ရခိုင်မှာ ငွေသားပြတ်လပ်မှုပြဿနာ ဘယ်လိုဖြေရှင်းကြမလဲ
စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိကလုပ်ကိုင်သော ရခိုင်ဒေသမှာ ကုန်သွယ်မှုလမ်းကြောင်း ပိတ်ဆို့ခံထားရ၍ ပြည်တွင်းထွက်ကုန်များအား ပြည်မဖက်သို့ မတင်ပို့နိုင်ဖြစ်နေသဖြင့် စီးပွားရေးအကျဘက်သို့ ဦးတည်နေသည်။
12 Aug 2024
မျိုးသီရိကျော် - ရေးသည်။
ရခိုင်ဒေသတွင် ဘဏ်လုပ်ငန်း ရပ်တန့်နေမှုနှင့်အတူ စစ်ကောင်စီက ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ထား၍ အခြေခံစားသုံးကုန်ပစ္စည်း၊ ဆေးဝါးများရှားပါးမှုအပြင် ငွေသားပြတ်လပ်မှုဒဏ်ကိုပါ ပြည်သူများ ရင်ဆိုင်လာရသည်။
လက်ဝယ် ငွေသားရှားပါးမှုပြဿနာသည် လူတိုင်း နေ့စဉ်ဖြတ်သန်းနေရသော စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့် ကဏ္ဍပေါင်းစုံတို့ကို ကြီးမားသည့် ရိုက်ခတ်မှုဖြစ်စေသည်။
“ရွာမှာ ငွေထုတ်မရလို့ ဒီကိုလာတာ။ အရင်တစ်ခေါက်လည်း မရခဲ့ဘူး။ အခုတစ်ကြိမ်လည်း ငွေသားမရှိဘူးတဲ့” ဟု ဒေါ်ယုယုဌေးက ပြောသည်။
အသက်(၅၆)နှစ်အရွယ် မြောက်ဦးဒေသခံ ဒေါ်ယုယုဌေးမှာ နိုင်ငံခြားရောက် သားဖြစ်သူထံမှ လွှဲလိုက်သည့် ငွေသားတစ်ချို့ကို ထုတ်ယူရန် ကျောက်တော်မြို့သို့ ရောက်နေခြင်းဖြစ်သည်။
အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲမြို့တို့၌ အစိုးရနှင့် ပုဂ္ဂလိက ဘဏ်များအားလုံး ပိတ်သိမ်းထားရသည်။
စစ်ကောင်စီထိန်းချုပ်ထားဆဲနှင့် တိုက်ပွဲဖြစ်ပွားနေဆဲ စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ဂွ၊ မာန်အောင်၊ သံတွဲ၊ မောင်တော မြို့နယ်တို့တွင်လည်း ဘဏ်လုပ်ငန်းများ မလည်ပတ်နိုင်တော့ပေ။
လက်ရှိတွင် ပြည်တွင်း၊ ပြည်ပ ငွေလွှဲများကို အွင်လိုင်းငွေကြေးဝန်ဆောင်မှု KBZ Pay၊ Wave Pay၊ Wave Money တို့ကိုသာ အားကိုးနေရသည်။
“လမ်းခရီးပိတ်ထားတော့ ဘဏ်လုပ်ငန်း မလည်ပတ်တော့ဘူး။ စစ်တွေမှာဆို ရပ်တန့်နေတာ ၆ လလောက်ရှိပြီ။ ဘဏ်ဝန်ထမ်းတွေအကုန်လုံး ရန်ကုန်ကို ပြောင်းသွားကြပြီ” ဟု စစ်တွေမြို့ခံ ဘဏ်ဝန်ထမ်းတစ်ဦးက ပြောသည်။
စီဘီဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်၊ ရိုးမဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ ကမ္ဘာ့ရတနာဘဏ်၊ မြဝတီဘဏ်၊ အင်းဝဘဏ်တို့မှာ ချေးငွေထုတ်ချေးခြင်း၊ ငွေစုထားခြင်း၊ အာမခံ၊ ငွေလွှဲငွေထုတ် လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် ငွေကြေးလည်ပတ်နေသော်လည်း လက်ရှိတွင် လုပ်ငန်းအားလုံး ရပ်တန့်နေသည်။
ယင်းနောက်တွင် ရခိုင်ပြည်အတွင်း ကျန်ရှိခဲ့သည့် လက်ဝယ်ငွေကြေးများဖြင့်သာ ဒေသတွင်း လည်ပတ်နေရခြင်း ဖြစ်သည်။ ငွေသားရှားပါးလာမှုနှင့်အတူ ငွေလွှဲ၊ ငွေထုတ်လုပ်ကိုင်သူများမှာ လုပ်ငန်းလည်ပတ်ရန် ခက်ခဲလာပြီး၊ ငွေထုတ်ခ နှုန်းထားမှာလည်း ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။
တိုက်ပွဲမဖြစ်ခင်က ငွေကျပ် တစ်သိန်းထုတ်လျှင် ၁ ရာခိုင်နှုန်းဖြင့် လိုသလောက် ထုတ်နိုင်ခဲ့သော်လည်း လက်ရှိမှာ ငွေကျပ်တစ်သိန်းထုတ်လျှင် ငွေကျပ် တစ်သောင်းခွဲနှင့်အထက်ကို ငွေထုတ်ခအဖြစ် ပေးဆောင်နေရသည်။
“ငွေတစ်သိန်းထုတ်တာမှာ ရှစ်သောင်းခွဲပဲ လက်ထဲကိုရောက်တယ်။ လိုသလောက် ငွေထုတ်မရတဲ့အထဲ ကုန်ဈေးနှုန်းကိုလည်း လိုက်မမီတော့ဘူး” ဟု ကျောက်တော်ဒေသခံ ဒေါ်ဖြူဖြူထွေးက ပြောသည်။
ဒေါ်ဖြူဖြူထွေးမှာ မလေးရှားရောက် ခင်ပွန်းဖြစ်သူလွှဲထားသော ငွေသိန်း ၂၀ ကို ထုတ်ရန် စောင့်ဆိုင်းနေသည်မှာ အချိန်တစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း ဆိုသည်။
လက်ရှိ ပေါက်ဈေးအရဆိုလျှင် ငွေကျပ်တစ်သိန်းကို ၁၅ ရာခိုင်နှုန်းဖြစ်၍ ၁၀ သိန်းဆိုလျှင် တစ်သိန်းခွဲ၊ ငွေကျပ် သိန်းတစ်ရာဆိုလျှင် ၁၅ သိန်း၊ သိန်းတစ်ထောင် သိန်း ၁၅၀ စသည်ဖြင့် ဖြတ်တောက်ခြင်းကို ခံနေရသည်။
အဆိုပါ ဝန်ဆောင်ခကို ငွေလွှဲ/ငွေထုတ်ဆိုင်များက အလုံးစုံရရှိသည်မဟုတ်ပေ။ ၎င်းတို့လိုအပ်သော ငွေသားများကို တခြားငွေကြေးလက်ဝယ်ရှိသူများထံမှ ဈေးကြီးပေးဝယ်ကာ တစ်ဆင့်ခံ ဝန်ဆောင်မှုပေးနေရခြင်း ဖြစ်သည်။
ငွေလွှဲငွေထုတ်လုပ်ငန်းလုပ်ကိုင်သူ ကျောက်တော်ဒေသခံ ဒေါ်မဖြူက “ငွေလွှဲငွေထုတ်လုပ်တဲ့ ဆိုင်တွေက မဖွင့်ကြတော့ဘူး။ အဓိက အင်တာနက်လိုင်းမရတာနဲ့ ငွေသားက လုံးဝရှာမရတာ။ ဘဏ်တွေ မလည်ပတ်တော့ ပိုဆိုးတယ်။ တချို့စီးပွားရေးသမားတွေကလည်း လက်ထဲရှိတဲ့ငွေကို မထုတ်ကြတော့ဘူး” ဟု ပြောသည်။
ငွေသားထုတ်ခ ဈေးကြီးခြင်း၊ လိုသလောက်ထုတ်၍မရခြင်း အခက်ခဲများကြောင့် အခြေခံလက်လုပ်လက်စားများ ပိုပြီးနစ်နာသည်။ အလုပ်အကိုင်ရှားပါးသည့် ရခိုင်ဒေသ ကျေးလက်နေသူအများစုမှာ နိုင်ငံခြားဝင်ငွေကို မှီခိုကာ စားသောက်နေရခြင်းဖြစ်သည်။
“သားကလွှဲတဲ့ငွေနဲ့ပဲ အကုန်လုံးဖြေရှင်းနေရတာ။ ခင်ပွန်းကလည်း ကျန်းမာရေးမကောင်းဘူး။ ဒီအတိုင်းဆိုရင် နောက်လတွေမှာ ဘာတွေဖြစ်လာလဲ မသိတော့ဘူး” ဟု ဒေါ်ယုယုဌေးက ပြောသည်။
ငွေကြေးထုတ်မရသည့်ပြဿနာကြောင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်များနှင့် ကုန်သည်များမှာလည်း စီးပွားရေးလည်ပတ်ရန် ခက်ခဲလာကြောင်း ပြောကြသည်။
မြောက်ဦးမြို့က ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်လှဌေးက “လုပ်ရင်းနဲ့ပဲ လုပ်ငန်းက တစ်စတစ်စ ဆုတ်ယုတ်လာတယ်။ အရင်လို နယ်ဘက်က ဆိုင်ရှင်တွေကိုလည်း ပစ္စည်းမချပေးနိုင်တော့သလို ကျမတို့မှာ ပစ္စည်းမှာယူဖို့အတွက်လည်း အများကြီး ခက်ခဲသွားတယ်” ဟု ဆိုသည်။
ယင်းအပြင် ဒေသဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာမှုလုပ်ငန်း လုပ်ကိုင်နေသည့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများ၊ ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းများမှာလည်း ငွေထုတ်မရသည့်အတွက် လုပ်ငန်းရပ်တန့်နေမှုများ ရှိလာသည်။
ငွေသားထုတ်မရသဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရန် အချိန်နှောင့်နည်းရသည့်အပြင် စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ရေးအတွက် အခက်အခဲရှိနေကြောင်း ပြောကြသည်။
ရခိုင်အရပ်ဖက်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက “ငွေထုတ်လို့မရတာကြောင့် အလုပ်တွေနှောင့်နည်းနေသလို ရပ်ဆိုင်းထားရတာလည်း ရှိတယ်။ ဒီလအတွင်း စစ်ဘေးရှောင်တွေကို ငွေသားထောက်ပံ့မယ့်ကိစ္စ အကောင်အထည် မဖော်နိုင်သေးဘူး”ဟု ပြောသည်။
ငွေသားရှားပါးမှုပြဿနာသည် ရေရှည်တွင် စိုးရိမ်စရာဖြစ်လာနိုင်၍ ULA/AA အနေဖြင့် ငွေကြေးနှင့်ပတ်သက်၍ အမြန်ဆုံး ဖြေရှင်းပေးရန် ဒေသခံများက မျှော်လင့်နေကြသည်။
စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိကလုပ်ကိုင်သော ရခိုင်ဒေသမှာ ကုန်သွယ်မှုလမ်းကြောင်း ပိတ်ဆို့ခံထားရ၍ ပြည်တွင်းထွက်ကုန်များအား ပြည်မဖက်သို့ မတင်ပို့နိုင်ဖြစ်နေသဖြင့် စီးပွားရေးအကျဘက်သို့ ဦးတည်နေသည်။ လက်ရှိမှာ ရခိုင်ဒေသတွင်း အသုံးပြုရန် ကုန်ပစ္စည်းများကို ခက်ခဲသည့်လမ်းကြောင်းတစ်ချို့မှ တင်သွင်းနေရပြီး ပြည်တွင်း လက်ကျန်ငွေများမှာ တဖြည်းဖြည်း နည်းပါးလာသည်။
ကျောက်တော်မြို့မှ ကုန်သည် ဦးသောင်းထွန်းက “ရခိုင်ပြည်တွင်းရှိသမျှငွေတွေ အကုန်လုံးဟာ အထွက်ပဲရှိတယ်။ ငွေအဝင် လုံးဝမရှိတော့ ဒီထက်ပိုပြီးတော့ ငွေသားရှားလာမယ်” ဟု ပြောသည်။
AA အနေဖြင့် ရခိုင်နှင့်ထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ နယ်စပ်အားလုံးကို သိမ်းပိုက်နိုင်ခဲ့ပါက တာကာငွေနှင့် ရူပီးငွေ တို့ကိုလည်း အစားထိုးအသုံးပြုသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အကြံပြုသည်။
“ကြားကာလအနေထားမှာ ငွေကြေးလည်ပတ်မှုက ခက်ခဲတယ်။ ဒါကို မဖြေရှင်းနိုင်ဘူးဆိုရင် ရေရှည်အတွက် စိုးရိမ်စရာ ဖြစ်တယ်။ ဒီအချိန်မှာ AA ဘက်ကလည်း ကျပ်ငွေရဖို့ ပြည်မနဲ့ချိတ်ဆက်မှု ခက်ခဲနိုင်တယ်။ ဒါကြောင့် အနီးစပ်ဆုံးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ ငွေတွေကို ရခိုင်ဒေသမှာ အသုံးပြုလာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းမှာ ငွေမရှိဘဲ ဒေသတစ်ခုအနေနဲ့ အဆင်ပြေဖို့ မဖြစ်နိုင်ဘူး” ဟု ပြောသည်။
ယင်းအပြင် AA သည် ရခိုင်ဒေသတစ်လုံးအား အလုံးစုံထိန်းချုပ်နိုင်ပါက ‘မည်သည့်ငွေကြေးကို အသုံးပြုမည်’ ဆိုသည်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ယင်းပုဂ္ဂိုလ်က ဆိုသည်။
လက်ရှိကြုံနေရသည့် ငွေကြေးဂယက်နှင့်ပတ်သက်ပြီး AA က ဟောင်းနွမ်းငွေသားများကို လက်ခံအသုံးပြုကြရန် ညွှန်ကြားထားပြီး ရှေ့ဆက်မည်သို့ အစီအမံများ ချမှတ်လုပ်ဆောင်သွားမည်ကို စောင့်ကြည့်ရမည် ဖြစ်ပေသည်။