ရခိုင်ဒေသတွင် ကုန်ပစ္စည်းများ ပြတ်လပ်လာ

ကုန်သွယ်မှုလမ်းကြောင်းများ ပိတ်ဆို့ခံထားရသော ရခိုင်ဒေသတွင် ကုန်ပစ္စည်းများ ပြတ်လပ်လာပြီး မကြာမီတွင် အခြေခံ စားသောက်ကုန်အပါအဝင် ကုန်ပစ္စည်းများပြတ်တောက်တော့မည် အခြေအနေဖြစ်သည်။ 

By Admin 31 May 2024

ရခိုင်ဒေသတွင် ကုန်ပစ္စည်းများ ပြတ်လပ်လာ

DMG ၊ မေ ၃၁

ကုန်သွယ်မှုလမ်းကြောင်းများ ပိတ်ဆို့ခံထားရသော ရခိုင်ဒေသတွင် ကုန်ပစ္စည်းများ ပြတ်လပ်လာပြီး မကြာမီတွင် အခြေခံ စားသောက်ကုန်အပါအဝင် ကုန်ပစ္စည်းများ ပြတ်တောက်သွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တတိယအကြိမ် တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ ရခိုင်ဒေသသို့ ကုန်စည်စီးဆင်းသည့် ကုန်းလမ်း၊ ရေးလမ်းများကို စစ်ကောင်စီက ပိတ်ဆို့ထားသည်။  

ထိုသို့ ပိတ်ဆို့မှုများကြားမှ ရခိုင်ဒေသခံများမှာ ဒေသတွင်းစားနပ်ရိက္ခာအတွက် ရသည့်နည်းလမ်းများဖြင့် ကုန်ပစ္စည်းများကို ကုန်ကျစရိတ်ကြီးမားစွာဖြင့် သွင်းယူခြင်းများ ရှိနေသည်။

အိန္ဒိယဘက်မှ ပလက်ဝမြို့နယ်သို့ ကုန်ပစ္စည်းတင်သွင်းနေမှုကို ဧပြီလ ဒုတိယအပတ်မှစ၍ အကန့်အသတ်မဲ့ ပိတ်ပင်ခဲ့မှုကြောင့် ပလက်ဝမှတစ်ဆင့် ကုန်သွယ်နေရသည့် ရခိုင်တွင် ကုန်စည်များ ပြတ်လပ်လာခြင်းဖြစ်သည်။ 

“အခုက ရှာမရတဲ့ကုန်ပစ္စည်းတွေ ပိုများလာတယ်။ ဝယ်ချင်တာကို ဝယ်လို့မရတော့ဘူး။ ကုန်ဈေးနှုန်းတွေလည်း တော်တော်လေးပြန်တက်လာတယ်” ဟု ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။

ဟင်းချို့မုန့်၊ ကြက်သွန်ဖြူ၊ စားသုံးဆီ၊ ဆပ်ပြာ၊ ဆေးဝါး စသည့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်လာနေကြောင်း ပြောဆိုကြသည်။ ကုန်ပစ္စည်းပြတ်လပ်မှုကြောင့် စားနပ်ရိက္ခာရှားပါးမှုနှင့်အတူ ကုန်ဈေးနှုန်းများမှာလည်း တဖြည်းဖြည်း မြင့်တက်လာနေသည်။ 

“ပလက်ဝဖက်က ကုန်တွေမဝင်တော့ဘူ။ ပြည်မဘက်ကလည်း လုံးဝမဝင်ဘူး။ ဒီတစ်ရက်နှစ်ရက်အတွင်းမှာပဲ စားကုန်ဈေးတွေ၊ ဓာတ်ဆီဈေးတွေ တရိပ်ရိပ်တက်လာတယ်။ အခုလိုသာဆိုရင် ရှေ့ဆက် ဒုက္ခရောက်ကုန်မှာ” ဟု မြောက်ဦးမြို့နယ်မှ ကုန်သည်တစ်ဦးက ပြောသည်။ 

လက်ရှိတွင် ရခိုင်ဒေသအတွင်း ကြက်သွန်နီ တစ်ပိဿာလျှင် ၁၅,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင်  ၄၀,၀၀၀ ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင် ၅၀,၀၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿလျှင် ၂၀,၀၀၀ ကျပ်၊ ကြက်ဥ တစ်လုံးလျှင် ၁,၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်နေသည်။ 

“အခုက စားကုန်တွေပြတ်တောက်ပြီး ဈေးတအားတက်နေတယ်။ အဲဒီအထဲ ဝင်ငွေလည်းမရှိပြန်ဘူး။ ကုန်တွေ လုံးဝပြတ်တောက်ပြီး ဈေးတအားထိုးတက်သွားမှာကို အများကြီး စိုးရိမ်မိပါတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင် ဒေါ်ကြည်ဌေးက ပြောသည်။ 

ရခိုင်တိုက်ပွဲ ၆ လကျော်အတွင်း ရခိုင်နှင့် ပလက်ဝတွင် နေရပ်စွန့်ခွာသူဦးရေ တစ်သိန်းရှစ်သောင်းကျော်ရှိနေပြီး အရေးပေါ်ကူညီထောက်ပံ့မှုများ လိုအပ်နေသည်။ 

စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသတွင် အလုပ်လက်မဲ့ဦးရေ များပြားလာပြီး အဓိက ငွေကြေးစီးဆင်းနေသည့် ဘဏ်လုပ်ငန်းများလည်း ရပ်တန့်နေသဖြင့် ဒေသခံများမှာ စိန်ခေါ်မှုပေါင်းများစွာကို ကြုံတွေ့နေကြရသည်။

ဗီဒီယိုများ