ကိုရိုနာအရေး ရင်မအေးရသည့် စစ်ဘေးရှောင်များ

စစ်ဘေးရှောင်များသည် အိုးအိမ်ကို စွန့်ခွာထွက်ပြေးလာရခြင်း ဖြစ်သောကြောင့် စားဝတ်နေရေးလည်း အခက်အခဲဖြစ်နေကြသည်။ ယင်းကြားထဲတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါလည်း ထပ်မံခြိမ်းခြောက်လာသောကြောင့် စိန်ခေါ်များစွာဖြင့် ဖြတ်သန်းနေရသည်။

09 May 2020

DMG
နေမျိုးလင်း၊ ခင်သရဖီဦး ရေးသားသည်။

မတ်လဒုတိယပတ်တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ထောင်ပေါင်များစွာသော ပြည်သူများသည် အသက်လုပြီး ထွက်ပေးတိမ်းရှောင်နေရသည်။

ကမ္ဘာ့အနှံ့အပြားတွင် ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါဖြစ်ပွားနေသည့်အချိန်မှာ ရောဂါကို ဂရုစိုက်ချိန်မရဘဲ စစ်ဘေး၊ စစ်ဒဏ်ကို ကြောက်၍ အိုးအိမ်ကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့သည် ကိုရိုနာဗိုင်းရပ်စ်ကို မကြောက်ဟုလည်း မဟုတ်ပေ။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၁၆၁)ဦးရှိပြီး သေဆုံးသူ (၆)ဦးရှိကာ ပြန်လည်သက်သာလာသူ (၃၇)ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မေလ ထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ဦးတစ်ယောက်မျှ မရှိသေးပေ။ သို့သော် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်နှင့် ပတ်သက်ပြီး ပြည်သူများစိုးရိမ်နေကြပြီး စစ်ဘေးရှောင်များအတွက်လည်း စိုးရိမ်ပူပန်နေကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင် တစ်သိန်းခြောက်သောင်းကျော် အထိရှိလာသည်။ စစ်ဘေးရှောင်အများစု ခိုလှုံနေသည့် မြို့နယ်များတွင် အစိုးရက အင်တာနက် ဖြတ်တောက်ထားသောကြောင့် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ သတင်းအချက်အလက်များလည်း ကောင်းစွာ မရရှိကြပေ။

ပုဏ္ဏားကျွန်းမြို့နယ်၊ စေတီပြင်ကျေးရွာစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ ၁၂၀၀ ကျာ်ခိုလှုံနေကြသည်။ ယင်းစခန်းတွင် ခိုလှုံနေသည့် အသက် (၂၄)နှစ်အရွယ် မငြိမ်းချမ်းမြိုင်သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို တိတိကျကျမသိရှိပေ။ ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များကိုလည်း တိတိကျကျမသိရှိဟု ဆိုသည်။

၎င်းတို့ဒေသသည် အင်တာနက် ဖြတ်တောက်ခံထားရသောကြောင့် အွန်လိုင်းမှတစ်ဆင့် အစိုးရက ထုတ်ပြန်ပေးနေသည့် သတင်းအချက်အလက်များကို မရရှိကြခြင်းဖြစ်သည်။ အဝတ်အထည်၊ ကိုယ်တစ်ခုဖြင့် ထွက်ပြေးလာရသည့် စစ်ဘေးရှောင်များအဖို့ ရေဒီယို၊ တီဗွီ၊ သတင်းစာများမှာ အဘယ်မှာ ရှိပါမည်နည်း။

လက်ရှိတွင် ထိုရောဂါနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို နိုင်ငံခြားတွင် ရောက်နေသူများက ဖုန်းဖြင့်ဆက်သွယ်၍ ပြောကြားခြင်း (သို့မဟုတ်) မြို့ပေါ်မှ ပြန်လာသူများက မျှဝေသည့် သတင်းအချက်အလက်များကိုသာ ကြားသိရပြီး “အန္တရာယ်ရှိသောရောဂါ” ဟုသာ သိထားကြသည်ဟု စစ်ဘေးရှောင်များက ဆိုကြသည်။

“သတင်းအချက်အလက်ရရှိမှုက လုံလောက်မှုမရှိဘူး”ဟု စေတီပြင်စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသုဝဏ္ဏစက္က (ကိုယ်တော် နှင်းခါး) က DMG သို့ မိန့်သည်။

ကိုယ်တော်နှင်းခါးသည် စစ်ဘေးရှောင်တစ်ချို့ကိုတော့ ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး မိမိသိရှိထားသည့် သတင်းအချက်အလက်များကို မျှဝေသည်။ သို့သော် စစ်ဘေးရှောင်အများစုကိုတော့ သတင်းအချက်အလက် မမျှဝေပေးနိုင်သေးပေ။ လက်ရှိအချိန်ထိ ယင်းစစ်ဘေးရှောင်စခန်းကို အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများက သတင်းအချက်အလက်မျှဝေခြင်း၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြောပြလာခြင်း မရှိသေးပေ။

“အဲဒီရောဂါနဲ့ပတ်သက်လို့ ဘယ်လိုကာကွယ်ရမလဲဆိုတာတွေကို ပြောပြဖို့လာပေးစေချင်တယ်”ဟု မငြိမ်းချမ်းမြိုင်က သူ့ဆန္ဒကို ဖွင့်ဟသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်နိုင်ရန်အတွက် “တတ်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်ပါ။ လူစုလူဝေးရှိရာနေရာသို့ မသွားပါနှင့်၊ လက်ကို ရေနှင့်ဆပ်ပြာအသုံးပြု၍ စက္ကန့် ၂၀ ကြာအောင် စနစ်တကျ မကြာခဏဆေးကြောပါ၊ အခြားသူများနှင့်အနည်းဆုံး (၆)ပေအကွာမှသာ ပြောဆို ဆက်ဆံပါ” စသည်ဖြင့် ထုတ်ပြန်ထားသည်။

ထိုသတင်းစကားများကိုတော့ စစ်ဘေးရှောင်များသည် အနည်းငယ်သိရှိထားကြသော်လည်း လက်တွေ့လိုက်နာကျင့်သုံးရန် မဖြစ်နိုင်သေးသော အခြေအနေတွင် ရှိနေသည်။ မငြိမ်းချမ်းမြိုင်တို့ ခိုလှုံနေသည့် စစ်ဘေးရှောင်စခန်းတွင် လူဆယ်ယောက်ခန့်သည် အခန်းတစ်ခန်းရရှိကြပြီး မိသားစု နှစ်စု (သို့မဟုတ်)သုံးစုခန့် နေထိုင်ကြရသည်။ ညနေ အိပ်စက်လျှင်လည်း တစ်ယောက်နှင့်တစ်ယောက် ပူးပူးကပ်ကပ်အိပ်ရသည့် အနေအထားဖြစ်ပြီး ထိုင်နေလျှင်လည်း ထိုအနေအထားတွင် ရှိနေသည်။ တစ်ဖန် စားနပ်ရိက္ခာများ မျှဝေသည့်အခါတွင်လည်း လူစုလူဝေး ဖြစ်ပေါ်သောကြောင့် “လူစုလူဝေးရှိရာနေရာသို့ မသွားပါနှင့်”ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သည် အရာမထင်ဘဲ ဖြစ်နေသည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန်အတွက် အရေးပါသည့်အချက်တစ်ခုဖြစ်သည့် “လက်ကို မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောပါ” ဆိုသည့်အချက်မှာလည်း စစ်ဘေးရှောင်များ လက်တွေ့မြေပြင်တွင် ကျင့်သုံးရန် အခက်အခဲရှိနေပြန်သည်။ စေတီပြင်စစ်ဘေးရှောင်စခန်းတွင် ဧပြီလပထမပတ်ကပင် ရေရှားပါးနေခြင်း ဖြစ်သည်။

ထို့ကြောင့် ထမင်းဟင်းချက်ပြုတ်စားသောက်ရန်၊ အဝတ်လျှော် ရေချိုးရန်အတွက် ရွာနှင့်နှစ်မိုင်ခန့်ဝေးကွာသော စစ်ပွဲဧရိယာနေရာတွင်ရှိသည့် ရေတွင်းမှရေများကို ခပ်ယူသုံးစွဲနေရသည်။ သို့သော် ရေခပ်ချင်သလောက် ခပ်လို့ရသည်တော့ မဟုတ်။

တစ်ရက်မှာမှ ဂါလံနှစ်ဗူးစီသာ ခပ်ယူကြရသည်။ အဘယ်ကြောင့်ဆိုသော် စစ်ပွဲဖြစ်ပွားရာ ဧရိယာဖြစ်နေ၍ လူစုလူဝေးဖြင့်သာ ခပ်ယူနေရသောကြောင့် ဖြစ်သည်။ လူအနည်းငယ်ဖြင့်သွားလျှင် ပစ်ခတ်ခံရမည်ကို စိုးရိမ်သောကြောင့် မသွားရဲကြဟု ဆိုကြသည်။

ခက်ခက်ခဲခဲ ခပ်ယူလာသည့်ရေများသည် မကြာခဏ လက်ဆေးရန်အတွက်တော့ မဟုတ်ပေ။ ယင်းရေများသည် ထမင်းဟင်းချက်ပြုတ်ခြင်းဖြင့်သာ ကုန်ဆုံးသွားသဖြင့် “လက်ဆေးဖို့ ရေတောင်မရှိ” ဟု စစ်ဘေးရှောင်များက ညည်းတွားကြသည်။

ထို့ကြောင့် အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် သောက်ရေ၊ သုံးရေလှူဒါန်းပေးရန် လိုအပ်သည်ဟု ဆိုကြသည်။ ထို့ပြင် ဆပ်ပြာများ၊ နှာခေါင်းစည်း(Mask)များကိုလည်း အလိုရှိနေကြသည်။ စေတီပြင်ကျေးရွာက စစ်ဘေးရှောင်များသည် Mask တစ်ခုလောက်တော့ လိုချင်နေကြသည်။ သို့သော် “နှာခေါင်းစည်းကို မမြင်ဖူးဘူး။ ရွာကဆိုင်တွေမှာလည်း မရောင်းကြဘူး” ဟု မငြိမ်းချမ်းမြိုင်က ဆိုသည်။

ရခိုင်မြောက်ပိုင်းမြို့နယ်များတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး အရပ်သားကျည်ထိမှန်၊ ဒဏ်ရာရရှိမှုများနှင့် ကြုံတွေ့နေရသည်။ ထို့ပြင် အရပ်သားများ၊ အစိုးရဝန်ထမ်းများလည်း လက်နက်ကိုင်အဖွဲ့များ၏ ဖမ်းဆီးမှုများ နှင့် မကြာခဏကြုံတွေ့နေရသည်။

စစ်ဘေးရှောင်စခန်းတစ်ချို့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်ပြီး အသိပညာပေးမှုများ လုပ်ဆောင်နေသော်လည်း ခရီးသွားလာရေး အခက်အခဲရှိနေသည်ဟု ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက မတ်လ ၂၃ က မီဒီယာများကိုပြောဆိုခဲ့ဖူးသည်။

“ဒုက္ခသည်စခန်းမှာနေတဲ့ ပြည်သူတွေ အင်မတန် သနားစရာကောင်းပါတယ်။ အစုလိုက်အပြုံလိုက် ရှိနေပါတယ်။ သူတို့ကို ပညာပေးဖို့က ကျနော်တို့မှာ ခရီးသွားလာအခက်အခဲတွေ ရှိပါတယ်”ဟု ဆိုသည်။

အစိုးရသည် ကျေးလက်ဒေသတွင်ရှိသည့် စစ်ဘေးရှောင်စခန်းများတွင် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး အသိပညာပေးမှု လုပ်ဆောင်ခြင်းနည်းပါးသည်ဟုလည်း ဝေဖန်မှုများရှိသည်။ မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင်သာ ပညာပေးခြင်းများ လုပ်ဆောင်သည်ကို တွေ့ရသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

အစိုးရအနေဖြင့် ကျေးလက်ဒေသရှိ စစ်ဘေးရှောင်များကို အသိပညာပေးရန်မသွားရောက်နိုင်ခြင်းမှာ လုံခြုံရေးအခြေအနေအရဟု ဆိုသည်ကို အရပ်ဖက်အဖွဲ့အစည်းတစ်ချို့က နားလည်ကြသည်။ သို့သော် မိမိတို့မသွားနိုင်လျှင် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စစ်ဘေးရှောင်များကို ပညာပေးသင့်သည်ဟု ကိုဇော်ဇော်ထွန်းက အကြံပြုသည်။

“အခုသူတို့မှာ အကြောင်းပြချက် ငါတို့ လုံခြုံရေးအရ သွားလို့မရဘူး အဲဒီလိုပြောနေမယ့်အစား ငါတို့လုပ်လို့မရရင် ဘယ်သူတွေက လုပ်လို့ရလဲ ဆိုတာတွေကို ရှာရမယ်”ဟု ၎င်းက ပြောသည်။

စစ်ဘေးရှောင်များသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်ပြီး ရှောင်ရန်၊ ဆောင်ရန်၊ ပညာပေးများကို သိရှိနိုင်ရန်အတွက် အင်တာနက်အမြန်ဆုံး ဖွင့်လှစ်ပေးရမည်။ ထို့ပြင် လူစုလူဝေးမဖြစ်ပေါ်အောင်အတွက် စစ်ဘေးရှောင်များကို သီးသန့်တဲအိမ်များ ဆောက်လုပ်ပေးကာ စားနပ်ရိက္ခာအပြည့်အစုံနှင့် တခြားလိုအပ်သည့်ပစ္စည်းများကို ထောက်ပံ့ပေးရန်လိုအပ်သည်ဟုလည်း ကိုဇော်ဇော်ထွန်းက ပြောသည်။

စစ်ဘေးရှောင်များသည် အိုးအိမ်ကို စွန့်ခွာထွက်ပြေးလာရခြင်း ဖြစ်သောကြောင့် စားဝတ်နေရေးလည်း အခက်အခဲဖြစ်နေကြသည်။ ယင်းကြားထဲတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါလည်း ထပ်မံခြိမ်းခြောက်လာသောကြောင့် စိန်ခေါ်များစွာဖြင့် ဖြတ်သန်းနေရသည်။

ပေါက်တောပြင်ကျေးရွာက ထွက်ပြေးတိမ်းရှောင်လာသည့် မငြိမ်းချမ်းမြိုင်ကတော့ အစိုးရနှင့် အရပ်ဖက်အဖွဲ့ အစည်းများကို “ကိုယ့်အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမဖြစ်ခင် ဆင်ခြင်ရမယ့်ဟာတွေကို ပြောပြစေချင်တယ်။ လိုအပ်တဲ့ဟာတွေကို ထောက်ပံ့ပေးစေချင်တယ်”ဟု တောင်းဆိုလိုက်သည်။

ဗီဒီယိုများ