အိုးမှာ ချက်စရာဆန်မရှိရင် သိပ်ပြီးအခက်အခဲကြုံရတယ်

ကူညီထောက်ပံ့မှုမရရှိခြင်းကြောင့် အလုပ်လက်မဲ့ဘဝဖြင့် ကြုံရာကျပန်းအလုပ်များကိုလုပ်ကိုင်ကာ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရသည့် စစ်ဘေးဒုက္ခသည်များအတွက် ပို၍အခက်ကြုံစေသည်။ လက်ဆုပ်လက်ကိုင် ပြနိုင်သည့်အလုပ်မျိုးကို လုပ်ကိုင်နေကြသူများမဟုတ်သည့်အတွက် အလုပ်အကိုင်မှာလည်း ပုံမှန်ဟူ၍မရှိပေ။

By မင်းထွန်း 31 Aug 2022

DMG ၊ သြဂုတ် ၃၁

(ဆောင်းပါး)

“တိုက်ပွဲပြန်စလာတယ်ဆိုတော့ မျှော်လင့်ချက်မရှိလိုက်တော့ဘူး။ မျှော်လင့်ချက်ကင်းမဲ့သွားတယ်။ ကျနော်တို့ဘဝ လူညွန့်ကျိုးသွားတယ်။ ရှေ့ကို ဘယ်နှစ်နှစ် ဆက်ပြီးမငြိမ်မသက်ဖြစ်မယ်ဆိုတာကိုလည်း မသိတော့ဘူး…”ဟု စစ်ဘေးတိမ်းရှောင်နေသည့် အသက်(၄၄)နှစ်အရွယ် ဦးမောင်အေးကျော်က သက်ပြင်းရှည်ချလျက် ဖွင့်ဟသည်။

အနေဆင်းရဲ၊ အစားဆင်းရဲ ဒုက္ခမျိုးစုံကိုခံစားနေရသည့် စစ်ပွဲ၏ မြေဇာပင်ဘဝမှလွတ်မြောက်ရန် နေရပ်ပြန်ရေး အားခဲနေချိန်တွင် တကျော့ပြန်သေနတ်သံများကြောင့် ဦးမောင်အေးကျော်တို့ အိမ်ပြန်ခရီး မျှော်လင့်ချက်ရောင်ခြည်များ ပျောက်ကွယ်သွားရသည်။

ရခိုင်ပြည်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကုန်းပိုင်းမှစတင်ကာ အရှိန်အဟုန်ပြင်းထန်စွာဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများသည် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းတွင် ငြိမ်သက်သွားခဲ့သည်။

ထို့ကြောင့် စစ်ဘေးဒုက္ခသည်များ၏ နေရပ်ပြန်ရေးအတွက် လမ်းစတစ်ခုဖြစ်လာခဲ့ပြီး တိုက်ပွဲသံများမှာလည်း တစ်နှစ်ခန့်အထိ တိတ်ဆိတ်နေခဲ့သည်။ ထိုအခြေအနေများကိုတွက်ဆ၍ မိမိနေရပ်တွင် တောင်ယာလုပ်ငန်းများလုပ်ကိုင်ကာ ဘဝကိုအေးချမ်းစွာဖြတ်သန်းရတော့မည်ဟု ဦးမောင်အေးကျော် ထင်မှတ်ခဲ့သည်။

“နေရပ်ပြန်ရတော့မယ်ဆိုပြီး သိပ်ပျော်မိခဲ့တယ်။ အားတက်မိတယ်။ ကိုယ့်ရပ်ရွာမှာ ကိုယ့်စီးပွားကိုယ် လုပ်စားရတော့မယ်။ ကိုယ့်မှာရှိတာတွေ စစ်ပွဲထဲမှာပါသွားတယ်ဆိုပေမယ့် ရှိတာလေးနဲ့ လုပ်ကိုင်စားသောက်တော့မယ်။ ကိုယ့်ဝင်ငွေလေးနဲ့ လုံလောက်တော့မယ်ဆိုပြီး ကျနော်တို့ပျော်မိတယ်”ဟု သူကဆိုသည်။

သို့သော် ဦးမောင်အေးကျော်၏ နေရပ်ပြန်နိုင်ရေးမှာ မျှော်လင့်ထားသလိုဖြစ်မလာခဲ့ပေ။ စားဝတ်နေရေး ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးတို့ အဖက်ဖက်မှဆုံးရှုံးနေရသည့် စစ်ဘေးရှောင်ဘဝတွင် သားသမီးများ၏ အနာဂတ် မရေမရာမှုနှင့်အတူ ထပ်မံဖြတ်သန်းရန် အကြောင်းဖန်လာခဲ့သည်။

နှစ်ဖက်နားလည်မှုဖြင့် ရပ်စဲထားကြသည့် မြန်မာစစ်တပ်နှင့် AA တို့ကြား တိုက်ပွဲများမှာ တစ်နှစ်ကျော်ကြာအထိ တိတ်ဆိတ်ခဲ့ပြီးနောက် တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက် နေ့တွင် မောင်တောမြို့နယ်မြောက်ပိုင်း တမန်းသားကျေးရွာနှင့် ရေနောက်ငါးသားကျေးရွာအနီး တောင်တန်းတွင် တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားလာခဲ့သည်။

မြန်မာစစ်တပ်နှင့် AA တို့ကြား တစတစစစ်ရေးတင်းမာလာမှုများသည် ၂၀၂၂ ခုနှစ်၊ အစောပိုင်းမှစတင်ကာ တစ်ဖက်နှင့်တစ်ဖက် ဖမ်းဆီးခြင်းများအထိ ဖြစ်လာကြသည်။ ယင်းနောက် မောင်တော၊ ရသေ့တောင်၊ ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။ လက်ရှိတွင်လည်း မြန်မာစစ်တပ်နှင့် AA တို့ကြား စစ်ရေးတင်းမာမှုနှင့်အတူ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။

ထိုသို့ တကျော့ပြန်တိုက်ပွဲများကြောင့် ဦးမောင်အေးကျော်အပါအဝင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးဒုက္ခသည်ခြောက်သောင်းခန့်မှာ အိမ်ပြန်ခရီးနှင့် အလှမ်းဝေးသွားခဲ့ရသည်။ ဦးမောင်အေးကျော်သည် အိမ်ခြေ ၃၀၀ ကျော်ရှိသည့် ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်းကျေးရွာမှဖြစ်သည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများပြင်းထန်ခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြိုင်းတိုင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခြင်း၊ ရွာအတွင်း လက်နက်ကြီးကျရောက်ခြင်း၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်မှုများကြောင့် ရွာသားများအားလုံး ထွက်ပြေးခဲ့ကြရသည်။

ယင်းနောက် ပြိုင်းတိုင်းကျေးရွာရှိနေအိမ်များ ရွာလုံးကျွတ်မီးလောင်ပျက်စီးသွားခဲ့ရပြီး ယခုအခါတွင် လူသူကင်းမဲ့လျက် စစ်တလင်းပြင်ကဲ့သို့ဖြစ်နေရသည်။ ဦးမောင်အေးကျော်မှာလည်း မိသားစု (၆)ဦးနှင့်အတူ နေရပ်ကိုစွန့်ခွာပြီး စစ်ဘေးဒုက္ခသည်ဘဝဖြင့် ဆင်းရဲကျပ်တည်းစွာကျင်လည်လာသည်မှာ သုံးနှစ်ခန့်အထိ ရှိလာပြီဖြစ်သည်။

လက်ရှိတွင် ဦးမောင်အေးကျော်သည် စစ်ဘေးရှောင်ဦးရေ ၃၇၅ ဦးရှိသည့် စစ်တွေမြို့ ဗုဒ္ဓေါမော်ဘုန်းကြီးကျောင်း စစ်ဘေးဒုက္ခသည်စခန်းတွင် ခိုလှုံလျက်ရှိနေသည်။ စစ်ဘေးရှောင်များကို ယခင်က လူမှုအဖွဲ့အစည်းများနှင့် အာဏာပိုင်များမှ ရိက္ခာများ ပုံမှန်ကူညီထောက်ပံ့ပေးမှုကြောင့် စစ်ဘေးရှောင်များ၏ စားဝတ်နေရေးမှာ အထိုက်အလျောက်အဆင်ပြေခဲ့ကြသည်။

သို့သော် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်တွင် ရခိုင်ပြည်တွင်းရှိ စစ်ဘေးဒုက္ခသည်များမှာ ကူညီထောက်ပံ့မှုရရှိခြင်း တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ စားနပ်ရိက္ခာများ ပုံမှန်ထောက်ပံ့မှုမရှိတော့ပေ။ လူမှုအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုမှာလည်း  နည်းသထက်နည်းပါးလာသည်ဟု စစ်ဘေးဒုက္ခသည်များက ဆိုကြသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ တစ်လလျှင် လူတစ်ဦးကို (၁၇၀၀၀)ကျပ်စီ ထောက်ပံ့မှုတစ်ခုတည်းသာ ပုံမှန်ရရှိကြသည်။ လက်ရှိတွင် ဘေးစီမံဌာနမှ တစ်လလျှင်တစ်ဦးကို နို့စည်းဗူး(၆၀)စီ ဆန်ရိက္ခာထောက်ပံ့မှု မရရှိသည်မှာ သုံးလအထိရှိလာသည်။

ထို့ကြောင့် ကူညီထောက်ပံ့မှုကို အဓိကအားထားမှီခိုနေရသည့် စစ်ဘေးရှောင်များအတွက် များစွာအခက်အခဲ ဖြစ်ရပြီး ဒုက္ခသည်များကို သက်ဆိုင်ရာတာဝန်ရှိသူများက အတက်နိုင်ဆုံး ကူညီဆောင်ရွက်ပေးကြရန် ဦးမောင်အေးကျော်က တောင်းဆိုသည်။

“အဓိကလိုအပ်ချက်က ဆန်ဖြစ်တယ်။ ဆန်မရတဲ့အတွက် သိပ်ကိုအခက်အခဲဖြစ်တယ်။ ဆန်ရှိတယ်ဆိုရင် ကျနော်တို့မှာ ဆားနဲ့ပဲစားစား၊ အပြင်က ဟင်းတွေရှာစားစား အဆင်ပြေတယ်။ အိုးမှာ ချက်စရာဆန်မရှိရင် သိပ်အခက်အခဲကြုံရတယ်”ဟု သူကပြောသည်။

ကူညီထောက်ပံ့မှုမရရှိခြင်းကြောင့် အလုပ်လက်မဲ့ဘဝဖြင့် ကြုံရာကျပန်းအလုပ်များကိုလုပ်ကိုင်ကာ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရသည့် စစ်ဘေးဒုက္ခသည်များအတွက် ပို၍အခက်ကြုံစေသည်။ လက်ဆုပ်လက်ကိုင် ပြနိုင်သည့်အလုပ်မျိုးကို လုပ်ကိုင်နေကြသူများမဟုတ်သည့်အတွက် အလုပ်အကိုင်မှာလည်း ပုံမှန်ဟူ၍မရှိပေ။

ပန်းရံ၊ သန့်ရှင်းရေး၊ လမ်းတူးလမ်းဖောက် စသည့်အလုပ်များကို အလုပ်ရှင်များမှ လိုအပ်၍ခေါ်လာသည့် အချိန်မှသာ လုပ်ကိုင်ကြရသည်။ ထိုသို့လုပ်ကိုင်ရာတွင်လည်း တစ်နေ့တွင် အများဆုံးငွေ ၈၀၀၀ ကျပ်အထိ ရရှိကြသည်။ သို့သော် တစ်လလျှင် သုံးလေးကြိမ်ခန့်သာ လုပ်ကိုင်ရကြရသည့်အတွက် မိသားစုစားဝတ်နေရေးကို မဖြေရှင်းနိုင်ကြပေ။ စစ်ဘေးဒုက္ခသည်စခန်းတွင် အလုပ်အကိုင်မရှိဘဲ အခက်အခဲများစွာဖြင့် ကြုံတွေ့နေရသည်ဟု ဦးမောင်အေးကျော်ကပြောသည်။

“ကျနော်တို့ဒုက္ခသည်တွေက အပြင်မှာလည်း အလုပ်အကိုင်ရှားပါတယ်။ မြို့တွင်းကလူတွေတောင် အလုပ်အကိုင်မရတဲ့အချိန်မှာ ကျနော်တို့ကယ်ဆယ်ရေးစခန်းကလူတွေ အပြင်မှာထွက်ပြီး အလုပ်လုပ်ဖို့အတွက်လည်း အဆက်အစပ်မရှိတဲ့အတွက် အလွန်တရာခက်ခဲတယ်”ဟု သူကဆိုသည်။

ဒုက္ခသည်စခန်းကိုမရောက်မီအချိန်က ဦးမောင်အေးကျော်တို့မိသားစုမှာ လယ်ယာလုပ်ငန်း၊ သီးနှံစိုက်ပျိုးရေး လုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။ ငွေကြေးဥစ္စာကြွယ်ဝမှုမရှိသော်လည်း တပိုင်တနိုင်ရှိသည့် လယ်/ယာမြေ၊ ကျွဲ၊နွားတို့ကိုအမှီပြုပြီး လုပ်ကိုင်စားသောက်ကာ စိတ်ချမ်းသာစွာနေထိုင်ခဲ့ရသည့်အချိန်များကို ဦးမောင်အေးကျော်တစ်ယောက် တမ်းတနေသည်။

ယခုအချိန်တွင် ထိုအရာများမှာ စစ်ပွဲ၏ရိုက်ခတ်မှုဒဏ်ကြောင့် ရေစုံမျောသွားခဲ့ပြီဖြစ်သလို ဦးမောင်အေးကျော်မှာလည်း စစ်ပွဲ၏မြေစာပင် ဖြစ်နေရရှာသည်။ ဦးမောင်အေးကျော်တွင် သား၊သမီး (၄)ယောက်ရှိပြီး ကျောင်းနေရမည့်အရွယ်များဖြစ်သည်။

သို့သော် မိဘဆင်းရဲကျပ်တည်းမှုဒဏ်ကို မမြင်နိုင်ရှာသည် အကြီးဆုံးသားမှာ ပညာရှာရမည့်အရွယ် ဖြစ်သော်လည်း မိမိသဘောဖြင့် ကျောင်းထွက်ပြီး အလုပ်လုပ်ကိုင်နေခြင်းကို ခွင့်ပြုပေးထားရသည်ဟု ဦးမောင်အေးကျော်က ညိုးငယ်စွာဖြင့်ပြောပြသည်။

“သားကြီးက မိဘပင်ပန်းဆင်းရဲတာကိုမြင်ပြီး ကျောင်းမတက်နိုင်ခဲ့ဘူး။ သူက ဆယ်တန်းတက်ရမှာဖြစ်တယ်။ မိဘက(ငွေကြေး)လိုက်နိုင်မယ့် အခြေအနေမရှိဆိုတာကိုမြင်ပြီး ကျောင်းမတက်ဘဲနဲ့ အလုပ်လုပ်နေတယ်”ဟု သူကဆိုသည်။

ထိုမျှသာမကသေး အခြေခံပညာစာသင်ကျောင်းတွင် အဋ္ဌမတန်းတက်ရောက်နေသည့် သားလတ်၊ တတိယတန်းတက်နေသည့် သားငယ်နှင့် ဒုတိယတန်းတက်နေသည့် သမီးငယ်တို့၏ ပညာရေးအတွက်လည်း စိန်ခေါ်မှုများရှိလာပြန်သည်။

“ကျနော်တို့ဘဝက သားသမီးတွေကို ကျုရှင်မထားနိုင်ဘူး။ အိမ်မှာပဲ ကိုယ်တက်သလောက်၊ မှတ်သလောက်ကို ကလေးတွေကို သင်ပေးနေရတယ်”ဟု ပြောသည်။

ထိုသို့ ဆင်းရဲဒုက္ခအဖုံဖုံနှင့် စိတ်မွမ်းကျပ်မှုဒဏ်ကို ဦးမောင်အေးကျော်တစ်ယောက်တည်း တွေ့ကြုံခံစားနေ ရခြင်းတော့မဟုတ်ပေ။ ဒုက္ခသည်စခန်းတွင် နှစ်ကြာရှည်စွာဖြင့်ဖြတ်သန်းနေရသည့် ရခိုင်ပြည်တွင်းက စစ်ဘေးဒုက္ခသည်များလည်း ထိုနည်းတူပင်ဖြစ်သည်။

ဤမျှလောက်ဖြင့် စစ်ဘေးဒုက္ခသည်များ၏ အကျပ်အတည်းများမှာ မပြီးဆုံးသွားပေ။ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်းတွင် တဟုန်ထိုးတက်လာသည့် ဒေါ်လာဈေးများ၊ အဆမတန်မြင့်တက်လာသည့် ကုန်ဈေးနှုန်းများကြောင့် စစ်ဘေးဒုက္ခသည်များကို ပို၍အခက်ကြုံကြရသည်။

အကူအညီရရှိမှုနည်းပါးသွားခြင်း၊ အလုပ်အကိုင်မရှိခြင်း စသည့်အခက်အခဲများနှင့် နပန်းလုံးနေရသည့် အချိန်တွင် အဆမတန်မြင့်တက်လာသည့် ဆန်အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများကြောင့်လည်း စစ်ဘေးဒုက္ခသည်များမှာ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်ရသည်။

“အရင်ငါးထောင်ဖိုးစားရင် အခုနှစ်ထောင်ဖိုးလောက် စားနေရတယ်။ အရင်က တစ်နပ်စာကို အခုနှစ်နပ်စာလုပ်ပြီး စားနေရတယ်။ အဲဒီလိုဘဝမျိုးနဲ့ ရှင်သန်နေရတယ်”ဟု ဦးအေးကျော်ကပြောသည်။

အခြေခံစားသောက်ကုန်များဖြစ်သည့် စားအုန်းဆီတစ်ပိဿကို ယခင်က ၈၅၀၀ ကျပ်ရှိခဲ့ရာမှ ယခုအခါ ၁၂၀၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿကို  ယခင်က ၈၀၀ ကျပ်ခန့်ရှိခဲ့ရာမှ ယခုအခါ ၃၀၀၀ ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿကို ယခင်က ၆၀၀၀ ကျပ်ခန့်ရှိခဲ့ရာမှ ယခုအခါ ၆၀၀၀ ကျပ်အထိ မြင့်တက်သွားခြင်းဖြစ်သည်။

အလားတူ ယခင်က ပေါ်ဆန်းမွှေးတစ်အိတ်ကို လေးသောင်းကျပ်ရှိခဲ့ရာမှ ယခုအခါ ခြောက်သောင်းကျော်အထိ မြင့်တက်လာနေသည်။ ရခိုင်ပြည်တွင် ယခုနှစ် ဇွန်၊ ဇူလိုင်လအတွင်းမှစတင်ကာ ကုန်ဈေးနှုန်းများမှာ တဖြည်းဖြည်းမြင့်တက်လာခြင်းဖြစ်ပြီး လက်ရှိအထိ အဆမတန်မြင့်တက်လာနေခြင်းဖြစ်သည်။

ဆင်းရဲဒုက္ခမျိုးစုံကို တွေ့ကြုံခံစားနေရသော စစ်ဘေးဒုက္ခသည်များမှာ ဒုက္ခသည်စခန်းမှနေထိုင်ပြီး အခက်အခဲများကို အောက်အီးသည်းခံကာ ကျော်ဖြတ်ရုံမှအပ အခြားရွေးချယ်စရာလမ်းမရှိကြပေ။ ယခုကဲ့သို့ စစ်ပွဲ၏မြေစာပင်အဖြစ်ဖြင့် ဒုက္ခပင်လယ်ပြင်တွင် နစ်မြုပ်နေရခြင်းကို များစွာဝမ်းနည်မိသည်ဟု ဦးမောင်အေးကျော်ကပြောသည်။

“မိုးလင်းတာနဲ့ သားသမီးတွေက လက်ဖက်ရည်၊ မုန့်တွေတောင်းနေပြီ။ မိဘတွေက မကျွေးနိုင်၊ မမွေးနိုင်ဘူး။ စိတ်အမျိုးမျိုးဆင်းရဲပြီးတော့ ပင်ပန်းမှုတွင်းထဲမှာ နစ်နေရပေမယ့် ကိုယ်က ဒုက္ခသည်ဘဝထဲမှာ နေရတယ်ဆိုတော့ အခက်အခဲမျိုးစုံနဲ့ ရင်ကွဲနာကျပြီးနေရတဲ့ ဘဝမျိုးဖြစ်နေတယ်”ဟု သူကပြောသည်။

မည်သို့ပင်ဆိုစေကာမူ စစ်ပွဲ၏မြေဇာပင်ဘဝမှ လွတ်မြောက်ချင်နေကြသည့် စစ်ဘေးဒုက္ခသည်များ၏ အိမ်ပြန်ခရီးမျှော်လင့်ချက်များမှာ တကျော့ပြန်တိုက်ပွဲပြင်းထန်နေမှုများကြောင့် မရောမရာဖြစ်နေဆဲပင်။

“တစ်ခုခုကို ဆွေးနွေးတာပဲဖြစ်ဖြစ်၊ ညှိနှိုင်းတာပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး ပြေလည်တဲ့အခါမှာ ကျနော်တို့ ကိုယ့်ရပ်ရွာကို ပြန်နိုင်မှာဖြစ်တယ်။ အခုအခြေအနေနဲ့တော့ နေရပ်ပြန်နိုင်ဖို့ လုံးဝအခြေအနေမရှိဘူး”ဟု မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ဦးမောင်အေးကျော်ကပြောသည်။

မင်းထွန်း - ရေးသည်

ဗီဒီယိုများ