သံတွဲတွင် ဘဏ်လုပ်ငန်းရပ်တန့်နေ၍ ငွေသားရရှိရန် ခက်ခဲလာ

စစ်ရေးပြင်းထန်နေသော ရခိုင်ပြည်၊ သံတွဲဒေသတွင် ယခုလဆန်းကပိုင်းမှစ၍ ဘဏ်လုပ်ငန်းများ လည်ပတ်မှုမရှိတော့သဖြင့် ငွေသားထုတ်ယူရာတွင် အခက်အခဲများကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 17 Jun 2024

ကမ္ဘောဇဘဏ်လီမီတက်၏ သံတွဲဘဏ်ခွဲအား စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - အင်တာနက်)
ကမ္ဘောဇဘဏ်လီမီတက်၏ သံတွဲဘဏ်ခွဲအား စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - အင်တာနက်)

DMG ၊ ဇွန် ၁၇

စစ်ရေးပြင်းထန်နေသော ရခိုင်ပြည်၊ သံတွဲဒေသတွင် ယခုလဆန်းကပိုင်းမှစ၍ ဘဏ်လုပ်ငန်းများ လည်ပတ်မှုမရှိတော့သဖြင့် ငွေသားထုတ်ယူရာတွင် အခက်အခဲများကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအပြင် ဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်နေသော Wave Pay၊ KBZ Pay စသည့် Online ငွေကြေးလည်ပတ်မှု စနစ်များလည်း ရပ်တန့်နေသဖြင့် ငွေသားရရှိရန် ပိုခက်ခဲလာကြောင်း ဆိုသည်။ 

“ငွေလွှဲ၊ ငွေထုတ်လုပ်တဲ့ဆိုင်တွေလည်း မဖွင့်ကြတော့ဘူး။ တမြို့လုံးမှာ တစ်ဆိုင်နှစ်ဆိုင်လောက်ပဲ ရှိတော့တယ်။ ငွေက လိုသလောက် ထုတ်လို့မရတော့ဘူး။ ငွေထုတ်ခနှုန်းလည်း တစ်သိန်းကို ၅ ရာခိုင်နှုန်းထိ ပေးရတယ်” ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။ 

ဘဏ်လုပ်ငန်းများ ရပ်တန့်နေခြင်းကြောင့် ငွေသားပြတ်လပ်ကာ ငွေကြေးစီးဆင်းမှု မရှိတော့၍ ဒေသခံများ၏ လူမှုစီးပွားဘဝမှာ ထိခိုက်မှုများဖြစ်ပေါ်နေသည်။ 

လက်ရှိတွင် သံတွဲမြို့သို့ ကုန်စည်ဝင်ရောက်မှု မရှိတော့၍ စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်နေပြီး ကျန်ရှိနေသည့် ကုန်ပစ္စည်းများမှာလည်း ဈေးနှုန်းအဆမတန် မြင့်တက်နေသည်။ 

“တိုက်ပွဲဖြစ်နေတော့ မြို့ကထွက်ခွာဖို့ အခက်အခဲရှိတယ်။ စားနပ်ရိက္ခာကလည်း နည်းလာတယ်။ ဒီအတိုင်းဆို မကြာခင် အကုန်လုံးငတ်ပြတ်ပြီး ဒုက္ခရောက်နိုင်တယ်” ဟု သံတွဲမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် သံတွဲမြို့ပေါ်နေလူထု သုံးပုံနှစ်ပုံမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသော်လည်း ကျန်တစ်ပုံမှာ လမ်းခရီးသွားမှုကန့်သတ်ချက်၊ မြို့အနီးတိုက်ပွဲပြင်းထန်မှုနှင့် ငွေကြေးအခက်အခဲ စသည်တို့ကြောင့် မြို့ပေါ်၌ ပိတ်မိနေကြသည်။ 

စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းခရီးသွားလာမှု ပိတ်ဆို့ထား၍ သံတွဲမြို့နယ်တွင် ကုန်စည်စီးဆင်းမှု မရှိတော့၍ နေရပ်စွန့်ခွာ ထွက်ပြေးနေသူများမှာလည်း စားနပ်ရိက္ခာအခက်အခဲကို ရင်ဆိုင်နေကြရသည်။  

“ကုန်စည်နဲ့ ဆေးဝါးစီးဆင်းမှုက လုံးဝ မရှိတော့ဘူး။ အရင်ကကျန်နေတဲ့ ကုန်စည်လောက်ပဲရှိတော့တာ။ ဒါပေမဲ့ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတော့တဲ့ အခြေအနေတွေဖြစ်လာပြီ။ ဒီအတိုင်းဆို မိုးတွင်းမှာ စားသောက်ဖို့အတွက် တော်တော်လေးကို အခက်ခဲတွေရှိလာနိုင်တယ်” ဟု စစ်ရှောင်အရေးကူညီနေသူ သံတွဲဒေသခံတစ်ဦးက ပြောသည်။ 

သံတွဲမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ ၁၃ ရက်မှစ၍ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ လကျော်ကြာမြင့်လာပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်။ 

ဗီဒီယိုများ