်ရာ လဝကရုံးများတွင် လုပ်၍ရသော်လည်း လုံခြုံရေးအာမခံချက်မရှိ၍ အခက်ကြုံနေရသည်။
07 Dec 2024
DMG ၊ ဒီဇင်ဘာ ၇
ရန်ကုန်မြို့ရောက် ရခိုင်လူငယ်များမှာ နိုင်ငံသားစိစစ်ရေးကဒ်ပြားလဲလှယ်ရန်နှင့် အသစ်ပြန်လျှောက်ရန် အဆင်မပြေမှုများကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက်ပညာသင်ယူရန် ခက်ခဲနေကြောင်း သိရသည်။
၁၈ နှစ်ပြည့် မှတ်ပုံတင်ကဒ် လဲလှယ်ရန်နှင့် ပျောက်ဆုံးမှတ်ပုံတင် အသစ်ပြန်လျှောက်ခြင်းကို သက်ဆိုင်ရာ လဝကရုံးများတွင် လုပ်၍ရသော်လည်း လုံခြုံရေးအာမခံချက်မရှိ၍ အခက်ကြုံနေရသည်။
“စစ်မှုထမ်းဥပဒေကြောင့် ရန်ကုန်က စစ်ကောင်စီ လဝကရုံးကို သွားဖို့လည်း ကြောက်ရသေးတယ်။ သူတို့က ဖမ်းချင်သလို ဖမ်းနေတာ။ ဒါကြောင့် မသွားရဲတာ” ဟု ရန်ကုန်ရောက် ရခိုင်လူငယ်တစ်ဦးက ပြောသည်။
စစ်ကောင်စီက လူငယ်လူရွယ်များအား ဖမ်းဆီးခြင်း၊ ဧည့်စာရင်းအကြောင်းပြ ခေါ်ယူစစ်ခြင်း၊ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်း များကြောင့် ရခိုင်ပြည်ပြင်ပသို့ ရောက်ရှိနေသူများမှာ လုံခြုံရေးစိုးရိမ်ချက်များရှိနေသည်။
ရခိုင်ပြည်၊ စစ်တွေမြို့တွင်လည်း ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးခြင်းများ လုပ်ဆောင်နေ၍ မှတ်ပုံတင်လဲလှယ်ရန် လုံခြုံရေးစိုးရိမ်ရသည်ဟု အထက်ပါလူငယ်က ပြောသည်။
“စစ်တွေမှာတော့ လုပ်လို့ရတယ် ကြားတယ်။ ဒါပေမဲ့ စစ်တွေလေဆိပ်က ဆင်းရင်ကို သူတို့က ဖမ်းချင်သလို ဖမ်းနေတယ်လို့ ကြားတော့ သွားဖို့အဆင်မပြေဘူး။ အခု မှတ်ပုံတင်လဲလှယ်ဖို့ကိစ္စနဲ့ စိတ်ညစ်နေရတယ်။ ဘယ်မှာသွားလဲရမလဲ မသိတော့ဘူး” ဟု ၎င်းက ပြောသည်။
အဆိုပါရခိုင်လူငယ်မှာ ဂျပန်နိုင်ငံသို့ သွားရောက်ပညာသင်ယူရန် ပြင်ဆင်နေသူဖြစ်ပြီး အသက် (၁၀) နှစ်မှ (၁၈) နှစ်ပြည့် မှတ်ပုံတင်ကဒ် လဲလှယ်ရန် ခက်ခဲနေခြင်း ဖြစ်သည်။
လက်ရှိတွင် ရန်ကုန်ရောက် ရခိုင်ဒေသခံအချို့မှာ အခြားဒေသများသို့ ငွေကြေးအကုန်အကျခံ သွားရောက်ပြီး မှတ်ပုံတင်လဲလှယ်သူများလည်း ရှိသည်။
“ကျမကတော့ ရန်ကုန်မှာလုပ်ဖို့ အဆင်မပြေလို တခြားနယ်ပြောင်းနဲ့ မွန်ပြည်နယ်မှာ သွားလုပ်တာ။ မှတ်ပုံတင်လုပ်တာ အခု ပိုက်ဆံဆယ်သိန်းလောက် ကုန်ပြီ။ မှတ်ပုံတင်က မရသေးဘူး။ နောက်ထပ်လည်း ပိုက်ဆံကုန်ရအုံးမယ် ထင်တယ်” ဟု ရခိုင်လူငယ် အမျိုးသမီးတစ်ဦးက ပြောသည်။
မှတ်ပုံတင်လုပ်ရန်လိုအပ်သည့် အိမ်ထောင်စုစာရင်းအပါအဝင် အခြားလိုအပ်သည့် အချက်အလက်များကို ရခိုင်ပြည်မှ မှာယူရာတွင်လည်း စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့မှုကြောင့် လနှင့်ချီ၍ အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နေသည်။
ပြည်မဒေသများတွင် ရောက်ရှိနေသည့် ရခိုင်ဒေသခံများမှာ လုံခြုံရေးနှင့် အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ပြည်ပနိုင်ငံများသို့ အလုံးအရင်းဖြင့် ထွက်ခွာနေကြပြီး အများစုမှာ တရားမဝင်လမ်းကြောင်းများမှ ထွက်ခွာနေကြကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။